Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7258 articles
Browse latest View live

“ဗီလိန် ကာရိုက်တာတွေ ရိုက်ဖို့ ပြောကြပေမယ့် မရိုက်ဖြစ်ဘူး”လို့ အောင်မြင့်မြတ် ပြော

$
0
0

“ဥပါယ်တံမျဉ်”ရုပ်ရှင်မှာ ဗီလိန် ကာရိုက်တာ သိန်းစိုးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ် အားပေးမှု အထူး ရရှိခဲ့တဲ့ သရုပ်ဆောင် အောင်မြင့်မြတ်ကတော့ ဗီလိန် ကာရိုက်တာ လာရိုက်ဖို့ ပြောကြပေမယ့် မရိုက်ဖြစ်ဘူးလို့ ပြောပါတယ်။

“ကျနော့်ကို ‘ဥပါယ်တံမျဉ်’ ပြီးကတည်းက ကမ်းလှမ်းတဲ့ ဇာတ်ရုပ်တွေကတော့ အများကြီးပဲ။ ဗီလိန်က ပိုများတယ်။ မရိုက်ဖြစ်တာတွေ အများကြီးပါ။ ကျနော်နဲ့ အဆင်မပြေတာတွေ၊ ကျနော်လုပ်ဖို့ ယုံကြည်ချက် မရှိတာတွေ၊ ကျနော် မလုပ်နိုင်ဘူး ထင်တာတွေ မလုပ်ဖြစ်ဘူး။ ဗီလိန် ဇာတ်ရုပ်နဲ့ ပရိသတ် သိတယ် ဆိုပေမယ့် အမြဲ အဲ့လို ကာရိုက်တာ မလုပ်ချင်ဘူးလေနော်။ ဒါပေမဲ့ ဗီလိန် ကာရိုက်တာ ရိုက်ချင်တဲ့အချိန် ပေါ်လာရင်တော့ ပြန်ရိုက်မှာပါ”လို့ အောင်မြင့်မြတ်က ပြောပါတယ်။

ဆက်လက်ပြီး အောင်မြင့်မြတ်က Golden Hour ရုပ်ရှင် ထုတ်လုပ်ရေးနဲ့အတူ စာရေးဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးမယ့် ဇာတ်ကားတွေမှာ ပါဝင်မယ့်အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။

“မင်းသိင်္ခ ဝတ္ထုကို ရိုက်မယ့်ကားက Pre သဘော Metting တွေ ခဏ ခဏ လုပ်နေရတယ်။ နောက်နှစ်ဆန်းပိုင်းလောက်တော့ ရိုက်ဖြစ်မယ် ထင်တယ်။ တော်တော်တော့ ပြင်ဆင်နေကြတယ်။ ဇာတ်ညွှန်းတော့ စခွဲနေပြီ၊ ၈ လပိုင်းမှာ ရိုက်မယ့် ဇာတ်ကား ၁ ကား ရှိတယ်။ အဲ့ကားမှာ ကျနော် ခေါင်းဆောင်နေရာက ရိုက်ရမှာ။ ကျနော့်ကို သိန်းစိုးလို့ပဲ မြင်နေကြတော့ နောက်ကားတွေမှာ ကာရိုက်တာ အပြောင်းအလဲတွေ ဖြစ်သွားမှာပါ”လို့ အောင်မြင့်မြတ်က ဆိုပါတယ်။

အောင်မြင့်မြတ်ကတော့ သူ ခံယူထားတဲ့ အနုပညာရှင် တယောက်ဆိုတာ ကာရိုက်တာပေါင်းစုံ လုပ်တတ်စရာ မလိုဘူးလို့လည်း ပြောပါတယ်။

“အနုပညာရှင် တယောက်က ကာရိုက်တာပေါင်းစုံ လုပ်တတ်စရာ မလိုဘူး။ သူ့မှာလည်း သူ အားသန်တာ ရှိမယ်၊ သူ သွားချင်တဲ့လိုင်း ရှိမယ်။ လူတယောက်က အများကြီး မလုပ်နိုင်ဘူး။ အများကြီး လုပ်နိုင်တဲ့သူ ရှိတယ်။ ဒါပေမဲ့ ရှားတယ်။ သူတို့တွေကလည်း ငါ အများကြီး လုပ်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူး။ လုပ်ရင်း လုပ်ရင်း သူ့ခံယူချက်နဲ့ အနုပညာ အားကောင်းမှုနဲ့ တဖြည်းဖြည်း အများကြီး ဖြစ်သွားတာ”

“ကိုနေတိုးဆိုရင် ဘက်ပေါင်းစုံ လုပ်နိုင်တယ်။ ကျနော် ကိုယ်တိုင်လည်း အများကြီး လုပ်မယ်လို့ မစဉ်းစားဖြစ်ဘူး။ တချိန်ကျရင် အသက်အရွယ် အပိုင်းအခြား တခုအရ၊ အတွေ့အကြုံအရ ရိုက်ချင်တာလည်း ရှိရင် ရှိမှာပေါ့”လို့ အောင်မြင့်မြတ်က ပြောပါတယ်။

သရုပ်ဆောင် အောင်မြင့်မြတ်ကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားမှာ သိန်းစိုးအဖြစ် ဗီလိန် နေရာက သရုပ်ဆောင်ခဲ့ပြီး “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု” နေရာ အကယ်ဒမီ ဆန်ခါတင်စာရင်း ဝင်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ် အကယ်ဒမီ ပေးပွဲမှာတော့ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ပါတယ်။

You may also like these stories:

“နာရီ ၁၁၀ က စစ်ကား မဟုတ်ပါဘူး”လို့ အောင်မြင့်မြတ် ပြော

ဟောင်ကောင်မင်းသား Louis Koo နဲ့ တွဲသရုပ်ဆောင်ရတဲ့ ခံစားချက်ပြောပြတဲ့ အောင်မြင့်မြတ်

“နောက် ၁ နှစ်၊ ၂ နှစ်အတွင်း မြန်မာရုပ်ရှင်ကားတွေ အိမ်နီးချင်းနိုင်ငံကို ဈေးကွက်ဝင်ကြမယ်”

“ကျနော်နဲ့ ပြောဆိုလို့ အဆင်ပြေတဲ့သူတွေနဲ့ပဲ အလုပ်တွဲလုပ်နေတယ်” ဆိုတဲ့ အောင်မြင့်မြတ်

The post “ဗီလိန် ကာရိုက်တာတွေ ရိုက်ဖို့ ပြောကြပေမယ့် မရိုက်ဖြစ်ဘူး”လို့ အောင်မြင့်မြတ် ပြော appeared first on ဧရာဝတီ.


စကားနည်းတာကြောင့် မာနကြီးတယ်လို့ ထင်ခံရကြောင်း ပြောတဲ့ အိချောပို

$
0
0

ပရိသတ်တွေက ချစ်စနိုးနဲ့ “စူစူ”လို့ ခေါ်ကြတဲ့ သရုပ်ဆောင် အိချောပိုကတော့ ပရိသတ်အချို့ဟာ သူ့ကို မာနကြီးတယ်လို့ ထင်ကြပြီး တကယ်တော့ မာနကြီးတာ မဟုတ်ဘဲ စကားနည်းတဲ့ အကျင့်ကြောင့်လို့ ပြောပါတယ်။

“အိချောကို ပရိသတ်တွေက မာနကြီးတယ်လို ထင်ကြတယ်။ အမှန်က အဲ့လို မဟုတ်ဘူး။ စကားလည်း နည်းတယ်။ အဓိကက ကိုယ်က စခေါ်တယ်။ အနုပညာလောကက လူတွေဆိုလည်း ကိုယ်က စခေါ်တယ်။ တခါတလေကျတော့လည်း ကိုယ့်ကို ခေါ်ချင်လား မသိ၊ မခေါ်ချင်လား မသိဆိုတဲ့ စိတ်တွေ ဝင်ပြီး ကြောက်နေတယ်။ အမှန်တော့ စူက မချေတတ်ပါဘူး”

“တော်တော်များများက မင်းသမီး မဟုတ်တဲ့ မင်းသမီးလို့ ပြောတယ်။ အစက ဘာပြောမှန်း မသိဘူး။ နောက်ကျတော့မှ မင်းသမီးလို ချေပြီး မနေဘူးဆိုတာကို ပြောချင်ကြတာပေါ့။ စူ ကိုယ်တိုင်က ချေပြီး တချို့ နေရာတွေမှာ နေသင့်ပါတယ်။ စူကတော့ လူတိုင်းကို အကောင်းဆုံးဖြစ်အောင်ပဲ ပေါင်းသင်း ဆက်ဆံပါတယ်” လို့ အိချောပိုက ပြောပါတယ်။

အိချောပိုကတော့ လတ်တလောမှာ Bo Bo Film Production နဲ့အတူ “ခေါ်သံ”ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ဖို့ရှိပြီး ပရိသတ်တွေ မမြင်ဖူးတဲ့ ကာရိုက်တာတွေလည်း သရုပ်ဆောင်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“ခေါ်သံ ဇာတ်ကားလေး ရိုက်ဖို့ရှိတယ်။ အဲ့ကားပြီးရင်လည်း ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ထူးထူးဆန်းဆန်း ကာရိုက်တာလေး လာကမ်းလှမ်းထားတယ်။ ရိုက်မယ့်ရက် အတိအကျ သိရရင်လည်း ပြောပြမှာပါ။ အဲ့ ကာရိုက်တာလေးက စူ့အတွက် အရမ်းထူးခြားတယ်။ တကယ့် ဖြစ်ရပ်မှန်ကို ရိုက်တဲ့ ဇာတ်လို့ပြောရမှာပေါ့” လို့ အိချောပိုက ဆိုပါတယ်။

အသားအရေ၊ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးလည်း ထိန်းသိမ်းပြင်ဆင်နေတဲ့ အိချောပိုက အမှားအယွင်း ရှိရင်လည်း နားလည် ဖြည့်စွက်ကြည့်ပေးပါလို့ ပရိသတ်တွေကို ပြောပါတယ်။

“အသားအရေ ကြည်လာလို့ ပြောကြတယ်။ ခေတ်နဲ့ လိုက်အောင်တော့ လုပ်ရတာပေါ့။ မိတ်ကပ်ကို ပါးပါး ကြည်ကြည်လေးတွေ လိမ်းတယ်။ အရင်တုန်းကလည်း သိပ်တာလေးတွေ လိမ်းဖြစ်တာပေါ့။ အဓိကကအသားအရေ ပါးတဲ့အတွက် နယ်တွေသွားရင် အဖုတွေ ထွက်လာတတ်တယ်။ အဲ့အတွက် မထွက်အောင် အစားအသောက်တွေ စားတာလည်း ဆင်ခြင်ရတယ်။ ဖုန်တွေထိရင်လည်း ချက်ချင်း မျက်နှာသစ်ရတယ်”

“ဖက်ရှင်နဲ့ ပတ်သက်ပြီးလည်း ပြင်ဆင်နေရတာပေါ့။ တခါတလေတော့လည်း အမှားအယွင်းတော့ ရှိမှာပေါ့။ အဲ့ဒါကို ပရိသတ် အမြင်မှာ ကိုးလိုးကန့်လန့် ဖြစ်နေရင် အပြောခံရမှာပေါ့။ ကိုးလိုးကန့်လန့် မဖြစ်ရင်တော့ အချစ်ခံရမှာပေါ့။ ပရိသတ်တွေ အတွက်လည် ကြိုးစာနေပါတယ်။ အမှားအယွင်းတွေလည်း ရှိနိုင်ပါတယ်။ အဲ့ကျရင် နားလည် ဖြည့်စွက်ပြီး ကြည့်ပေးကြပါ”လို့ အိချောပိုက ပြောပါတယ်။

သရုပ်ဆောင် အိချောပိုဟာ အနုပညာပျိုးခင်းမှ စင်တင်ပေးခဲ့တဲ့ မင်းသမီး တလက် ဖြစ်ပြီး လက်ရှိမှာ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်။ အိချောပိုက ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများမှာလည်း ပါဝင် သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။

You May Also Like These Stories:

ရေကူးဝတ်စုံ ဝတ်ပြီး ရိုက်ခဲ့တဲ့ ရုပ်ရှင်အကြောင်း ပြောတဲ့ သရုပ်ဆောင် အိချောပို

ဟာသကားရိုက်ရရင် ပျော်တဲ့ သရုပ်ဆောင် အိချောပို

ကိုယ်လုပ်တဲ့ အလုပ်တခုကို ပရိသတ်ရင်ထဲ ကျန်နေခဲ့စေချင်တဲ့ အိချောပို

The post စကားနည်းတာကြောင့် မာနကြီးတယ်လို့ ထင်ခံရကြောင်း ပြောတဲ့ အိချောပို appeared first on ဧရာဝတီ.

ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေအောက်ကြမ်းပြင် သန့်ရှင်းရေး စတင်

$
0
0

သဘာဝပတ်ဝန်းကျင်ရဲ့ အခြေအနေဟာ လူ့အသုံးအဆောင် ပစ္စည်းတွေနဲ့ စက်ရုံတွေကနေ ထုတ်လွှတ်လိုက်တဲ့ အညစ်အကြေးတွေကြောင့် စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေပြီး ပလတ်စတစ်နဲ့ အခြား စွန့်ပစ်အရာဝတ္ထုတွေကြောင့် ကုန်းနေရေနေ သတ္တဝါတွေရဲ့ အသက်ရှင်နေထိုင်မှုကို ထိခိုက်စေတယ်လို့ သိရပါတယ်။

ဆိုးရွားလာတဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေကို ပြန်လည် ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့အတွက် ဇွန်လ ၉ ရက်နေ့ကတည်းက စတင်ပြီး ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာကို သန့်ရှင်းရေး စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အခုလုပ်ငန်းစဉ်မှာတော့ ကုမ္ပဏီပေါင်းများစွာ ပါဝင်လာပြီး သမုဒ္ဒရာ အောက်ခြေအထိ ရောက်ရှိနေတဲ့ အမှိုက်တွေကို ဆယ်ယူဖို့ သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်သူ Volunteer တွေကပါ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စစ်တမ်းတွေအရ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေရဲ့ အလေးချိန်ဟာ တနှစ်ကို ပျမ်းမျှ တန်ပေါင်း ၃၀၀ မီလီယံကျော် ရှိပြီး အချိန်အနည်းငယ်အတွင်းမှာ အသုံးပြုပြီး စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်ပစ္စည်းတွေဟာ ပျက်စီးဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။

အဲဒီ စွန့်ပစ် ပလတ်စတစ် ပစ္စည်းတွေထဲကမှ ၈ မီလီယံဟာ သမုဒ္ဒရာထဲမှာ နစ်မြုပ်သွားကြတာဖြစ်ပြီး ၃၃ ရာခိုင်နှုန်းသော ရေနေသတ္တဝါတွေရဲ့ အသက်ရှင်နေထိုင်မှုကို ထိခိုက်စေနိုင်တဲ့အပြင် ၉၀ ရာခိုင်နှုန်းသော ပင်လယ်ပျော် ငှက်တွေရဲ့ အစာအိမ်ထဲကိုပါ ရောက်ရှိကုန်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာထက် ပလတ်စတစ် သုံးစွဲမှုဟာ သိသိသာသာ မြင့်တက်နေပြီး ၁ မိနစ်မှာ ပျမ်းမျှ ပလတ်စတစ် အိတ်ပေါင်း ၁ သန်းကို အသုံးပြုနေတယ်လို့ သိရပါတယ်။

ပစိဖိတ်သမုဒ္ဒရာဟာ ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာဖြစ်တာနဲ့အညီ အောက်ခြေအထိ နစ်မြုပ်နေတဲ့ အမှိုက်တွေရဲ့ ဧရိယာဟာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ တက္ကဆက်ပြည်နယ်ရဲ့ ၂ ဆခန့် ရှိနေပြီး ဒီဧရိယာထဲမှာ ပလတ်စတစ်ပေါင်း အနည်းဆုံး ပမာဏ ၁ ဒဿမ ၈ ထွီလီယံ ကနေ ၃ ဒဿမ ၆ ထွီလီယံ အထိ အမြင့်ဆုံးရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဒီ သမုဒ္ဒရာရေအောက် ကြမ်းပြင် သန့်ရှင်းရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ The Ocean Cleanup အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Boyan Slat ကတော့ သမုဒ္ဒရာ ကြမ်းပြင်ကို အဆင့်မြင့်နည်းပညာတွေ အကူအညီနဲ့ ရှင်းလင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ပင်လယ်ရေအောက်မှာ နေထိုင်တဲ့ ရေနေသတ္တဝါတွေကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Ref. www.healthyfoodhouse.com

You May Also Like These Stories:

တကမ္ဘာလုံး သန့်ရှင်းရေးအတွက် Iron Man မင်းသား ပြုလုပ်မယ့် ၁၀ နှစ်တာ စီမံကိန်း

ရေငုပ်သမား ၆၃၃ ဦးနဲ့ စံချိန်တင် ရေအောက် သန့်ရှင်းရေးပြုလုပ်

The post ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေအောက်ကြမ်းပြင် သန့်ရှင်းရေး စတင် appeared first on ဧရာဝတီ.

မီဒီယာကုမ္ပဏီ ထူထောင်လိုက်တဲ့ ဒေးဗစ်ဘက်ခမ်း

$
0
0

ကမ္ဘာ့နာမည်အကျော်ကြားဆုံး ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ အခုတော့ ဟောလိဝုဒ်ဘက် ကို ခြေဦးလှည့်ဖို့ ကြံဆောင်နေပြီဖြစ်ပါတယ်။

ဘက်ခမ်းရဲ့ အသစ်တည်ထောင်ထားတဲ့ Studio 99 ဟာဆိုရင် မှတ်တမ်းရုပ်ရှင်တွေ၊ ရုပ်သံအစီအစဉ်တွေနဲ့ အခြားဖျော်ဖြေရေးကဏ္ဍတွေကို ဖန်တီးသွားမှာဖြစ်ပြီး ကုန်ပစ္စည်း ကြော်ငြာရှင်တွေအတွက် ဖန်တီးမှုဆိုင်ရာ အေဂျင်စီတခုအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ စတူဒီယိုဟာ ဘက်ခမ်းပါဝင်မယ့် မှတ်တမ်းရုပ်ရှင်အစီအစဉ်တွေ အပါအဝင် အားကစား၊ ဖက်ရှင်နဲ့ ခရီးသွားအစီအစဉ်တွေကို စတင်ဖန်တီးနေပြီလို့ သိရပါတယ်။

အင်္ဂလန်အသင်းကပ္ပတိန်ဟောင်း ဘက်ခမ်းဟာ NBA စူပါစတား LeBron James နဲ့ Stephen Curry ၊ NFL စတား Russell Wilson နဲ့ New York Yankee အသင်းသားဟောင်း Derek Jeter တို့လိုပဲ မီဒီယာတွေ ထောင်လာကြတဲ့ အားကစားသမားတွေရဲ့ ခြေရာအတိုင်းလိုက်လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

လောလောဆယ်တော့ Studio 99 ဟာ LeBron James နဲ့ စီးပွားရေးမိတ်ဖက် Maverick Carter တို့ ပူးတွဲ ထူထောင်ထားတဲ့ မီဒီယာကုမ္ပဏီ Uninterrupted နဲ့လည်း လုပ်ငန်းတွေ လုပ်ဆောင်ဖို့ သဘောတူညီချက် ရယူထားပါတယ်။

အဲ့ဒီသဘောတူညီချက်အောက်မှာ ကုမ္ပဏီတွေဟာ ၂၀၂၀ ပြည့်နှစ်၊ နွေဦးကာလမှာ စတင်ပြသဖို့ ရည်ရွယ်ထားတဲ့ မှတ်တမ်းရုပ်ရှင်တွေကို ပူးတွဲ ထုတ်လုပ်သွားကြမှာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကြာ အားကစားလောကမှာ ကျင်လည်ခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ ပရောဖက်ရှင်နယ် ဘောလုံးသမားအဖြစ်ကနေ အနားယူခဲ့ပြီးတော့ ကိုယ်ပိုင်လွတ်လပ်တဲ့ စီမံခန့်ခွဲရေး ကုမ္ပဏီတခုကို ထူထောင်ခဲ့ပါတယ်။

အခုလိုမျိုး ကုမ္ပဏီရဲ့ ပရောဂျက်တွေမှာ မိတ်ဖက်တွေနဲ့ ပေါင်းစပ်ပြီး အချက်အလက်တွေ ဖန်တီးထုတ်လုပ်သွားမှာ ဖြစ်တဲ့အပြင် ဒါဟာလည်း စတူဒီယိုအတွက် သဘာဝကျတဲ့ ခြေလှမ်းသစ်တရပ် ဖြစ်တယ်လို့ ကြေညာချက်တခုမှာ ဘက်ခမ်းက ပြောဆိုထားပါတယ်။

လတ်တလောမှာတော့ Studio 99 ဟာ ကိုယ်စားလှယ်အနေနဲ့ WME ကုမ္ပဏီကို လွှဲအပ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဘက်ခမ်း၊ သူ့ရဲ့ စီးပွားရေးအဖွဲ့နဲ့အတူ စတူဒီယိုရဲ့ ကနဦးဖန်တီးထုတ်လုပ်မှုတွေ နဲ့ ပူးတွဲထုတ်လုပ်မှုတွေကို ပရိသတ်တွေဆီချပြဖို့ ကမ္ဘာလုံးဆိုင်ရာ ရုပ်သံ ပလက်ဖောင်းတွေ၊ မီဒီယာ မိတ်ဖက်တွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Ref. Variety

You may also like these stories:

ကားမောင်းရင်း ဖုန်းသုံးခဲ့တဲ့အတွက် ယာဉ်မောင်းခွင့် ၆ လ အပိတ်ခံရတဲ့ ဒေးဗစ်ဘက်ခမ်း

အိမ်ထောင်ရေးပြိုကွဲတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဗစ်တိုးရီးယားဘက်ခမ်း

ဗစ်တိုးရီးယားနဲ့ အိမ်ထောင်ရေးဟာ ခက်ခဲတဲ့ အလုပ်တခုဖြစ်ကြောင်း ဒေးဗစ်ဘက်ခမ်း ဝန်ခံ

The post မီဒီယာကုမ္ပဏီ ထူထောင်လိုက်တဲ့ ဒေးဗစ်ဘက်ခမ်း appeared first on ဧရာဝတီ.

ဒွေးကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်အတွက် အနုပညာရှင်များရဲ့ လွမ်းဆွတ်စကားများ

$
0
0

ယနေ့ ဇူလိုင် ၁၁ ရက်နေ့ဟာ သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီး ကွယ်လွန်ခြင်း ၁၂ နှစ်တိတိ ပြည့်တဲ့နေ့ပါ။ လူသေသွားပေမယ့် နာမည်အခုထိ မသေသေးတဲ့ ဒွေးကို ပရိသတ်တွေ ယနေ့ထိတိုင် လွမ်းဆွတ် သတိရနေကြတုန်းပါ။

ဒွေးဟာ အနုပညာလောကမှာ အောင်မြင်မှု အခိုင်အမာ ရရှိခဲ့တဲ့ သရုပ်ဆောင်တဦးဖြစ်ပြီး အခုထက်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ စိုးမိုးထားနိုင်ဆဲ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။ ဒွေး ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ် လွမ်းဆွတ် စကားများကို ဒွေးရဲ့တပည့်တဦးဖြစ်ခဲ့တဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုနဲ့ ရီဝေယံတို့က အခုလိုပဲ ဆိုထားကြပါတယ်။

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)

ပရိသတ်ကို ကျေးဇူးတင်တယ်။ အစ်ကို ကွယ်လွန်တာ ၁၂ နှစ် ရှိပါပြီ၊ ဒါပေမယ့် ဒီရက်နီးလာရင် ဘယ်တော့မှ မမေ့ဘူး။ ကိုသားကြီးပုံတွေ၊ သီချင်းတွေ တင်တယ်။ ပရိသတ်က ကိုသားကြီးပေါ်ထားတဲ့ မေတ္တာက တန်ဖိုး အရမ်းကြီးတယ်။ သူရဲ့ တပည့်၊ သားသမီးဖြစ်တဲ့ ကျနော်တို့က ကိုသားကြီးကိုယ်စား ပရိသတ်ကို ကျေးဇူးတင်ရမှာပါ။

ပရိသတ် ကျေးဇူးဆပ်လို့လည်း ကုန်မှာ မဟုတ်ပါဘူး။ အစ်ကို့အတွက်လည်း ကျနော် တတ်နိုင်သလောက်နှစ်တိုင်း အလှူလေး လုပ်တယ်။ ကျနော့်အိမ်မှာ ကိုးကွယ်ထားတာတော့ တပိုင်းပေါ့နော်။ နှစ်တိုင်းတော့ တတ်နိုင်တဲ့ အလှူလေးလုပ်ပါတယ်။ မမိုးဆီတော့ မသွားဖြစ်ဘူး။ ချောက်မြို့မှာ ရေကန်ဆောက်မယ်ဆိုလို့ အလှူငွေတော့ ကျနော် လှမ်းထည့်လိုက်တယ်။

ထွန်းအိန္ဒြာဗို

ကိုသားကြီးနဲ့ ကားတွေ အများကြီး ရိုက်ဖူးတယ်။ အလုပ်ကို ကြိုးစားတဲ့သူ တယောက်၊ နောက်ပိုင်း သိပ်မဆုံဖြစ်ဘူး။ သူက ခံစားမှု အားကောင်းတယ်။ သူခံစားရသလောက် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ သရုပ်ဆောင်ကောင်း တယောက်ပါ။ အဲ့ဒါကြောင့်မို့ ပရိသတ်က မမေ့တာလို့ ကျမ ယုံကြည်တယ်။ ပရိသတ်တွေက သူ့ကို ချစ်ခင်မြတ်နိုးတဲ့ အတွက် ဒီနေ့အထိ မမေ့နိုင်ကြတာပါ။ ကျမတို့လည်း သတိရပါတယ်။

ရီဝေယံ

“ကိုသားကြီးနဲ့ ရိုက်ခဲ့တဲ့ ကားတွေရှိ တယ်။ သူ့အိုက်တင်က လူတွေ ရင်ဘက်ကို ထိအောင် သရုပ်ဆောင်နိုင်တာပေါ့။ ပရိသတ်တွေကို ကြိုက်အောင်လုပ်တာထက် အတွင်းစိတ်မှာ ရှိတာကို ဖော်ထုတ်နိုင်တာတွေက ပရိသတ် ကြိုက်စေခဲ့တာပေါ့။ ကိုသားကြီးက ထူးချွန်တယ်။ အသက်အရွယ် ငယ်ငယ်မှာ ဆုံးသွားတာတော့ တော်တော် နှမျောစရာ ကောင်းတယ်။ အခုချိန်လည်း စိတ်မကောင်းဖြစ်ရတယ်”လို့ ရီဝေယံက ဆိုပါတယ်။

သရုပ်ဆောင် ဒွေးဟာ ဦးကျော်ဟိန်း ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “ဒုက္ခကို အရောင်ဆိုးထားတယ်” မူးယစ်ဆေးဝါး ပညာပေး ဗီဒီယိုကားနဲ့ စပြီး ပရိသတ်တွေ စသိခဲ့ပြီး “ဝေလည်းမွှေး၊ ကြွေလည်း မွှေး” ရုပ်ရှင်ကားမှ စပြီး ပရိသတ်တွေကြားမှာ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒွေးဟာ ၁၉၉၇ ခုနှစ်မှာ “အမေ့ခြေရာ”ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

You May Also Like These Stories: 

လူသေသွားပေမယ့် နာမည်ရှင်သန်နေဆဲ “ဒွေး” (ခ) ကိုသားကြီး

ဒွေးနဲ့ ကျော်ဟိန်းတို့ မရိုက်ဖြစ်ခဲ့တဲ့ “ငါတို့သည်” ရုပ်ရှင်မှာ ပါဝင်ရလို့ ဂုဏ်ယူနေတဲ့ ထွန်းကိုကို

ဦးရဲလွင်နဲ့ ဒွေးတို့အတွက် ဝမ်းနည်းနေတဲ့ အဆိုတော် ကော်နီ

The post ဒွေးကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်အတွက် အနုပညာရှင်များရဲ့ လွမ်းဆွတ်စကားများ appeared first on ဧရာဝတီ.

