အသံအားကောင်းကောင်း ပါဖောမန့် အပြည့်နဲ့ ပရိသတ်ကို အမြဲဖျော်ဖြေ တင်ဆက်လေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ သူမရဲ့အနုပညာသက်တမ်း ၁၆ နှစ်တာ ကာလရှိတဲ့အနက် ၁၀ နှစ်တာလုံးလုံး မန္တလေးသြင်္ကန်မှာ ဖျော်ဖြေခဲ့တယ်လို့ ပြောပါတယ်။
“သြင်္ကန်အနေနဲ့ အမှတ်တရဆိုရင်တော့ အဆိုတော်အနေနဲ့ဖြတ်သန်းတာ ၁၆ နှစ်မှာ ထူးထူးခြားခြား ၁၀နှစ်က မန္တလေးက ပရိသတ်နဲ့ ဖြတ်သန်းပါတယ်။ ၁၀ နှစ်ကြီးများတောင်ပေါ့။ ပြီးတော့ ရန်ကုန်မှာ ၂ နှစ်ဖြတ်သန်းဖူးတယ်။ ဘားအံမှာ ၁ နှစ် ဖြတ်သန်းဖူးတယ်။ အခုဆိုရင် ရန်ကုန်မှာ ၁ နှစ် ပြန်ကျမယ်ပေါ့” လို့ အဆိုတော် ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ယခုနှစ် သင်္ကြန်မှာတော့ ဖြူဖြူကျော်သိန်းက ရန်ကုန်မြို့ မြကျွန်းသာသြင်္ကန်မှာ ၄ ရက်တိုင်တိုင် သီချင်းများသီဆိုရင်း ရှိနေမှာဖြစ်ပြီး ပရိသတ်များကိုလည်း လာရောက် အားပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
“ဒီနှစ်သြင်္ကန်ကတော့ ရန်ကုန်သြင်္ကန် မြကျွန်းသာမှာ ရှိပါမယ်။ သြင်္ကန် ၄ ရက်လုံး မဏ္ဍပ်တခုထဲမှာ ရှိမှာပါ။ အိမ်တွင်းပုန်းလေးတွေဆိုရင်လည်း Channel K ကနေ စောင့်ကြည့်နိုင်ပါတယ်။ မြကျွန်းသာ သြင်္ကန်မှာ ဖျော်ဖြေရေးတွေအပြင် သြင်္ကန်အက အလှတွေ ယိမ်းအဖွဲ့တွေ၊ စတုဒီသာတို့ မုန့်ဈေးတန်းတို့ လမ်းလျှောက်သြင်္ကန်လည်း ပါသေးတယ်ဆိုတော့ မိသားစုလိုက်လည်း လာလို့ရပါတယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ဖြူဖြူကျော်သိန်းအတွက် သြင်္ကန်နဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်ဆုံးကတော့ ၂၀၁၅ ခုနှစ်မှာ တေးရေးဆရာ ရွှေဂျော်ဂျော်ရေးပေးခဲ့တဲ့ “Water Party ရေပါတီ” သီချင်းကို ပရိသတ်များ ကြိုက်နှစ်သက်ခဲ့တဲ့နှစ်တနှစ်ဖြစ်တာကြောင့် အမှတ်တရဖြစ်တယ်လို့ ပြောပါတယ်။
“အမှတ်ရဆုံး သြင်္ကန်ဆိုရင်တော့ ဖြူဖြူတို့ဆီမှာ ပရိသတ်နဲ့ မရိုးနိုင်တဲ့ အမှတ်တရတွေဆိုတာ ရှိပါတယ်။ ဒီထဲမှာမှ ၂၀၁၅ သြင်္ကန်ဟာဆိုရင် ဖြူဖြူ့အတွက် ကိုရွှေ ရေးပေးတဲ့ EDM သီချင်းလေး “Water Party ရေပါတီ” သီချင်းလေးက ပရိသတ်အရမ်းကြိုက်ခဲ့တဲ့ သီချင်းလေးလည်းဖြစ်ခဲ့တယ်။ ဒီသီချင်းလေးက ဖြူဖြူ့ရဲ့ဒုတိယ အတွင်းကြေလည်း ဖြစ်ခဲ့တယ်ဆိုတော့ အဲဒါက အရမ်းကို အမှတ်တရဖြစ်ခဲ့တယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
မကြာခင်ရက်အတွင်းမှာလည်း မြန်မာ့ရိုးရာသြင်္ကန်ကျရောက်တော့မှာ ဖြစ်တာကြောင့် ဖြူဖြူကျော်သိန်းက ပရိသတ်များအတွက် နှစ်သစ်ဆုမွန်ကောင်း စကားကိုလည်း အခုလို ဆိုလိုက်ပါတယ်။
“သြင်္ကန်ဆုတောင်းကတော့ ပရိသတ်ကြီးကို အန္တရာယ်ကင်းပါစေ။ စိတ်ချမ်းသာပါစေ။ ကျန်းမာပါစေလို့ဆုတောင်းပေးချင်ပါတယ်”လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။ ။
The post အနုပညာသက်တမ်း ၁၆ နှစ်အတွင်း မန္တလေးသြင်္ကန်မှာ ၁၀ နှစ် ဖျော်ဖြေခဲ့တဲ့ ဖြူဖြူကျော်သိန်း appeared first on ဧရာဝတီ.