K-pop အဆိုတော် အဖွဲ့တဖွဲ့ ဖြစ်တဲ့ BTS အဖွဲ့ရဲ့ သီချင်း ၃ ပုဒ်ဟာ အမေရိကန် အာကာသအေဂျင်စီ (နာဆာ) ရဲ့ လကို သွားမယ့် နောက်ထပ် ခရီးစဉ်အတွက် သီချင်းစာရင်းမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
နာဆာဟာ ၂၀၂၄ ခုနှစ်မှာ နောက်ထပ်တကြိမ် လပေါ်ကို ဆင်းသက်နိုင်ဖို့ စီစဉ်နေတယ်လို့ အေဂျင်စီရဲ့ လူမှုကွန်ရက် စာမျက်နှာ SNS မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့တုန်းက Twitter မှာ တင်ခဲ့တဲ့ ပို့စ်တခုအရဆိုရင် BTS အဖွဲ့ရဲ့ သီချင်း ၃ ပုဒ်ဖြစ်တဲ့ “Moonchild”၊ “Mikrokosmos” နဲ့ “134340” တို့ဟာ နာဆာက စီစဉ်ထားတဲ့ လပေါ်သွားမယ့် ခရီးစဉ်အတွက် သီချင်းစာရင်းမှာ ထည့်သွင်းလိုက်တယ်လို့ နာဆာရဲ့ ဂျွန်ဆင်အာကာသ စင်တာက ပြောဆိုခဲ့တာ တွေ့ရပါတယ်။
အာကာသဝတ်စုံ ဝတ်ဆင်ထားတဲ့ နာဆာ ဝန်ထမ်းတယောက်ရဲ့ ဓာတ်ပုံတပုံနဲ့အတူ Twitter သတင်းစကား တခုမှာတော့ “BTS အဖွဲ့နဲ့ RM (အဖွဲ့ဝင်) ရဲ့ပရိသတ်တွေက တော်တော်လေးကို များတာပဲ။ အခုလိုတင်သွင်း ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သီချင်းစာရင်းမှာ ‘Mooonchild’၊ ‘Mikrokosmos’ နဲ့ ‘134340’ တို့ကို ကျနော်တို့ ထည့်ပေးပါ့မယ်” လို့ ရေးသားထားတာ တွေ့ရပါတယ်။
လူသားတို့ အာကာသထဲမှာ ပျံသန်းခဲ့တဲ့ Apollo ခရီးစဉ်ရဲ့ နှစ် ၅၀ ပြည့်မြောက်တဲ့ ဒီနှစ်မှာ လပေါ်သွားမယ့် နောက်ထပ် ခရီးစဉ်နဲ့ ကိုက်ညီမယ့် သီချင်းတွေကို ညွှန်းပေးကြဖို့ ကမ္ဘာတဝန်းမှာ ရှိသူတွေကို နာဆာလေ့ကျင့်ရေးစင်တာက ဖိတ်ကြားခဲ့ပြီး နောက်တရက်မှာပဲ အဲ့ဒီသတင်းစကား ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
အဲဒီ သတင်းစကားမှာဆိုရင် “လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က နာဆာဟာ လပေါ်ကို လူသားတွေခြေချဖို့ ပြင်ဆင်နေခဲ့ပါတယ်။ အခုတော့ ၂၀၂၄ ကျရင် တကျော့ပြန်သွားနိုင်ဖို့ အဆင်သင့်ဖြစ်ရေး ကျနော်တို့ ပြင်ဆင်နေပါတယ်” လို့ ဖော်ပြထားပါတယ်။
အာကာသယာဉ်မှူးတွေ ဖြစ်ကြတဲ့ Neil Armstrong နဲ့ Buzz Aldrin တို့ဟာ လပေါ်ကို Apollo Mission နဲ့အတူ ရောက်ရှိခဲ့ကြပြီး ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရပ်နေ့မှာ လမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်ခဲ့ကြပါတယ်။
အခုလိုမျိုး သီချင်းစာရင်းထဲထည့်မယ့် သီချင်းရွေးပေးဖို့ ဖိတ်ကြားချက်ကြောင့် BTS ရဲ့ ပရိသတ်တွေက သူတို့ချစ်တဲ့အဆိုတော်အဖွဲ့ရဲ့ သီချင်းတွေကို ရွေးချယ်ပေးပြီး နာဆာကနေ အခုလိုမျိုး သီချင်းစာရင်းမှာ ထည့်သွင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။
Ref:Yonhap
You may also like these stories:
ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS
BTS အဖွဲ့ရဲ့ ဒုတိယအကြိမ် Billboard အောင်မြင်မှုအတွက် ကိုရီးယားသမ္မတရုံး ဂုဏ်ပြု
အငြင်းပွားဖွယ် ဓာတ်ပုံကိစ္စဖြစ်နေပေမယ့် BTS အဖွဲ့ရဲ့ ဂျပန်ဖျော်ဖြေပွဲကို ပရိသတ် သိန်းချီတက်ရောက်
The post လပေါ်သွားမယ့် နာဆာ ခရီးစဉ်အတွက် သီချင်းစာရင်းမှာ BTS အဖွဲ့ သီချင်း ၃ ပုဒ် ပါဝင် appeared first on ဧရာဝတီ.