ပရိသတ်တွေကို ခံစားချက်ပေါင်းများစွာ ပေးဦးမယ့် “The Lion King” ရုပ်ရှင်

$
0
0

Disney ကနေ မကြာခင် ဖြန့်ချိတော့မယ့် “The Lion King” ရုပ်ရှင်အထူးပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့ပြီး အဲဒီရုပ်ရှင်ကို ပထမဆုံး ကြည့်ရှုပြီးတဲ့ ပရိသတ်တွေရဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ မှတ်ချက်စကားတွေ အွန်လိုင်းပေါ်မှာ နေရာယူနေတာ တွေ့ရပါတယ်။

ရုပ်ရှင် ဝေဖန်သူတွေကတော့ ဒါရိုက်တာ Jon Favreau ရဲ့ ရုပ်ရှင်ကို ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးခဲ့ကြပြီး ဝင်ငွေကောင်းမယ့် ရုပ်ရှင်ကားတကား ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။

SlashFilm ရဲ့ Peter Sciretta က “Lion King ရုပ်ရှင်ဟာ Visual ပိုင်းဆိုင်ရာမှာ အသက်ရှူ မှားလောက်တဲ့ အောင်မြင်မှုမျိုး ရခဲ့ပါတယ်။ ဒါဟာ CG အန်နီမေးရှင်း ရုပ်ရှင်လို့တောင် မယုံနိုင်ပါဘူး။ Timon နဲ့ Pumbaa ဇာတ်ကောင်တွေက ဇာတ်လမ်း တခုလုံးကို သယ်သွားပါတယ်။ ဒါဟာ Disney ရဲ့ကောင်းမွန်တဲ့ ပြန်လည် ရိုက်ကူးမှု ဖြစ်ပါတယ်။ မိသားစုတွေ ကြိုက်နှစ်သက် ပျော်ရွှင်ရမယ့် ရုပ်ရှင်ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။

Collider ရဲ့ Steve Weintraub ကတော့ အဲ့ဒါကို သဘောတူပါတယ်။ သူက “ရုပ်ရှင်အထူးပွဲ တော်တော်များများကို တက်ခဲ့ရတာ ကံကောင်းပါတယ်။ ဒါပေမဲ့ ဒီနေ့ညလိုမျိုး The Lion King အတွက် ရုပ်ရှင်ပြသနေချိန်မှာ လက်ခုတ်တီးတာ၊ များပြားတာ မတွေ့ဖူးသေးပါဘူး။ တကယ့်ကို ရော့ခ်ဖျော်ဖြေပွဲနဲ့ တူပါတယ်။ရုပ်ရှင်ဟာ ပိုက်ဆံတွေ ရဦးမှာပါ” လို့ ဆိုပါတယ်။ ရုပ်ရှင်ထဲက အထူးပြုလုပ်ချက်တွေဟာ တကယ့်ကို အံ့သြလောက်ဖွယ် ဖြစ်တဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။

ရုပ်ရှင်ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာ Jon Favreau ကတော့ တခြားလူ မဟုတ်ပါဘူး။ ဒေါ်လာ ၁ ဘီလီယံ ဝင်ငွေရခဲ့တဲ့ “The Jungle Book” ရုပ်ရှင်ဒါရိုက်တာပဲ ဖြစ်ပါတယ်။ “The Lion King” ရုပ်ရှင်မှာတော့ အသံသရုပ်ဆောင်တွေအဖြစ် Donald Glover, Beyonce, Seth Rogen, Billy Eichner နဲ့ John Oliver တို့က ဦးဆောင် ပါဝင်ထားကြပါတယ်။

ဟင်ဒီစကားပြောနဲ့ တင်ဆက်မယ့် ရုပ်ရှင်မှာတော့ မင်းသား ရှရွတ်ခန်က သားဖြစ်သူ Aryan ကို ပွဲထုတ်ထားတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ကိုတော့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: hindustantimes

You May Also Like These Stories: 

၂၀၁၉ ခုနှစ်မှာ Disney က ထပ်မံထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားများ

Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ

The post ပရိသတ်တွေကို ခံစားချက်ပေါင်းများစွာ ပေးဦးမယ့် “The Lion King” ရုပ်ရှင် appeared first on ဧရာဝတီ.

သမီးဖြစ်သူ ပိုးအိစံနဲ့ အတူ Live Show လုပ်ဦးမယ့် အဆိုတော် သန်းထွန်းလေး

$
0
0

တခေတ်တခါက နာမည်ကြီး အဆိုတော် တယောက်ဖြစ်တဲ့ အဆိုတော် သန်းထွန်းလေးကတော့ သမီးဖြစ်သူ အဆိုတော် ပိုးအိစံနဲ့အတူ သူ မသေခင်  Live Show လုပ်ဖို့ စီစဉ်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“သမီးရယ်၊ ကျနော်ရယ်၊ နောက်ထပ် အဆိုတော် နှစ်ယောက်လောက်တော့ ပါမယ်။ Live Show လုပ်ဦးမှာ။ လုပ်ရင်လည်း အမျိုးသား ကဇာတ်ရုံပဲဖြစ်ဖြစ်၊ MCC ခန်းမပဲဖြစ်ဖြစ် လုပ်မှာပါ။ ကျနော့်မြေးလေး တယောက်လည်း သီချင်းဆိုနေတယ်။ သူ့ကိုလည်း ပံ့ပိုးတဲ့အနေနဲ့ ပွဲတပွဲ လုပ်ဦးမယ်” လို့ အဆိုတော် သန်းထွန်းလေးက ဧရာဝတီကို ပြောပါတယ်။

အဆိုပါပွဲ ဘယ်တော့လုပ်မလဲဆိုတာ မသတ်မှတ်ရသေးဘဲ သူမသေခင် အချိန်အတွင်းတော့ လုပ်နိုင်အောင်ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ကျနော် မသေခင်ပေါ့နော်။ ကြိုးစားနေပါတယ်။ ရက်တွေ ဘာတွေတော့ မသတ်မှတ်ရသေးဘူး။ အလုပ်တခု လုပ်တာက ဗြုန်းစားကြီး ထလုပ်လို့ မရဘူး။ ဖြစ်နိုင်၏ ၊ မဖြစ်နိုင်၏ စဉ်းစားရသေးတယ်။ ဖြစ်တာတော့ ဖြစ်အောင် လုပ်မှာပါ”လို့ အဆိုတော် သန်းထွန်းလေးက ပြောပါတယ်။

ဂီတလောကကို ဝင်ရောက်ပြီး အခုချိန်မှာတော့ ခေတ်အမျိုးမျိုးကို ကျော်ဖြတ်လာခဲ့တဲ့ အဆိုတော် သန်းထွန်းလေးကတော့ အခုအချိန်မှာ အသက် ၇၀ နား ကပ်နေပြီလို့ သိရပါတယ်။

“ဦးသန်းထွန်းတို့ ဖြတ်သန်းလာတဲ့ ခေတ်တွေက ဟိုး ရေဒီယိုခေတ်၊ ဓာတ်ပြားခေတ်၊ ကက်ဆက်ခွေခေတ်၊ စီဒီခေတ်၊ ဗီစီဒီခေတ်၊ အခုဆိုရင်ခေတ်တွေ အမျိုးမျိုး ကျော်လွှားနိုင်ခဲ့ပြီ။ လွန်ခဲ့တဲ့ ၆၁ ခုနှစ် ၊ ၆၂ ခုနှစ်ကတည်းက အနုပညာလောကထဲကို ဝင်တာ။ အခုဆိုရင် ၂၀၁၉ ခုနှစ် ဦးသန်းထွန်းရဲ့ အသက်တောင် ၇၀ နားကပ်နေပြီ”လို့ သန်းထွန်းလေးက ပြောပါတယ်။

မကြာသေးခင်ကလည်း သမီးဖြစ်သူ ပိုးအိစံရဲ့ အခွေ ၇ ခွေကို တပြိုင်တည်းထွက်ဖို့အတွက် လုပ်ပေးခဲ့ပြီး သူ့အနေနဲ့လည်း အခွေ ၁ ခွေလုပ်ဖို့အတွက် စိတ်ကူးရင်း သီချင်းတွေ စုနေတယ်လို့ သိရပါတယ်။

“ကျနော်က အခုသမီးရဲ့ အခွေတွေ လုပ်ပေးနေတယ်။ မကြာသေးဘူး။ သမီးရဲ့အခွေတွေ ထွက်တယ်။ နှစ် ၂၀ ပြည့် Live Show ၇ ခွေ ထွက်တယ်။ အဲ့အခွေတွေလည်း ရောင်းရပါတယ်။ အဲဒါလေးတွေ ပြီးသွားတော့ နောက်ထပ် အခွေတွေ ထပ်လုပ်ဖို့ စဉ်းစားနေတယ်။ ကျနော်လည်း လူလောကမှာ ရှိနေတဲ့ အချိန်လေးမှာ ၁ ခွေလောက် သွင်းမလားလို့ စိတ်ကူးရင်းနဲ့ သီချင်းတွေ စုနေတယ်။ မသေခင်တော့ ၁ ခွေလောက်တော့ လုပ်လိုက်ဦးမယ်”လို့ သန်းထွန်းလေးက ပြောပါတယ်။

အဆိုတော် သန်းထွန်းလေးကတော့ ပိုးအိစံရဲ့ ဖခင်ဖြစ်ပြီး အနုပညာ မျိုးဆက်အနေနဲ့ မြေးဖြစ်သူကလည်း သီချင်းများ ဆိုနေပြီလို့ သိရပါတယ်။

You may also like these stories:

ဂီတသက်တမ်း နှစ် ၂၀ ပြည့်မှာ တေးစီးရီးခွေ ၇ ခွေ တပြိုင်တည်း ထုတ်လိုက်တဲ့ ပိုးအိစံ

“အိမ်ခြံမြေ လုပ်ငန်းက ကျနော့် အသက်ပဲ”လို့ ပြောတဲ့ အဆိုတော် သားစိုး

ဖခင်ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့်အတွက် လှူဒါန်းခဲ့တဲ့ သမီးမိကွန်ထော

တောင်းစားနေတဲ့ လူရွှင်တော်ကြီး တိုင်းကျော်နဲ့ ပတ်သက်ပြီး တာဝန်ယူလိုက်တဲ့ ဇာတ်မင်းသား ဝင်းနောင်

The post သမီးဖြစ်သူ ပိုးအိစံနဲ့ အတူ Live Show လုပ်ဦးမယ့် အဆိုတော် သန်းထွန်းလေး appeared first on ဧရာဝတီ.

“သက်ငယ်မုဒိမ်းကို သေဒဏ်ပေးရင် ဖြစ်လာမယ့် ဆိုးကျိုးက ပိုများမယ်”လို့ ထွန်းအိန္ဒြာဗို ပြော

$
0
0

သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက လက်ရှိ ဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို သေဒဏ်ပေးမယ်ဆိုရင် ဖြစ်လာမယ့် ဆိုးကျိုးက ပိုများနိုင်တယ်လို့ ပြောပါတယ်။

“သက်ငယ် မုဒိမ်းမှုတွေကတော့ အရမ်းများနေတယ်နော်။ အရမ်းများနေတော့ ဒါကို အားလုံး သေဒဏ်ပေးဖို့တွေပဲ တောင်းဆိုနေတာ တွေ့ရတယ်။ ကျမ တယောက်တည်း အမြင်ဆိုရင်တော့ သေဒဏ်ပေးလို့ရှိရင် ဖြစ်လာမယ့် Side Effect တွေက ပိုများမယ်လို့ ထင်ပါတယ်။ ကလေးကို Rape လုပ်တာအပြင် လက်စတုံးအောင် လုပ်လိုက်တာလည်း ဖြစ်နိုင်တယ်”

“ကိုယ့်အမျိုးတွေထဲကနေပြန်ပြီး Rape လုပ်တာတွေ ရှိတယ်။ အဖေက Rape လုပ်တာ၊ အစ်ကိုက လုပ်တာ။ ဦးလေးက လုပ်တာတွေရှိတယ်။ ကိုယ့်ကြောင့် ကိုယ့်အဖေ သေမိန့် ကျမှာစိုးလို့ အဲ့ကလေးက တိုင်ရဲပါ့မလား ဆိုတာတွေပေါ့။ အဲ့မှာက Case တွေက မပေါ်ဘဲ ပိုပြီးကြိတ်ခံလိုက်ရမယ့် အဖြစ်မျိုးတွေလည်း ဖြစ်သွားနိုင်တာပေါ့နော်။ ဒါပြစ်မှုမဲ့ ပြစ်ဒဏ်၊ ဒီဟာကို ပပျောက်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ပညာရှင်များက သေချာ ချမှတ်ဖို့ လိုအပ်ပါတယ်”လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

ဆက်လက်ပြီး ထွန်းအိန္ဒြာဗိုက အခုလိုမျိုး သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားနေတဲ့အပေါ် ဒီနိုင်ငံမှာ ဥပဒေစိုးမိုးမှု နည်းပါးနေတာကြောင့် နိုင်ငံသားတယောက် အနေနဲ့ စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

