တချိန်က နာမည်ရခဲ့တဲ့ လူရွှင်တော်၊ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဧရာက ကျန်းမာရေးကြောင့် ကြိတ်ငိုခဲ့ရတာတွေ အများကြီးရှိခဲ့တယ်လို့ ပြောပါတယ်။
“ကျန်းမာရေးကတော့ ခါးဆစ်ရိုး ကျိုးထားတော့ အကောင်းတော့ ပြန်မဖြစ်ဘူးပေါ့။ ပင်ပန်းသွားရင် နာလာတာပေါ့။ ထပ်ဖြစ်တာက အူ အတက်ပေါက်တယ်။ ကင်ဆာတောင် ဖြစ်နိုင်တယ် ပြောတာ။ အခု တော်တော်တော် သက်သာနေပါတယ်။ ဆေးသောက် နေတာပေါ့။ နောက် အသည်းတွေ ကြီးတယ်၊ အစာအိမ် ရောင်တယ်။ မျက်လုံးတိမ် ဖြစ်နေတယ် ဆိုတာနဲ့ စာလေးလည်း ရေးချင်တာနဲ့ နှစ်ဖက်လုံး ခွဲထားတာ တော်တော်ခံလိုက်ရတယ်”
“ပထမတော့ စိတ်ညစ်တယ်။ ကြိတ်ငိုခဲ့တာတွေ အများကြီးပေါ့။ နောက်တော့ တရားနဲ့ ဖြေပါတယ်။ တချိန်က ပြုခဲ့တဲ့ ကံကို အခု ပြန်ပေးဆပ်နေရတာပဲ။ ကောင်းမယ် ထင်တာတွေပဲ လုပ်မယ်လို့ တွေးတယ်။ အခုတော့ ဒါရိုက်တာ မောင်သီနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်တယ်”လို့ သရုပ်ဆောင် ဧရာက ပြောပါတယ်။
ကျန်းမာရေး ပြန်ကောင်းနေပြီ ဖြစ်တာကြောင့် တက်စီကား ပြန်မောင်းဖို့ စဉ်းစားနေတဲ့ ဧရာက အနုပညာအလုပ်တွေကို ခေါ်ရင်ရိုက်မယ်လို့ ဆိုပါတယ်။ အရင် ဟာသ သရုပ်ဆောင် လုပ်ခဲ့တုန်းကလည်း မစုဆောင်းမိခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။
“ကျနော်တို့ အနုပညာသမားတွေက ကျန်းမာရေးကောင်းတုန်းက အလုပ်တွေ လုပ်ခဲ့တာ ပင်ပန်းတာကို ပင်ပန်းတယ်လို့ မတွက်မိဘူး။ နားရမှာကို နားရမယ်လို့ မစဉ်းစားမိဘူး။ ပျော်ပြီး ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ပျော်ဖို့အတွက် ဇွတ်လုပ်ကြတဲ့အခါ သက်တမ်းတွေ တိုလာတာပေါ့။ ကျနော်တို့က ရုပ်ရှင်မှာဆို ဇာတ်ပို့၊ ဇာတ်ရံ၊ သဘင်မှာဆို လူရွှင်တော်၊ ကျနော်တို့မှာ အောင်မြင်လို့ တိုးတက်ရင်တောင် မင်းသားလောက် ဈေး မရဘူး။ မင်းသမီးတွေလောက် ဈေးမရဘူး။ မင်းသား၊ မင်းသမီးတွေလို မစုဆောင်းမိဘူး”
“အစိုးရဝန်ထမ်းဆိုရင် ပင်စင်တို့ ရှိတာပေါ့။ ကျနော်တို့တွေကျတော့ နာလာတော့ ပိုဆိုးတာပေါ့။ ကျနော်တို့ကတော့ ၅၆ နှစ်မှာ ကောင်းကောင်း သိလိုက်ပြီ။ ကျနော် အရင်တုန်းကလည်း အလုပ်မျိုးစုံ လုပ်ခဲ့တယ်။ ကားမောင်းလည်း စားတယ်။ အခု တက်စီကား ပြန်မောင်းဖို့ စဉ်းစားနေတယ်။ ကျနော့် ကျန်းမာရေး အခြေအနေနဲ့ အဆင်ပြေမယ်တော့ ထင်ပါတယ်။ အနုပညာကတော့ ခေါ်ရင်လုပ်မယ်”လို့ ဧရာက ဆိုပါတယ်။
ဧရာဟာ ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောစရာတွေ ဖန်တီးပေးတတ်တဲ့ လူရွှင်တော်တဦး ဖြစ်သလို ဟာသသရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင် ဝါသနာ ပါလွန်းတာကြောင့် သရုပ်ဆောင်အလုပ်ကို ပြန်လုပ်နိုင်ဖို့ ကျန်းမာရေးကောင်းအောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။
You may also like these stories:
သရုပ်ဆောင် မိုးဒီ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာပြီဟု ဆို
အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးရဲ့ လက်ရှိ ကျန်းမာရေးအကြောင်း ပြောပြတဲ့ လင်းဇာနည်ဇော်
The post “ကျန်းမာရေး မကောင်းတာကြောင့် ကြိတ်ငိုခဲ့ဖူးတယ်”လို့ ပြောတဲ့ လူရွှင်တော် ဧရာ appeared first on ဧရာဝတီ.