မင်းသား Daniel Craig ဟာ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ ပြောလိုက်ပြီးတဲ့နောက် သူ့နေရာမှာ နောက်ထပ် ဝင်ရောက်သရုပ်ဆောင်ဖို့ ပြောကြားကြတဲ့ မင်းသားတွေထဲမှာ Chris Hemsworth လည်း ပါဝင်လာပါတယ်။ Balance မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူဟာ အခုလိုမျိုး ကမ္ဘာကျော် ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ချင်ပါသလားဆိုတဲ့ မေးခွန်းနဲ့ မေးမြန်းတာ ခံခဲ့ရပါတယ်။
“Rush” ရုပ်ရှင်ထဲမှာ James Hunt အဖြစ် သရုပ်ဆောင်ခဲ့တဲ့ပုံစံကို မဂ္ဂဇင်းက ထောက်ပြပြီးတော့ ဘွန်းနေရာမှာ သရုပ်ဆောင်ချင်ပါသလားလို့ မေးမြန်းခဲ့တာလည်း ဖြစ်ပါတယ်။
မင်းသား Hemsworth က “ကျနော်တို့ ‘Rush’ ကိုရိုက်နေတုန်းက လူတယောက်က အဲဒီလို ပြောခဲ့ဖူးတယ်။ အဲဒီတုန်းက ဒါသာ ကျနော့်ရဲ့ လူရွေးပွဲ ဗီဒီယိုဆိုရင် ကောင်းမှာပဲလို့ ထင်လိုက်တယ်။ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်မဆောင်ချင်တဲ့သူကို တွေ့ဖူးမှာ မဟုတ်ပါဘူး။ ကျနော် သရုပ်ဆောင်ချင်ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေ အများကြီးနဲ့လည်း သက်ဆိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ အတိုင်းအတာ အပြင်မှာလည်း ရှိပါတယ်။ သင့်တော်တယ်ဆိုတာနဲ့ အထမြောက်သွားတာတော့ မဟုတ်ဘူးလေ”လို့ ပြောပါတယ်။
ဂျိမ်းစ်ဘွန်း ပရိသတ်တွေ၊ ထုတ်လုပ်သူ Barbara Broccoli နဲ့ ရိုက်ကူးရေး တဖွဲ့သားလုံးက သဘောတူမှ ဖြစ်မယ့် အကြောင်းနဲ့ သူတို့ဆီကနေ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရဖို့လည်း လိုတယ်လို့ ဆိုပါတယ်။ ဘွန်းအဖြစ် သရုပ်ဆောင်ရန် ရေပန်းစားနေတဲ့ သရုပ်ဆောင်များစွာ ရှိနေပြီး အဲဒီအထဲကနေ ထူးခြားတဲ့သူ တော်တော်များများက အဲဒီဇာတ်ကောင်နေရာကို ရယူနိုင်တယ်လို့ ဆိုထားပါတယ်။
ဘွန်းအဖြစ် သရုပ်ဆောင်နိုင်ချေရှိတဲ့ သူတွေထဲမှာ ထူးခြားစွာ ပါဝင်လာတဲ့သူကတော့ မင်းသား Idris Elba ဖြစ်ပါတယ်။ မင်းသား Idris သာ ပါဝင်လာမယ်ဆိုရင်တော့ ပထမဆုံး 007 အေးဂျင့်ကို လူမည်းအနေနဲ့ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် Sam Heughan, Tom Hiddleston, Tom Hardy နဲ့ James Norton တို့လည်း ပါဝင်သရုပ်ဆောင်နိုင်ချေ ရှိနေပါတယ်။
တကယ်လို့သာ မင်းသား Hemsworth သာ 007 အဖြစ်သရုပ်ဆောင်ဖြစ်မယ်ဆိုရင်တော့ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်တဲ့ ဒုတိယမြောက် သြစတြေးလျမင်းသား ဖြစ်လာမှာပါ။ ၁၉၆၉ ခုနှစ်တုန်းက “On Her Majesty’s Secret Service” ရုပ်ရှင်မှာ မင်းသား George Lazenby က သရုပ်ဆောင်ခဲ့ဖူးပါတယ်။
Ref : etcanada
The post ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Chris Hemsworth ပြော appeared first on ဧရာဝတီ.