“ဥပဒေ စိုးမိုးမှု နည်းပါးနေတာကိုတော့ ဒီနိုင်ငံသူ တယောက်အနေနဲ့ အရမ်းစိတ်ပျက်တာပေါ့ရှင်။ နေပြည်တော်က အမှုအပေါ်လည်း ကျမလည်း ပြည်သူတွေနဲ့ ထပ်တူပါပဲနော်။ တရားခံ အစစ်ကလည်း အခုချိန်ထိ မပေါ်သေးဘူး။ ဒါပေမဲ့လည်း ပေါ်သင့်တာကို မပေါ်တဲ့ အားမလို အားမရမှုတွေ ကျမတို့လည်း ခံစားရပါတယ်”လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

သားတယောက်ရဲ့ မိခင်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုကတော့ သားဖြစ်သူကို သူငယ်ချင်းလို ပွင့်ပွင့်လင်းလင်း ပေါင်းသင်းပြီး အခုချိန်မှာတော့ သားကို စိတ်ရှည်ပေးရတယ်လို့ ဆိုပါတယ်။

“မိဘတွေ အနေနဲ့ မိန်းကလေးမှ မဟုတ်ဘူး။ ယောကျာ်းလေးတွေကိုလည်း ထိန်းသိမ်းသင့်တယ်။ ကလေးဆိုတာက ကိုယ့်အန္တရာယ်ကိုယ် မသိနိုင်ကြသေးဘူးပေါ့။ သူ့ကို ချစ်ချစ်ခင်ခင် ဆော့ကစားနေရင် သူက ယုံကြည်ပြီးတော့မှ အရာရာ လက်ခံလိုက်နိုင်တာပေါ့။ သူက မတွေးတတ်ဘူးလေ။ အဲ့ဒါကို မိဘတွေက ကြိုမြင်ရမယ်ပေါ့။ ကိုယ့်သားသမီး အန္တရာယ် ရှိနိုင်တဲ့ အနေအထားမျိုးကို မလုပ်ရဘူးပေါ့”

“ကျောင်းမှာ ဖြစ်တာကျတော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ကျမရော၊ ကိုအောင်မင်းထွန်းရောက သားကို သူငယ်ချင်းလို ပေါင်းတာဆိုတော့ သူသိချင်တာတွေ သူလုပ်ချင်တာတွေနဲ့ ပွင့်ပွင့်လင်းလင်း မိသားစုထဲမှာရှိပါတယ်။ နောက်ကျောင်းကလည်း Sex Education ပေးပါတယ်။ သားကို ဆုံးမတာတွေကို ပြောပြရရင်တော့ အများကြီးပဲပေါ့။ အခုချိန်မှာတော့ စိတ်ရှည်ပေးရတာတော့ အမှန်ပဲ”လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

နိုင်ငံကျော် ဝါရင့် အဆိုတော်နဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ဟာ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းနဲ့ သားလေး အောင်ဗိုလ်ကောင်းသန့်တို့နဲ့အတူ သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

You may also like these stories:

ကလေးငယ်တွေကို ဘာကြောင့် Sex Education သင်ကြားပေးသင့်သလဲ

“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ် ပေးစေချင်တယ်”လို့ ပြောတဲ့ မအေးသောင်း

“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို မြန်မြန်ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးသင့်တယ်”လို့ ဖြိုးငွေစိုး ပြော

“သမီးနှစ်ယောက်ကို Sex Education သင်ပေးဖို့တော့ စောသေးတယ်”လို့ ညိုမင်းလွင် ပြော

The post “သက်ငယ်မုဒိမ်းကို သေဒဏ်ပေးရင် ဖြစ်လာမယ့် ဆိုးကျိုးက ပိုများမယ်”လို့ ထွန်းအိန္ဒြာဗို ပြော appeared first on ဧရာဝတီ.


မိဘတွေ မရှိတော့မှ မိဘတွေရဲ့ ဆုံးမမှု တန်ဖိုးကို သိရှိလာကြောင်း ရှာရွတ်ခန် ပြော 

$
0
0

ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်က ရုပ်ရှင်တွေထဲမှာ ကိုယ်ကျင့်တရား သင်ခန်းစာတွေကို ရှာဖွေလေ့ မရှိပေမယ့် မကြာခင် ရုံတင်တော့မယ့် “The Lion King” ရုပ်ရှင်ဟာ မိဘနဲ့ သားသမီးကြားက တန်ဖိုးရှိတဲ့ သံယောဇဉ်အကြောင်း ဖြစ်တာကြောင့် ဇာတ်လမ်းဟာ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဟင်ဒီ စကားပြောနဲ့ တင်ဆက်မယ့် အဲ့ဒီရုပ်ရှင်မှာတော့ ခြင်္သေ့ဘုရင်ကြီး Mufasa အဖြစ် အသက် ၅၃ နှစ်အရွယ် မင်းသားခန်က အသံ သရုပ်ဆောင်မှာဖြစ်ပြီး ခြင်္သေ့လေး Simba အဖြစ် သားဖြစ်သူ Aryan က သရုပ်ဆောင်ထားပါတယ်။ မင်းသားကတော့ မိဘတွေရဲ့ သင်ကြားဆုံးမမှုတွေဟာ သူတို့တွေ မရှိတော့မှသာ သားသမီးတွေက အဲ့ဒီတန်ဖိုးတွေကို သိလာရတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ဇာတ်လမ်းမှာ ကိုယ်ကျင့်တရားတွေ တော်တော်များများ ပါဝင်ပါတယ်။ ကျနော် ကိုယ်တိုင်အနေနဲ့ လူ့ကျင့်ဝတ်တွေကို ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ မရှာဖွေပါဘူး။ ဖျော်ဖြေရေး သက်သက်ပဲ ခံစားပါတယ်။ ဒီရုပ်ရှင်တော့ ဖျော်ဖြေရေးသက်သက်ပဲ ဆိုပေမယ့် အချစ်အကြောင်း ဖော်ပြတာတော့ မဟုတ်ပါဘူး။ ကလေးတွေက သူတို့ရဲ့ မိဘတွေနဲ့အတူ ကြီးပြင်းလာကြတယ်။ ဒါပေမဲ့ မိဘတွေ ဆိုဆုံးမတဲ့ စကားတွေရဲ့ အဓိပ္ပါယ်လေးနက်မှု တန်ဖိုးတွေကို သူတို့တွေက နားမလည်ကြဘူး”လို့ မင်းသား ခန်က ပြောပါတယ်။

သူကဆက်ပြီး “ဒါပေမဲ့ ကံမကောင်းတာက မိဘတွေက ကိုယ့်ဘဝထဲမှာ မရှိတော့မှ မိဘတွေရဲ့ ဆိုဆုံးမမှု တွေကို သတိရကြတာတော့ ကံမကောင်းဘူး” လို့ ဆိုပါတယ်။ မင်းသားဟာ မိဘတွေရဲ့ ဆိုဆုံးမမှုနဲ့ ပတ်က်ပြီး သားသမီးတွေရဲ့ဘဝမှာ ဘယ်တော့မှ မမှန်ကန်တာမျိုး မရှိခဲ့ဖူးတဲ့အတွက် မိဘတွေစကား နားထောင်ဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူးလို့ ယုံကြည်ထားသူလည်း ဖြစ်ပါတယ်။

မင်းသား ခန်က “ဇာတ်လမ်းထဲမှာတော့ မိဘတွေစကားကို နားထောင်ပြီး သူတို့ပြောတဲ့ လေးနက်တဲ့ အဓိပ္ပါယ်ကို နားလည်တယ်ဆိုတဲ့ အကြောင်းကို ထင်ဟပ်ပြထားပါတယ်။ မိဘတွေဟာ ကျနော်တို့ရဲ့ ရင်ထဲမှာ အမြဲရှင်သန်ပြီး သူတို့ရဲ့ဆိုဆုံးမမှုတွေဟာလည်း ဘယ်တော့မှ ပျောက်ပျက်မသွားပါဘူး” လို့ ပြောပါတယ်။

သူကိုယ်တိုင်ဟာလည်း မိဘတွေပြောတဲ့ အရာတွေကို အဲ့ဒီအချိန်တုန်းက နားမလည်ခဲ့ပေမယ့် အခုတော့ နားလည် သဘောပေါက်လာပြီလို့ ပြောပါတယ်။ “Iron Man”နဲ့ “The Jungle Book” ရုပ်ရှင်တွေ နောက်ကွယ်က ဖန်တီးရှင်၊ ဒါရိုက်တာ Jon Favreau ရိုက်ကူးထားတဲ့ “The Lion King” ရုပ်ရှင်ကို ဇူလိုင်လ ၁၉ ရက်နေ့ကစလို့ ပြသပေးသွားမှာ ဖြစ်ပါတယ်။

Ref. ptinews

You may also like these stories:

ပရိသတ်တွေကို ခံစားချက်ပေါင်းများစွာ ပေးဦးမယ့် “The Lion King” ရုပ်ရှင်

အနုပညာသက်တမ်း ၂၇ နှစ်ရှိသွားပြီ ဖြစ်တဲ့ ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်

အလုပ်ချိန် မတူလို့ အရှေးကူမားနဲ့ ရုပ်ရှင်အတူ တွဲရိုက်လို့ မရသေးကြောင်း ရှာရွတ်ခန်းပြော

မင်းသား ရှာရွတ်ခန်းရဲ့ ရုပ်ရှင်အသစ်ကို ချီးကျူးလိုက်တဲ့ အမီရာခန်း

The post မိဘတွေ မရှိတော့မှ မိဘတွေရဲ့ ဆုံးမမှု တန်ဖိုးကို သိရှိလာကြောင်း ရှာရွတ်ခန် ပြော  appeared first on ဧရာဝတီ.

Forbes မဂ္ဂဇင်းရဲ့ တနှစ်တာ ဝင်ငွေအကောင်းဆုံး Celebrity အဖြစ် Taylor Swift သတ်မှတ်ခံရ

$
0
0

အဆိုတော် Taylor Swift ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဝင်ငွေ အများဆုံး နာမည်ကျော်ကြားသူ စာရင်းမှာ Kardashian မျိုးနွယ်ထဲက အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ အလှကုန်ပစ္စည်း ဘုရင်မ Kylie Jenner နဲ့ Rap အဆိုတော် Kanye West တို့ကို ကျော်တက်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

Forbes မဂ္ဂဇင်းကနေ နှစ်စဉ် ထုတ်ပြန်နေကျ နာမည်ကျော်ကြားသူ အယောက် ၁၀၀ စာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦးနေရာမှာ ဘောလုံး အကျော်အမော်တွေဖြစ်ကြတဲ့ လီယွန်နယ်မက်ဆီ၊ ခရစ်စတီယာနို ရော်နယ်ဒိုနဲ့ နေမာတို့ ရှိနေပါတယ်။ ဗြိတိသျှအဆိုတော် Ed Sheeran နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေကနေစလို့ နာမည်ကျော်ကြားခဲ့တဲ့ Soft Rock ဂီတတီးဝိုင်း The Eagles တို့လည်း ပါဝင်နေတာကို တွေ့ရပါတယ်။

Kim Kardashian ရဲ့ ခင်ပွန်းဖြစ်တဲ့ အဆိုတော် West ကတော့ ၄ နှစ်ကြာ စာရင်းထဲ မပါဝင်ခဲ့ပြီးတဲ့နောက် အခုစာရင်းထဲမှာ တကျော့ပြန် ပါဝင်လာခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့အဆိုအရ သူ့ရဲ့ နာမည်ကျော် Yeezy အမည်ရှိ Sneaker ဖိနပ်ကြောင့် ဒေါ်လာ သန်း ၁၅၀ (အခွန် မပါမီ) ခန့်ရရှိခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စာရင်းရဲ့ တတိယနေရာမှာရှိနေတဲ့ West ရဲ့ ဇနီး Kim Kardashian ကတော့ နံပါတ် ၂၆ မှာ ရပ်တည်နေပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက “Reputation” နယ်လှည်ဖျော်ဖြေပွဲနဲ့ အယ်လ်ဘမ်ကြောင့် ခန့်မှန်းချေ ဒေါ်လာ ၁၈၅ သန်း ရရှိပြီး ထိပ်ဆုံးနံပါတ် ၁ နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် အဆိုတော် Swift ဟာ “1989” နယ်လှည့်ဖျော်ဖြေပွဲနဲ့ အယ်လ်ဘမ်တွေကြောင့် ၂၀၁၆ ခုနှစ်တုန်းကလည်း အဲ့ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါသေးတယ်။

Kim ၊ Khloe နဲ့ Kourtney Kardashian တို့ရဲ့ ဝမ်းကွဲညီမ အသက် ၂၁ နှစ်အရွယ် Jenner ကတော့ သူ့ရဲ့ အွန်လိုင်းပေါ်ကနေ နှုတ်ခမ်းနီရောင်းတဲ့ လုပ်ငန်းနဲ့ အလှကုန် ကုမ္ပဏီကြောင့် ခန့်မှန်းချေ ဒေါ်လာ သန်း ၁၇၀ ဝင်ငွေနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

အခုနှစ် အစောပိုင်းတုန်းကတော့ Jenner ဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ဘီလီယံနာဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ကြေညာခဲ့ပါသေးတယ်။ Forbes မဂ္ဂဇင်းဟာ အခု ၂၀၁၉ ခုနှစ်အတွက် စာရင်းကို ၂၀၁၈ ခုနှစ် ဇွန်လကနေ ၂၀၁၉ ခုနှစ် ဇွန်လအထိ အခွန်ငွေနဲ့ မန်နေဂျာတွေအတွက် လခ မပါသေးတဲ့ ဝင်ငွေတွေကို ခန့်မှန်း တွက်ချက်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီ မဂ္ဂဇင်းကမှာ ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံး နာမည်ကျော် အယောက် ၁၀၀ ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ အခွန်မပါမီ ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ဝင်ငွေရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန် လက်ဝှေ့အကျော်အမော် Floyd Mayweather နဲ့ မင်းသား George Clooney ကတော့ ပြီးခဲ့တဲ့နှစ် စာရင်းမှာ ထိပ်တန်းအဆင့် ဝင်ခဲ့ပေမယ့် အခု တကြိမ်မှာတော့ ထိပ်တန်း ၁၀ ဦးစာရင်းမှာတောင် ပါမလာခဲ့တာ တွေ့ရပါတယ်။

Ref:asiaone

You may also like these stories:

သီချင်းမူပိုင်ခွင့်တွေ ဆုံးရှုံးလိုက်ရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Taylor Swift

သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift

ရောင်အသွေးစုံတဲ့ သီချင်းအသစ်ကို ဖြန့်ချိလိုက်တဲ့ အဆိုတော် Taylor Swift

The post Forbes မဂ္ဂဇင်းရဲ့ တနှစ်တာ ဝင်ငွေအကောင်းဆုံး Celebrity အဖြစ် Taylor Swift သတ်မှတ်ခံရ appeared first on ဧရာဝတီ.

ဆေးခြောက်လုပ်ငန်း လောကထဲ ဝင်ရောက်လာတဲ့ အဆိုတော် Jay-Z

$
0
0

ဘီလီယံနာ အဆိုတော် Jay-Z ဟာ အမေရိကန်နိုင်ငံမှာ လျင်မြန်စွာ ကြီးထွားလာနေတဲ့ ဆေးခြောက်လုပ်ငန်း လောကထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ ကယ်လီဖိုးနီယားအခြေစိုက် Caliva ဆိုတဲ့ ကုမ္ပဏီမှာ ဗျူဟာမှူး အနေနဲ့ တာဝန်ယူလိုက်ပါပြီ။ ၂၀၁၅ ခုနှစ်တုန်းက San Jose မြို့မှာ တည်ထောင်ခဲ့တဲ့ ပုဂ္ဂလိကပိုင် Caliva ကုမ္ပဏီက Jay-Z ကုမ္ပဏီရဲ့ ဖန်တီးမှုဆိုင်ရာ ညွှန်ကြားမှုနဲ့ ထောက်ပံ့ကူညီပေးမှုတို့မှာ အလေးပေးမယ့် ကာလရှည် ပူးပေါင်းဆောင်ရွက်မှုတခုနဲ့ ဝင်ရောက်လာပြီဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Caliva ရဲ့ ကုန်ပစ္စည်း ဗျူဟာမှူးချုပ်အဖြစ် တာဝန်ထမ်းခဲ့တဲ့ အဆိုတော် Jay –Z ဟာ အကျဉ်းသားဟောင်းတွေအတွက် အလုပ်အကိုင် လေ့ကျင့်မှု တိုးမြှင့်ခြင်းကို လုပ်ဆောင်မှာပါ။ ဒါ့အပြင် တရားဝင်ဆေးခြောက် လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အရည်အသွေးနဲ့ မျှတမှုကို မြှင့်တင်ဖို့ သူ့ရဲ့ လူမှုရေးဆိုင်ရာ တရားမျှတမှု ကြိုးပမ်းချက်တွေကိုလည်း လုပ်ဆောင်သွားဦးမှာဖြစ်တယ်လို့ ကုမ္ပဏီက ကြေညာချက်တခုမှာ ပြောဆိုထားပါတယ်။

အဆိုတော် Jay -Z က “တလျှောက်လုံးမှာ ထူးခြားတဲ့ အရာတွေကို ဖန်တီးချင်ပါတယ်။ လုပ်ငန်းစဉ်ထဲမှာလည်း ပျော်ဖို့ကောင်းရမယ်။ လူတွေအတွက် ကောင်းမွန်တာတွေ ဆောင်ကျဉ်းလာတာလည်း ဖြစ်ရမယ်” လို့ ဆိုပါတယ်။

သူဟာ နောက်လာမယ့် ၅ နှစ်အတွင်းမှာ တားမြစ်ချက်တွေနဲ့ ထောင်ကနေ ယာယီလွှတ်ပေးလိုက်သူတွေနဲ့ အကျဉ်းသားဟောင်းအမေရိကန်နိုင်ငံသား တသန်းကို ကူညီဖို့ ရယ်ရွယ်ချက်နဲ့ Reform Alliance လို့ အမည်ရတဲ့ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုအဖွဲ့တခုကိုလည်း ထူထောင်ဖို့ ဒီနှစ်ထဲမှာပဲ ကူညီပေးခဲ့ပါသေးတယ်။

R&B အဆိုတော် ဘီယွန်းစေးနဲ့ လက်ထပ်ထားတဲ့ အသက် ၄၉ နှစ်အရွယ် အဆိုတော်ဟာ ပြီးခဲ့တဲ့ ဇွန်လမှာပဲ အဝတ်အထည်၊ ရှန်ပိန်၊ Uber တက္ကစီနဲ့ Roc Nation ဖျော်ဖြေရေး ကုမ္ပဏီတို့ကနေ တဆင့် ရင်းနှီးမြုပ်နှံမှုတွေကြောင့် ဘီလီယံနာဖြစ်လာတဲ့ ပထမဆုံး ဟစ်ဟော့ပ် အနုပညာရှင် ဖြစ်လာခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ကြေညာခဲ့ပါတယ်။

သူဟာ ကယ်လီဖိုးနီးယားအပါအဝင် အမေရိကန်ပြည်နယ် ၁၁ ခုမှာ စိတ်အပန်းဖြေ တရားဝင် အသုံးပြုနိုင်ခွင့်ရရှိခဲ့တဲ့ ဆေးခြောက် လုပ်ငန်းထဲကို ရောက်ရှိလာတဲ့ နောက်ဆုံး နာမည်ကျော်ကြားသူလည်း ဖြစ်ပါတယ်။

Rap အဆိုတော် Snoop Dogg ဟာလည်း Leafs by Snoop ဆိုတဲ့ ကိုယ်ပိုင် ကုန်ပစ္စည်းအမှတ် တံဆိပ်ကို ပိုင်ဆိုင်ထားပြီး ၂၀၁၆ ခုနှစ်မှာလည်း မင်းသမီး Whoopi Goldberg ကလည်း အမျိုးသမီးများ ဓမ္မတာလာချိန် ဗိုက်အောင့်တာကို သက်သာစေဖို့ ရည်ရွယ်ထားတဲ့ ဆေးဝါးအဖြစ် အသုံးပြုနိုင်တဲ့ ဆေးခြောက် ထုတ်ကုန်ပစ္စည်းတွေကို မိတ်ဆက်ထားပါတယ်။

Ref. asiaone

You may also like these stories:

ပထမဆုံး ဘီလီယံနာ Hip-hop အဆိုတော် ဖြစ်လာတဲ့ Jay-Z

သက်သတ်လွတ်စားတဲ့ ပရိသတ်ကို တသက်တာလက်မှတ် အလကားပေးမယ့် Beyonce နဲ့ Jay-Z

စင်ပေါ်ကို ပရိသတ် တက်လာလို့ Jay-Z နဲ့ Beyonce တို့ရဲ့ဖျော်ဖြေပွဲ ရပ်ဆိုင်းလိုက်ရ

The post ဆေးခြောက်လုပ်ငန်း လောကထဲ ဝင်ရောက်လာတဲ့ အဆိုတော် Jay-Z appeared first on ဧရာဝတီ.

“ပုဂံမြို့သူ ဇာတ်လမ်းတွဲ ရိုက်ခဲ့တဲ့အတွက် ပုဂံက အမှတ်တရတွေ ရှိတယ်”လို့ မေမြင့်မိုရ် ပြော 

$
0
0

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကို (UNESCO) မှ အသိအမှတ် ပြုလိုက်တဲ့အတွက် “ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်က အတိုင်းမသိ ပျော်ရွှင်မိတယ်လို့ ပြောပါတယ်။

“ပုဂံ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ဝင်သွားတဲ့အတွက် အရမ်းပျော်ပါတယ်။ အရင်ကတည်းက ဖြစ်စေချင်တဲ့ ဆန္ဒပါ။ အခုလိုမျိုး အသိအမှတ် ပြုခံရတဲ့အတွက် ပုဂံက ဘုရားနဲ့ စေတီပုထိုးတွေကို ထိန်းသိမ်းတဲ့အခါမှာ ပိုပြီး အကျိုးရှိသွားစေတယ်။ အတိုင်းမသိ ညီမ ပျော်ရွှင်မိပါတယ်။ ပုဂံနဲ့ ပတ်သက်ပြီးအမှတ်တရတွေက ပုဂံမြို့သူဇာတ်ကား ရိုက်ခဲ့တဲ့အတွက် အမှတ်တရ အကြီးကြီး ရှိပါတယ်။ ပုဂံမှာ အကြာကြီးနေပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ညီမရဲ့ ဘဝမှာ အမှတ်တရပါပဲ”

“မြန်မာပြည်က မြို့တွေထဲမှာ ပုဂံကို ညီမ အရမ်းချစ်တယ်။ တသက်လုံးနေလို့ ရရင်တောင် နေချင်တယ်။ ပုဂံ ရောက်သွားရင် စိတ်ထဲမှာ အလိုလို နွေးထွေးပြီး စိတ်အေးချမ်းသွားတယ်။ ပုဂံက ဘုရားတွေကို ကြည့်နေရတဲ့ ခံစားမှုလေးကို ညီမ သဘောကျတယ်။ အဲဒါကြောင့် ပုဂံကို ညီမ အရမ်းတန်ဖိုးထားပြီး မြတ်နိုးပါတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ကတော့ လတ်တလော Bo Bo Film Production ကနေ ထုတ်လုပ် ရိုက်ကူးမယ့် “ခေါ်သံ” ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်သွားဖို့ ရှိပြီး အဲဒီရုပ်ရှင်နဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ပြောပါတယ်။

“ခေါ်သံ ဇာတ်ကားထဲမှာ မင်းသား ၅ ယောက်ပါပြီး ထူးခြားတာက Horror Comedy ဇာတ်ကားလေးပေါ့။ ညီမရဲ့ ကာရိုက်တာက တခါမှ မလုပ်ခဲ့ဖူုးတဲ့ ကာရိုက်တာဆိုတော့ ပရိသတ်တွေလည်း ညီမကို ထူးခြားတဲ့ကာရိုက်တာအနေနဲ့ အသစ်အဆန်းလေး မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားထဲမှာ တရွာလုံးက ယောကျ်ားလေးတွေ ကြောက်ရတဲ့ စွာတေးလန်တဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရမှာပါ”

“ကိုယ့်ရဲ့ အပြင်ကာရိုက်တာနဲ့ မတူတဲ့အတွက် ကြိုးစားပြီး သရုပ်ဆောင် သွားမှာပါ။ ညီမ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေက ရိုမန်တစ် ဇာတ်ကားတွေ ဖြစ်တဲ့အတွက် ငြိမ်တယ်။ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်လိုက် ရုပ်ရှင်ကားဆိုရင်လည်း ချိုင်းထောက်နဲ့ ရိုက်ကူးခဲ့တာဆိုတော့ ထူးခြားခဲ့တယ်။ ဒီဇာတ်ကားကလည်း စွာတေးလန်ပြီး ပုံစံမျိုးဆိုတော့ ထူးခြားတဲ့အတွက် ညီမ အရမ်းကြီး ပြင်ဆင်ရမှာပါ။ ဒါရိုက်တာနဲ့ တိုင်ပင်ပြီး ကိုယ့်ရဲ့ ကာရိုက်တာအတွက် ပြင်ဆင်နေပါတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ကို MRTV-4 မှာ ပြသခဲ့တဲ့ “ပန်းနုသွေး” ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်တွေ စတင် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က လက်ရှိမှာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ ယခုနှစ် Star Awards ဆုပေးပွဲမှာလည်း မေမြင့်မိုရ်က “Best Rising Star Female Award” ကို ရရှိခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

“စီနီယာ သရုပ်ဆောင်တွေဆီက အတွေ့အကြုံတွေ အများကြီးရတယ်” လို့ ဆိုလာတဲ့ မေမြင့်မိုရ်

“ပထမဆုံးစရိုက်တဲ့ ဇာတ်ကားမှာ နန်းဝတ်နန်းစားတွေ ဝတ်ရတာ အမှတ်တရပါ”

မအိမ်ကံနဲ့ ပတ်သက်ပြီး “ရိုက်မယ်၊ မရိုက်ဘူး အစီအစဉ် မရှိသေးဘူး” လို့ မေမြင့်မိုရ်ပြော

The post “ပုဂံမြို့သူ ဇာတ်လမ်းတွဲ ရိုက်ခဲ့တဲ့အတွက် ပုဂံက အမှတ်တရတွေ ရှိတယ်”လို့ မေမြင့်မိုရ် ပြော  appeared first on ဧရာဝတီ.

ကိုရီးယား ရိုးရာဝတ်စုံကို Sexy ဆန်ဆန် ဝတ်ဆင်ခဲ့လို့ ဝေဖန်ခံနေရတဲ့ Miss Korea

$
0
0

၂၀၁၉ ခုနှစ်ရဲ့ Miss Korea ဟာ ရေကူးဝတ်စုံပြပွဲနေရာမှာ ပြသခဲ့တဲ့ ကိုရီးယား ရိုးရာဝတ်စုံ ဖက်ရှင်ရှိုးအတွင်း ဝတ်ဆင်ခဲ့တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို အလွန်အကျူးလှစ်ဟထားတဲ့ ဝတ်စုံတွေကြောင့် ဝေဖန်ခံနေရပါတယ်။ “ဟန့်ဘို့” လို့ခေါ်တဲ့ ကိုရီးယားရိုးရားဝတ်စုံဟာ လက်ထပ်ပွဲ၊ မွေးနေ့ပွဲနဲ့ မင်္ဂလာရှိတဲ့ အခမ်းအနားတွေလိုမျိုး ရိုးရာအခမ်းအနားတွေ အတွင်းမှာ ပုံမှန်အားဖြင့် ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြပွဲမှာဆိုရင် နောက်ဆုံးပြိုင်ပွဲဝင် ၆ ဦးဟာ ကိုရီးယားရိုးရာဝတ်စုံတွေကို ဝတ်ဆင်ပြီး စင်ပေါ်မှာ ကိုယ်ဟန်ပြခဲ့ကြပေမယ့် အွန်လိုင်းသုံးစွဲသူတွေကတော့ အဲ့ဒီဝတ်စုံတွေဟာ အတွင်းခံ ကိုယ်လုံးလှ အင်္ကျီနဲ့ ဆင်တူနေတယ်ဆိုပြီးတော့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ဂါဝန်ရှည်ပုံစံမှာ ခြေထောက်အလှကို ဖော်ကျူးပြသဖို့ ခွဲထားတဲ့ပုံစံဟာ ကိုရီးယားရိုးရာဝတ်စုံလို့ ပြောဖို့တောင် တော်တော်လေးခက်တယ်လို့ ဆိုကြပါတယ်။

ပြိုင်ပွဲ စီစဉ်တင်ဆက်သူကတော့ ဒီဝတ်စုံတွေဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းကြားက သဟဇာတဖြစ်မှု ဆိုပြီး ဖော်ပြပြောဆိုခဲ့ပါတယ်။ အဲ့ဒါကိုတော့ ကြည့်ရှုသူတွေနဲ့ အွန်လိုင်းသုံးစွဲသူတွေက သဘောမတူကြပါဘူး။ တချို့ကတော့ အဲ့ဒီဝတ်စုံတွေဟာ တမူထူးခြားတာ အမှန်ဖြစ်ပေမယ့် အရေပြားအလှကို ပေါ်လွင်စေဖို့ မူရင်း ရည်ရွယ်ချက်ကို လျှော့ချတာကြောင့် ဖော်ပြချင်တဲ့ အတိုင်းအတာအထိ မရောက်ရှိခဲ့ဘူးလို့ ထောက်ပြကြပါတယ်။

ဒါ့အပြင် အဲ့ဒီဝတ်စုံတွေဟာ ကိုရီးယားရိုးရာဝတ်စုံရဲ့ လှပမှုနဲ့ ကျက်သရေရှိမှုတို့ကို ပျက်စီးသွားစေတယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဒီဇိုင်းကောလိပ်ရဲ့ အနုပညာစင်တာမှာ ဂရပ်ဖစ်ဒီဇိုင်း ဘာသာရပ်ကို သင်ယူနေတဲ့ ကျောင်းသူ Kim Se Yeon ဟာ ၂၀၁၉ ခုနှစ်အတွက် Miss Korea ဆုရှင် ဖြစ်ပါတယ်။

သတင်းတွေအရ Miss Korea ဆုရှင် Kim ဟာ East Light ကိုယ်ထိလက်ရောက်မှု အရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ Media Line Entertainment ရဲ့ စီအီးအို Kim Chang Hwan ရဲ့ သမီးဖြစ်ပါတယ်။

Ref:koreaboo

You may also like these stories:

Kim Kardashian West ရဲ့ “ကီမိုနို” အတွင်းခံကို ဂျပန်နိုင်ငံသားတွေ ဝေဖန်

ဝေဖန်မှုများကြောင့် Kim Kardashian ရဲ့ “ကီမိုနို”အတွင်းခံကို နာမည်ပြောင်းပေးမည်

The post ကိုရီးယား ရိုးရာဝတ်စုံကို Sexy ဆန်ဆန် ဝတ်ဆင်ခဲ့လို့ ဝေဖန်ခံနေရတဲ့ Miss Korea appeared first on ဧရာဝတီ.

ကင်ဆာရောဂါ ပျောက်ကင်းပြီးနောက် ဆေးရုံမှာ အရုပ်များ လှူဒါန်းခဲ့တဲ့ ကလေးငယ်

$
0
0

Zoe Figueroa လို့ အမည်ရတဲ့ ကလေးငယ်ဟာ အဆင့် ၄ ရှိတဲ့ ကျောက်ကပ်ဂလင်း ကင်ဆာကို ၁၆ လကြာကုသပြီးနောက်မှာတော့ အရှင်းပျောက်ကင်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego စီရင်စု၊ Lakeside မှာ နေထိုင်တဲ့ Zoe Figueroa ဟာ လော့အိန်ဂျလိစ်မြို့က ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။

“ကျမ သမီးလေးက သိပ်ကို အံ့သြစရာကောင်းလွန်းပါတယ်။ မွေးနေ့လက်ဆောင် ရတဲ့ အရုပ်တွေကို မလိုချင်ဘူး။ သမီးလိုတာတွေ အားလုံး သမီးမှာ ရှိနေပြီမို့ မရှိသေးတဲ့ ကလေးတွေကို လှူရအောင်လား မေမေတဲ့ သူက အဲ့လိုပြောတယ်”လို့ သူ့ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

Zoe Figueroa ဟာ အရုပ်ပေါင်း ၂၀၀ ခန့်ကို ရောဂါခံစားနေရတဲ့ ကလေးတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မွေးနေ့ပွဲကိုတော့ ဆေးရုံမှာပဲ ကျင်းခဲ့ပြီး Zoe Figueroa ရဲ့ မိဘတွေက အခြားကလေးတွေလည်း ပျော်ရွှင်အောင် ဂိမ်း၊ မျက်နှာအရောင်ခြယ် ပညာရှင်နဲ့ မျက်လှည့်ဆရာတွေကို ငှားခဲ့တယ်လို့ ဆိုပါတယ်။


”သမီးလေးရဲ့ ကင်ဆာက ပျောက်ကင်းပြီဆိုပေမယ့် ကျနော်တို့ အနေနဲ့ စိတ်ပူပန်မှုတော့ ရှိနေပါတယ်။ ဆေးတော့ ဆက်ပြီး သောက်ရဦးမယ်။ အခု ကျနော့် သမီးလေး ကင်ဆာ ခံစားနေရတာကနေ ပျောက်ကင်းရသလိုပဲ အခြားကလေးတွေကိုလည်း သက်သာစေချင်ပါတယ်”

“ဆေးရုံတက်တဲ့အချိန်မှာ ရင်းနှီးခဲ့တဲ့ ကလေး မိဘတွေနဲ့လည်း အဆက်အသွယ် မပြတ် နေသွားဖို့ ရှိနေပြီး လိုအပ်တာတွေကို ကူညီဖို့ အဆင်သင့်ပါပဲ”လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ Zoe Figueroa ကတော့ ဆေးရုံက ဆင်းရတဲ့အတွက် ပျော်ရွှင်ပြီး အရုပ်တွေ လှူဒါန်းရလို့ ကျေနပ်တယ်လို့ ဆိုပါတယ်။

Ref. Today.com

You may also like these stories:

The post ကင်ဆာရောဂါ ပျောက်ကင်းပြီးနောက် ဆေးရုံမှာ အရုပ်များ လှူဒါန်းခဲ့တဲ့ ကလေးငယ် appeared first on ဧရာဝတီ.

“ပြန်ဆိုတေး အခွေထွက်ပြီး ဝေဖန်မှုဒဏ် ခံနိုင်ပါ့မလား”ဆိုတဲ့ စိတ်ဖြစ်မိတဲ့ ဘီလီလမင်းအေး

$
0
0

Myanmar Idol Season 2 မှတဆင့် အဆိုတော်တယောက် ဖြစ်လာခဲ့တဲ့ ဘီလီလမင်းအေးကတော့ သူ့ရဲ့ ဒုတိယမြောက် တကိုယ်တော်အခွေက မကြာသေးခင်က ထွက်ရှိထားပြီး ဒီအခွေထဲမှာတော့ ပြန်ဆိုတေးသီချင်းများကို သီဆိုထားတဲ့အတွက် ဝေဖန်မှုဒဏ်ကို ခံနိုင်ပါ့မလားဆိုတဲ့ စိတ်ဖြစ်ခဲ့မိတယ်လို့ ပြောပါတယ်။

“ပြောရရင် ဒီသီချင်းခွေကို ပရိုမိုရှင်းလုပ်တုန်းက ကြောက်ခဲ့တယ်။ အမှန်အတိုင်း ပြောရရင် လူရှေ့တောင်မှ မထွက်ရဲလောက်အောင် ကြောက်ခဲ့တယ်။ သီချင်းတွေ ဆိုတဲ့အချိန်မှာ ငါ့ကို မကြိုက်တဲ့ ပရိသတ်တွေက ဝေဖန်တဲ့ ဒဏ်ကို ခံနိုင်ပါ့မလား။ Myanmar Idol မှာ ဝေဖန် တိုက်ခိုက်ခံခဲ့ရတဲ့ ဒဏ်လိုမျိုး တော်တော်လေး ထိခိုက် ခံစားခဲ့ရပါတယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။

အဆိုပါ ပြန်ဆိုတေးသီချင်းများ ပါဝင်ထားတဲ့ “Special One” အခွေကိုတော့ တဖက်မှာလည်း ဝေဖန်မှုများ ရှိနေပေမယ့်လည်း သူ့ရဲ့ ဒုတိယမှတ်တိုင် ဖြစ်တဲ့အတွက် ကျေနပ်တယ်လို့ ဘီလီလမင်းအေးက ဆိုပါတယ်။

“ပြန်ဆိုတေး ဖြစ်တဲ့အတွက် ဝေဖန်မှုကတော့ ရှိပေမယ့် ကျေနပ်ပါတယ်။ ဒီအခွေလေးက ဖူးရဲ့ ဒုတိယမှတ်တိုင် ဖြစ်တဲ့အတွက် ကျေနပ်ပါတယ်။ အရင်က ကြားဖူးတဲ့ Generation ကလည် ကြိုက်ကြသလို New Generation အတွက်လည်း အသစ်ဖြစ်နေတာကို တွေ့ရတယ်။ အဲ့တော့ ကျေနပ်ပါတယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။

မကြာခင်မှာလည်း Myanmar Idol Season 4 ပွဲကြီး ကျင်းပတော့မှာဖြစ်ပြီး နောက်ထပ် ပြိုင်ပွဲဝင်ကြမယ့်သူတွေကိုလည်း အားပေးစကား အခုလိုပဲ ပြောပါတယ်။

“Idol ဘယ် Season ပဲ ရောက်လာရောက်လာ Stage ပေါ်က သီချင်းသံကြားရင် ရင်ခုန်တုန်းပဲ။ ပြိုင်ခဲ့တဲ့အချိန်တွေကို လွမ်းသလို အဲ့ Stage ပေါ်မှာ ပြန်ဆိုချင်ပါတယ်။ အားလုံး ကြိုးစားပါ။ ကြိုးစားနေတဲ့ လူတယောက်အတွက် ပန်းတိုင်ဆိုတာ ရှိပါတယ်။ ကိုယ့်အတွက် တနေ့ရောက်လာမှာ ဖြစ်တဲ့အတွက် ကြိုးစားကြပါ။ ပြီးတော့ မကြောက်ပါနဲ့။ ကြောက်စိတ်က ကိုယ့်ကို ဆွဲချတတ်တယ်။ အိမ်မှာပဲ သီချင်းအော်ဆိုသလို ရဲရဲဝင့်ဝင့် သီဆိုပါ” လို့ ဘီလီလမင်းအေးက ပြောပါတယ်။

ဘီလီလမင်းအေးကတော့ Myanmar Idol သီချင်းဆို ပြိုင်ပွဲပြီးခဲ့ပြီးနောက် သူ့ရဲ့ပထမဆုံး တကိုယ်တော်အခွေ “အရှုံးမပေးတဲ့ ဝိဉာဉ်” ထွက်ရှိခဲ့ပြီး အဲဒီနောက်မှာတော့ ဒုတိယအခွေအဖြစ် “Special One” အခွေ ထပ်မံ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

“အတွဲသီချင်းတွေ ဆိုရတာ၊ ဖက်ရတာ မိဘတွေရှေ့မှာ မျက်နှာပူတယ်”လို့ ပြောတဲ့ ဘီလီလမင်းအေး

“ပြန်ဆိုတေးပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သီချင်းပဲ ဖြစ်ဖြစ် အားပေးပါတယ်”လို့ ပြောတဲ့ ရေဗက္ကာဝင်း

ပြန်ဆိုတေးတွေ ပါဝင်တဲ့ ဘီလီလမင်းအေးရဲ့ “Special One” ဒုတိယ တေးစီးရီး ထွက်ရှိ

“ပြန်ဆိုတေးတွေ ဆိုတဲ့အခါ မူရင်းသီချင်းကို မလေ့လာကြဘူး”

The post “ပြန်ဆိုတေး အခွေထွက်ပြီး ဝေဖန်မှုဒဏ် ခံနိုင်ပါ့မလား”ဆိုတဲ့ စိတ်ဖြစ်မိတဲ့ ဘီလီလမင်းအေး appeared first on ဧရာဝတီ.


ပုဂံ ယူနက်စကို ဂုဏ်ပြုကြိုဆိုပွဲမှာ သီဆို ဖျော်ဖြေမယ့် အဆိုတော် ဖြိုးကြီး

$
0
0

မကြာခင် ပုဂံမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမယ့် အဆိုတော် ဖြိုးကြီးကတော့ ပုဂံ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ဝင်သွားတဲ့အတွက် အရမ်းဂုဏ်ယူတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လတ်တလော ပုဂံ ယူနက်စကို ဝင်တဲ့ပွဲ သွားဆိုဖို့ ရှိမယ်။ ပြန်လာရင် Single Song ထွက်ဖို့ ရှိပါတယ်။ ယူနက်စကို ဝင်အောင် ကြိုးစားကြတဲ့လူတွေ အားလုံးကို ကျေးဇူးတင်တယ်။ ပုဂံ အမှတ်တရတွေ ကတော့ အများကြီးပေါ့။ E Bike စီးရတာ ပျော်ဖို့ကောင်းတယ်။ ပုဂံရောက်တိုင်း မရောက်မဖြစ် သွားတာ ကတော့ အလိုတော်ပြည့်ပါ။ ကျနော်တို့ အိမ်နီးနားချင်း ထိုင်းမှာလည်း အယုဒ္ဓယဆို ယူနက်စကို ဝင်ထားတယ်။ ကျနော်တို့ ပုဂံလည်း ယူနက်စကို ဝင်လိုက်တော့ ဘောင်ဝင်သွားတာပေါ့”လို့ ဖြိုးကြီးက ပြောပါတယ်။

ပရိသတ်တွေနဲ့ အနည်းငယ် အလှမ်းဝေးနေတဲ့ အဆိုတော် ဖြိုးကြီးကတော့ အချစ်သီချင်းတွေ အွန်လိုင်းကနေ တင်ပေးဖို့ရှိပြီး အဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်လို့ ဒိုင်လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

“ကျနော် Single Song က သြင်္ကန်ပြီးကတည်းက ထွက်ရမှာ။ မအားတာနဲ့ စိတ်က တည်လို့ မရတာနဲ့ မလုပ် ဖြစ်ဘူး။ ပုဂံက ပြန်ရောက်တာနဲ့ လုပ်မယ်။ သီချင်းတွေက ရေးပြီးသားတွေလည်း ရှိတယ်၊ တီးပြီးသားတွေလည်း ရှိတယ်။ မဆိုသေးတာ။ အချစ်အကြောင်းတွေ ဆိုထားတာတွေ အွန်လိုင်းကနေ တင်ပေးဖို့ရှိတယ်။ အခု အဆိုပြိုင်ပွဲတွေ ရှိပေမယ့် ကျနော် ဒိုင်လုပ်ဖို့ မရှိပါဘူး။ အဲ့အတွက်လည်း ပြင်ဆင်ထားတာ မရှိပါဘူး။ ကမ်းလှမ်းလာရင်လည်း လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာလည်း မစဉ်းစားထားသေးပါဘူး”လို့ ဖြိုးကြီးက ပြောပါတယ်။

အဆိုတော်သစ်တွေ ထွက်ပေါ်လာတဲ့ အကြောင်းကိုလည်း ဖြိုးကြီးက “ပြိုင်ပွဲတွေ များလာပြီး အဆိုတော် သစ်လေးတွေ ထွက်ပေါ်လာတာတော့ ကောင်းပါတယ်။ ဂီတကို ချစ်တဲ့ စိတ်တခုတည်းနဲ့ သီချင်းဆိုတဲ့ သူတွေ များလာတာကို ကြိုဆိုပါတယ်။ ကျန်တာတွေတော့ နားမလည်ဘူး။ အခု နောက်ပိုင်းဂီတနဲ့ ပတ်သက်ပြီး လေ့လာစရာတွေလည်း အများကြီး၊ Instrument တွေဆိုရင်လည်း ထိုက်သင့်တဲ့ ငွေကြေးနဲ့ အလွယ်တကူ ရတယ်။ အများကြီး တိုးတက်လာတာ တွေ့ရတော့ နောက် မျိုးဆက်တွေအတွက် အရမ်းဝမ်းသာတယ်”လို့ ပြောပါတယ်။

အဆိုတော် ဖြိုးကြီးဟာ ပရိသတ်တွေနဲ့ အနည်းငယ် အလှမ်းဝေးနေပေမယ့် နယ်ဖျော်ဖြေပွဲတွေကိုတော့ သီဆိုနေရဆဲ အဆိုတော် ဖြစ်ပါတယ်။ အဆိုတော် ဖြိုးကြီးဟာ မကြာသေးခင်က ”ငါ့ရဲ့ အရာရာ” ဆိုတဲ့ တကိုယ်တော် တေးစီးရီးကို ထွက်ရှိထားပါတယ်။

You May Also Like This Story:

“ငါ့ရဲ့ အရာရာ” နဲ့ ပရိသတ်ထံ ပြန်လာတဲ့ အဆိုတော် ဖြိုးကြီး

The post ပုဂံ ယူနက်စကို ဂုဏ်ပြုကြိုဆိုပွဲမှာ သီဆို ဖျော်ဖြေမယ့် အဆိုတော် ဖြိုးကြီး appeared first on ဧရာဝတီ.

အနုပညာနဲ့ ပတ်သက်ရင် အိုက်တင်တွေပဲ လုပ်ချင်နေတဲ့ ဆုပန်ထွာ

$
0
0

ဝါရင့် သရုပ်ဆောင်တဦးဖြစ်တဲ့ ဆုပန်ထွာကတော့ အနုပညာအလုပ်နဲ့ ပတ်သက်ရင် အိုက်တင်တွေပဲ လုပ်ချင်နေပြီး အိုက်တင် တကယ်လုပ်ရမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ရိုက်မှာပါလို့ပြောပါတယ်။

“အနုပညာနဲ့ ပတ်သက်လို့ အိုက်တင်တွေ လုပ်ချင်တယ်။ အဲ့အတွက်ကြောင့် အိုက်တင်တွေ လုပ်ရတဲ့ ကားဆိုရင် ဗီလိန်မှ မဟုတ်ဘူး။ မင်းသမီးမှ မဟုတ်ဘူး။ အိုက်တင် တကယ် လုပ်ရမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ်ရိုက်မှာပဲ။ ကိုယ်ရွေးချယ် ရိုက်ကူးတဲ့ ကားလေးတွေ ပရိသတ်ရင်ထဲ ရောက်ရင်ကို ကျေနပ်နေရော။ အဲ့လိုမျိုးပါ”လို့ ဆုပန်ထွာက ပြောပါတယ်။

ရုပ်ရှင်ကားကြီးများအနေနဲ့ လာငှားမယ့်သူ ရှိမှသာ ရိုက်ရမှာဖြစ်ပြီး ဇာတ်လမ်းတွဲများကိုတော့ ကာရိုက်တာရွေးပြီး လက်ခံဖြစ်တယ်လို့ ဆိုပါတယ်။

“ရုပ်ရှင်ကားကြီးတွေကျတော့ ကျမတို့ မရိုက်ကို မရိုက်ဖြစ်တာ။ မရိုက်ဖြစ်တာကလည်း ကိုယ့်ကို ငှားတဲ့သူ ရှိမှလည်း ရုပ်ရှင်ကားကြီးတွေက ရိုက်ရမှာလေ။ မငှားလို့ မရိုက်ရတာပေါ့။ ဇာတ်လမ်းတွဲတွေကတော့ မငှားတာ မဟုတ်ဘူး။ ငှားတယ်။ ကာရိုက်တာလေး ရွေးတယ်ပေါ့။ အဲဒါပါပဲ”လို့ ဆုပန်ထွာက ပြောပါတယ်။

ရောက်လာတဲ့ ဇာတ်လမ်းများကိုတော့ ရွေးချယ်ပိုင်ခွင့် ရှိပြီး ကာရိုက်တာနဲ့ မညီရင် မရိုက်ဖြစ်တာ များတယ်လို့ ဆုပန်ထွာက ဆိုပါတယ်။

“ရွေးရမှာပဲလေ။ ရွေးရမှာပဲဆိုတာက ကျမတို့မှာ ရွေးချယ်ခွင့် ရှိတယ်။ ကျမဆိုရင် “မနေ့က ဖြစ်သည်” ရိုက်ပြီးတော့ MRTV-4 ကပဲ ဇာတ် ၂ ဇာတ် လာငှားတယ်။ ကျမအနေနဲ့ ကိုယ်နဲ့ သိပ်အဆင်မပြေဘူး၊ ကိုယ်ရိုက်ဖို့အတွက် ကိုယ့် ကာရိုက်တာနဲ့ မညီဘူးဆိုတော့ ငြင်းခဲ့တာပေါ့”လို့ ဆုပန်ထွာက ပြောပါတယ်။

ဆုပန်ထွာကတော့ နောက်ဆုံးအနေနဲ့ “နေရယ် လရယ် အမှန်တရားရယ်” ဇာတ်လမ်းတွဲ ရိုက်ကူးထားပြီး MRTV-4 ဇာတ်လမ်းတွဲအနေနဲ့လည်း “မနေ့ကဖြစ်သည် ၂” မှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“မပန် နောက်ဆုံ းရိုက်ထားတာကတော့ “နေရယ် လရယ် အမှန်တရားရယ်”ပေါ့။ အဲ့ကားလေးကလည်း တရားရေးနဲ့ ပတ်သက်လို့ ရိုက်ထားတဲ့ ကားလေး။ ဒီကားထဲမှာလည်း မပန်က ရှေ့နေမလေး မနှင်းဆီအဖြစ်နဲ့ သရုပ်ဆောင်ထားတယ်။ ဒီကာရိုက်တာလေးကိုလည်း ကျမ ကြိုက်လို့ ရိုက်တာပေါ့”

“နောက်တခုက နောက်ဆုံး ပြသခဲ့တဲ့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲပေါ့။ အဲ့ထဲမှာတော့ ဒေါ်သီတာပေါ့။ မာန်မာန ကြီးတယ်။ အတ္တ ကြီးတယ်။ လှလည်း လှတယ်၊ မိုက်လည်း မိုက်တယ်။ အဲ့ကာရိုက်တာလေးကိုလည်း ကြိုက်လို့ ရိုက်ခဲ့တာပါ”လို့ ဆုပန်ထွာကပြောပါတယ်။

ဆုပန်ထွာကတော့ မကြာသေးမီအချိန်ကလည်း သူ့ရဲ့တကိုယ်တော်အခွေ “သေလောက်အောင် ချစ်တယ်” ဆိုတဲ့ အခွေရဲ့ Music Video လည်း ထွက်ရှိထားပြီး ရုပ်ရှင် ရိုက်ကူးရေးအနေနဲ့ လတ်တလောမှာ မရှိသေးဘူးလို့ သိရပါတယ်။

You may also like these stories:

“အသက်အရွယ်အရ ကလေး ထပ်မယူတော့ဘူး” ဆိုတဲ့ ဆုပန်ထွာ

“သီချင်းတွေကို နားထောင်ပြီး ခံစားသွားရတာနဲ့တင် ကျေးဇူးတင်မိမှာပါ”လို့ ပြောတဲ့ ဆုပန်ထွာ

“ပိုက်ဆံပေးတိုင်းလည်း ဥပဒေနဲ့ အမှန်တရားကို ကျော်လို့ မရဘူး”

The post အနုပညာနဲ့ ပတ်သက်ရင် အိုက်တင်တွေပဲ လုပ်ချင်နေတဲ့ ဆုပန်ထွာ appeared first on ဧရာဝတီ.

“လူတယောက်ချင်းစီမှာ ကောင်းတဲ့ စိတ်ထားတွေရှိရင် ကောင်းမယ်”လို့ ထွန်းထွန်း ပြော

$
0
0

လတ်တလော ဆိုရှယ် မီဒီယာမှာ ပျံ့နှံ့နေတဲ့ သက်ငယ်မုဒိမ်းမှုတွေ အပေါ် လူတဦး တယောက်ချင်းစီက ကောင်းတဲ့ စိတ်ထားတွေ ထားမယ်ဆိုရင် ကောင်းမယ်လို့ သရုပ်ဆောင် ထွန်းထွန်းက ပြောပါတယ်။

“သက်ငယ်မုဒိမ်းဆိုတာ တော်တော်ကို မဖြစ်သင့်တာပါ။ လူတွေ တယောက်ချင်းစီ ကောင်းတဲ့ စိတ်ထားလေးတွေရှိရင် တော်တော်ကောင်းမယ်လို့ တွေးမိပါတယ်။ ဒီလိုကောင်မျိုးတွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဒေါသစိတ်နဲ့ ပြောလိုပေမယ့် ဘာတွေဖြစ်မလဲဆိုတာ မသိနိုင်တဲ့အတွက် စကားကို အကုန် မပြောလိုပါဘူး။ တယောက်ချင်းစီက ဒါဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ အရာလို့တွေးလိုက်ရင် အကုန်လုံး အဆင်ပြေသွားမှာပါ”

“ဥပဒေ အားနည်းတဲ့ အပေါ်မှာတော့ ကျနော်ဘာမှ မပြောလိုပါဘူး။ ကျနော်တို့ထက် သိတဲ့သူတွေက ပြောနေကြတာကို ကျနော်လည်း ဖတ်နေရတာပဲ။ အဓိကက မကောင်းတာတွေ မဖြစ်တာ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ အခုက အရင်တုန်းကနဲ့ မတူတော့ဘူး။ ရင်နာစရာတွေပေါ့။ တဦး တယောက်ချင်းစီနဲ့လည်း ဆိုင်ပါတယ်။ လူဆိုတာ ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါ။ ကိုယ့်စိတ်ထဲမှာ မကောင်းတဲ့ စိတ်တွေရှိနေရင် အကုန်ထုတ်လိုက်တာ အကောင်းဆုံးပဲ။ အကျိုးမှ မရှိတာ၊ ကောင်းလည်း မကောင်းဘူး”လို့ ထွန်းထွန်းက ပြောပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းကတော့ လက်ရှိမှာ Bo Bo Film Proudution နဲ့အတူ “ခေါ်သံ” ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ဖို့ ရှိပြီး တကားနဲ့ တကား ကာရိုက်တာ မတူအောင် ကြိုးစား ရိုက်ကူးနေတယ်လို့ ပြောပါတယ်။

“ကျနော် ခေါ်သံကား ရိုက်ဖို့ရှိမယ်။ နောက်ထပ် ကမ်းလှမ်းထားတာ ၄ ကား ရှိပါသေးတယ်။ တကားနဲ့ တကားလည်း ကာရိုက်တာတွေ မတူနိုင်ပါဘူး။ သေချာတာတော့ ကာရိုက်တာ မထပ်အောင် ကြိုးစားထားပါတယ်။ သို့ပေမယ့် ဇာတ်လမ်း အသွားတွေ၊ ဇာတ်ကောင်တွေ တူနေတတ်တာလေးတွေ ရှိပါတယ်။ အဲ့အခါ တင်ပြပုံ မတူအောင်ဘဲ အကောင်းဆုံး ကြိုးစားသွားမှာပါ”

“ကျနော့် မူက အသက်အရွယ်နဲ့ လိုက်ဖက်ပြီး ဇာတ်တခုကို အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင်နိုင်မယ်လို့ စိတ်ထဲမှာ မှတ်ယူပြီး ဇာတ်ကားတွေကို လက်ခံ ရိုက်ကူး ဖြစ်ပါတယ်။ ကျနော် အခု ဒရာမာတွေ ရိုက်ချင်နေတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။

သရုပ်ဆောင် ထွန်းထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဆက်တိုက် ပါဝင် သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဂီတလောကကနေ သရုပ်ဆောင်ပိုင်းကို ပြောင်းလဲ လုပ်ကိုင်ခဲ့တဲ့ ထွန်းထွန်းဟာ ၂၀၁၆ ခုနှစ်မှာ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

You May Also Like These Stories:

“သက်ငယ်မုဒိမ်းကို သေဒဏ်ပေးရင် ဖြစ်လာမယ့် ဆိုးကျိုးက ပိုများမယ်”လို့ ထွန်းအိန္ဒြာဗို ပြော

“ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူရင် ပြစ်မှုကျူးလွန်သူတွေ လျော့သွားမှာပါ”လို့ ခင်လှိုင် ပြော

“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို အရူးထောင် ပို့သင့်တယ်”လို့ အလှမယ် ရွှေအိမ်စည် ပြော

The post “လူတယောက်ချင်းစီမှာ ကောင်းတဲ့ စိတ်ထားတွေရှိရင် ကောင်းမယ်”လို့ ထွန်းထွန်း ပြော appeared first on ဧရာဝတီ.

“ဇာတ်ကား တကားရိုက်ရင် ချစ်သူက အစအဆုံး ပြင်ဆင်ပေးတယ်”လို့ ရဲရင့်အောင် ပြော

$
0
0

အဆိုတော်အပြင် သရုပ်ဆောင် အလုပ်ပါ လုပ်ကိုင်နေပြီဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်က လတ်တလောမှာ Bo Bo Film Production ကနေ ထုတ်လုပ် ရိုက်ကူးမယ့် “ခေါ်သံ” ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်သွားဖို့ ရှိပြီး ပါဝင်ရတဲ့ အပိုင်းကို ကျေပွန်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

“ကျနော် ခေါ်သံ ဇာတ်ကားမှာ ထွန်းတောက် နေရာက သရုပ်ဆောင်ရမှာပါ။ ဇာတ်ကားပုံစံက သရဲ ဟာသကားလေးပါ။ သရုပ်ဆောင်တွေများလို့ လုပ်ကွက်ရလား ဆိုတော့ တယောက်ကို ထူးခြားတဲ့ အမူအကျင့် တခုစီပါတော့ ကိုယ့်အပိုင်းကို ကျေပွန်အောင် ကြိုးစား လုပ်ရမှာပေါ့။ ဇာတ်ကား တခါရိုက်တိုင်း ဇာတ်ကားထဲမှာပါတဲ့ စီနီယာတွေဆီကနေ ရသင့် ရထိုက်တာတွေ ရတယ်။ ကျနော့်အတွက်လည်း လေ့လာစရာတွေ အများကြီး ရပါတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။

ဆက်လက်ပြီး ရဲရင့်အောင်က ဇာတ်ကား တကားရိုက်တော့မယ်ဆိုရင် သေချာ အစအဆုံး ပြင်ဆင်ပြီး ချစ်သူဖြစ်တဲ့ မော်ဒယ် ဧငြိမ်းဖြူကလည်း အစစအရာရာ ကူညီ ပြင်ဆင်ပေးတယ်လို့ ပြောပါတယ်။

“ကျနော့် ဇာတ်ကားတွေကို ကျနော် ပြန်ကြည့်ပြီး လိုအပ်ချက်တွေကို ပြန်ပြင်ဆင်ဖို့ ကြိုးစားပါတယ်။ ကျနော် အားနည်းချက်လေးတွေကို မြင်ရတယ်။ ဇာတ်ကားရိုက်ကူးဖို့ အတွက်တော့ ကျနော် အချိန်လည်းပေးလို့ ရမယ်၊ ဇာတ်ထဲလည်း စိတ်နှစ်ထားလို့ရမယ် ဆိုရင် ရိုက်ပါမယ်။ ချစ်သူက ကျနော် ဇာတ်ကားရိုက်တော့မယ်ဆိုရင် လိုအပ်တာတွေ သူ စီစဉ်ပေးတယ်။ စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်နိုင်အောင် သူ စီစဉ်ပေးတယ်။ ရှေ့လထဲမှာ ကျနော် ပါဝင်ထားတဲ့ ဂျင်ပါတီ ရုံတင်ဖို့ ရှိတယ်”လို့ ရဲရင့်အောင်က ဆိုပါတယ်။

အဆိုတော် အနေနဲ့ သီချင်းတွေ မထွက်တာကြာပြီ ဖြစ်တဲ့ ရဲရင့်အောင်က မကြာခင်မှာလည်း အခွေထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“သီချင်းအနေနဲ့ “စိတ်ရှည်သည်းခံ” သီချင်းကို ခွေမထွက်ခင် ပရိသတ်တွေကို ချပြတာပေါ့။ ကျနော်လည်း Single အနေနဲ့ မထွက်တာ တနှစ်လောက်ရှိပြီ ဆိုတော့ အွန်လိုင်းကနေ တင်ပေးနေတာ သီချင်းသစ် နားထောင်ဖို့ပေးတယ် ဆိုတဲ့သဘောပါ။ အွန်လိုင်းကနေ သီချင်းတွေလည်း ထပ်လာမယ်။ မကြာခင် အခွေလည်း ထွက်တော့မှာပါ”

“သီချင်းဆိုတာနဲ့ သရုပ်ဆောင်တာ ဘာတွေ ကွာခြားလဲဆိုတော့ သီချင်းက ကျနော် တယောက်တည်း ကျနော် ဖြစ်တာတွေကို စိတ်ထဲမှာ ရှိတဲ့အတိုင်း ကျနော် လုပ်လို့ရတယ်။ ဇာတ်ကားရိုက်ကူးမှု အပိုင်းမှာကတော့ ဇာတ်လမ်းထဲက ကာရိုက်တာ၊ တခြားသူတွေနဲ့ ပတ်သက် ဆက်နွယ်မှု၊ ဇာတ်လမ်းသွားချင်တဲ့ ပုံစံအရ ကျနော်က ဝင်ဆန့်အောင် နေပေးရပါတယ်။ အဲ့ဒါတွေတော့ ကွာခြားတာပေါ့”လို့ ရဲရင့်အောင်က ပြောပါတယ်။

လူငယ်ကြိုက် အဆိုတော်တဦး ဖြစ်တဲ့ ရဲရင့်အောင်က ဂီတလောကမှာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့သူတဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးလျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ရဲရင့်အောင်က “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယခုနှစ်မှာလည်း “ခေါ်သံ” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

You may also like these stories:

“တကိုယ်တော်အခွေမှာ ရဲရင့်အောင်ကဘာလဲ ဆိုတာ သိအောင်ချပြဖို့ရှိတယ်”

ဟာသနဲ့ သရဲကား ကြိုက်သူတွေအတွက် Horror Comedy ရုပ်ရှင် “ခေါ်သံ”

“LGBT တွေကို ထောက်ခံတယ်”လို့ ပြောတဲ့ အဆိုတော် ရဲရင့်အောင်

The post “ဇာတ်ကား တကားရိုက်ရင် ချစ်သူက အစအဆုံး ပြင်ဆင်ပေးတယ်”လို့ ရဲရင့်အောင် ပြော appeared first on ဧရာဝတီ.

ဘယ်မင်းသားနဲ့မဆို အတွဲညီစွာ အလိုက်ဖက်ဆုံး သရုပ်ဆောင်နိုင်ကြတဲ့ ကိုရီးယား မင်းသမီးများ

$
0
0

ကိုရီးယားနာမည်ကြီး မင်းသမီးတွေထဲမှာ ဘယ်မင်းသားနဲ့ပဲ တွဲရိုက်ရိုက် လိုက်ဖက်မှု အရှိဆုံးပဲလို့ သတ်မှတ်ခံထားရသူတွေ ရှိပါတယ်။ တွဲဖက်မင်းသားတွေနဲ့ လိုက်ဖက်လွန်းလို့ အပြင်မှာတောင် အတည်တွဲစေချင်နေတဲ့ ပရိသတ် သဘောကျ မင်းသမီးတွေက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

 

Park Min Young

မင်းသမီး Park Min Young ကတော့ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတိုင်းလိုလိုမှာ မင်းသားတွေနဲ့ Chemistry အဖြစ်ဆုံးလို့ ပြောရမလိုပါပဲ။ မင်းသား ဂျီချန်းဝုခ်နဲ့ “Healer” ကစလို့ နောက်ပိုင်း ပရိသတ်တွေ သည်းသည်းလှုပ် အားပေးခဲ့တဲ့ မင်းသား ပတ်ဆောဂျွန်းနဲ့ “What’s Wrong With Secretary Kim” ရယ်၊ နောက်ဆုံးရိုက်ကူးခဲ့တဲ့ မင်းသား ကင်ဂျေးဝုခ်နဲ့ “Her Private Life” ဇာတ်ကားတွေမှာ တော်တော်လေး အတွဲညီစွာ သရုပ်ဆောင်ခဲ့တာကို ပရိသတ်တွေ မြင်တွေ့ရပါတယ်။

What’s Wrong With Secretary Kim

Park Shin Hye

နောက်ထပ် နာမည်ကြီး မင်းသမီးတဦးကတော့ ပတ်ရှင်ဟေးပါ။ တွဲရိုက်ခဲ့တဲ့ မင်းသားတိုင်းနဲ့ အတွဲညီတာ တွေ့ရပြီး မင်းသား ဂျန်ဂန်ဆော့နဲ့ “You’re Beautiful” ၊ မင်းသား ဂျောင်ယောင်ဟွာနဲ့ “Heartstrings” ၊ မင်းသား လီမင်ဟိုနဲ့ “Heirs” ဇာတ်ကားတွေမှာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒါ့အပြင် ပတ်ရှင်ဟေးက နာမည်ကြီး မင်းသား တော်တော်များများနဲ့ သူငယ်ချင်း ဆက်ဆံရေး ရှိတာကြောင့်လည်း ဇာတ်လမ်းတွေမှာ ပိုပြီပြင်စေတာလို့ ဆိုပါတယ်။

Heirs Drama

Han Ji Min

၂၀၁၉ ခုနှစ်ကတော့ မင်းသမီး ဟန်ဂျီမင်အတွက် အလုပ်အများဆုံး နှစ်တနှစ်ပါပဲ။ ဇာတ်သိမ်းသွားတဲ့ မင်းသား ဂျန်ဟာအင်နဲ့ “One Spring Night” ၊ မင်းသား နမ်ဂျူယော့နဲ့ “Radiant” ဇာတ်ကားတွေမှာ ဆိုရင်လည်း အသက်ကွာပေမယ့် လိုက်ဖက်ညီအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဟာသဉာဏ်ရှိပြီး ပျော်ပျော်နေတတ်တဲ့ သူမကြောင့် အတူသရုပ်ဆောင်တဲ့ မင်းသားတွေနဲ့ ဆက်ဆံရေး ပိုကောင်းတယ်လို့ မှတ်ချက်ပြုခံထားရပါတယ်။

One Spring Night

Park Bo Young

နောက်တယောက်ကတော့ အရွယ်သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီး ပတ်ဘိုယောင်းပါ။ မင်းသား ဆောင်ဂျွန်ကီနဲ့ ရိုက်ကူးခဲ့တဲ့ “A Werewolf Boy” ဇာတ်ကားကစလို့ ပရိသတ် သဘောကျခဲ့တဲ့ မင်းသား ပတ်ဟွန်းဆစ်နဲ့ “Strong Girl Bong-soon” အပြင်၊ နောက်ဆုံး ထွက်ရှိခဲ့တဲ့ မင်းသား အန်ဟိုဆော့နဲ့ “Abyss” အထိ မင်းသားတွေနဲ့ အတွဲညီညီ သရုပ်ဆောင်နိုင်ခဲ့သူပါ။

Kim Ji Won

ကြော်ငြာတွေနဲ့ အရင်အောင်မြင်ခဲ့ပေမယ့် သူ့ကို နိုင်ငံတကာပရိသတ်တွေ စတင်သတိထားမိတာကတော့ DOTS ဇာတ်လမ်းတွဲထဲမှာ မင်းသား ဂျင်ဂူနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဗိုလ်ကြီး Yoo Myung Joon အဖြစ်နဲ့ပါ။ အောင်မြင်မှုကို အရှိန်ပိုမြင့်သွားတဲ့ နောက်ထပ်ဇာတ်ကားကတော့ မင်းသား ပတ်ဆောဂျွန်းနဲ့ “Fight My Way” ပါ။ မတူညီတဲ့ ဇာတ်ရုပ်တွေမှာ တွဲဖက်မင်းသားတွေနဲ့ အလိုက်ဖက်ဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီး တလက်လို့ ပရိသတ်တွေက ဆိုကြပါတယ်။

Ref: Soompi

You may also like these stories:

သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် မင်းသား Park Seo Joon ရဲ့ ဇာတ်ကားသစ် “The Divine Fury”

Women In Film Gala ပွဲကို တက်ရောက်တဲ့ ပထမဆုံး ကိုရီးယားမင်းသမီး Claudia Kim

ပရိတ်သတ်တွေထင်သလို မဟုတ်တဲ့အကြောင်း ငြင်းဆိုလိုက်တဲ့ မင်းသား Park Seo Joon

အသက်သုံးဆယ်ကျော်တဲ့အထိ ကျောင်းဝတ်စုံနဲ့ ကြည့်ကောင်းနေဆဲ ကိုရီးယားသရုပ်ဆောင်များ

The post ဘယ်မင်းသားနဲ့မဆို အတွဲညီစွာ အလိုက်ဖက်ဆုံး သရုပ်ဆောင်နိုင်ကြတဲ့ ကိုရီးယား မင်းသမီးများ appeared first on ဧရာဝတီ.

Viewing all 7258 articles
Browse latest View live