အဆိုတော်ဖိုးကာက Valentine Day နေ့ မတိုင်ခင် အချစ်သီချင်းများစုစည်းပြီးရေးသားထားတဲ့ သီချင်းခွေတခွေကို ထွက်မယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“ကျနော်တို့ စုံတွဲသီချင်းတွေဆိုထားတယ်။ အခုဒီ Valentine မတိုင်ခင် ထွက်ပါမယ်။ အဲဒါက သမီးနဲ့ဖြိုးပြည့်စုံကတပုဒ် ၊ကျနော်နဲ့ကေကေမိုးကတပုဒ်၊ ဇော်ပိုင်နဲ့ ဂျုဝယ်နဲ့ကတပုဒ်၊ အာဇာနည်နဲ့ဝိုင်းစုခိုင်သိန်းက တပုဒ်၊ နောက်ပြီး ဟဲလေးနဲ့ ဘီလီလမင်းအေးနဲ့ကတပုဒ် ဆိုတော့အားလုံးငါးပုဒ်ပေါ့ ။ အဲဒီငါးပုဒ်နဲ့ အယ်လ်ဘမ်တခုထွက်မှာပါ”လို့ တေးရေး အဆိုတော် ဖိုးကာက ဧရာဝတီကိုပြောပါတယ်။
သီချင်းတွေအားလုံးကို ဖိုးကာတဦးတည်းက ရေးသားထားတာဖြစ်ပြီး သီချင်းအသစ်တွေချည်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“၆လလောက်နီးနီး အခန်းအောင်းပြီးတော့ တော်တော်များများရေးခဲ့ပါတယ်။ ကျနော်တယောက်တည်းပဲ အားလုံးဖန်တီးထားတယ်။ All Songs Produce by Poekar ပါ ။သီချင်းငါးပုဒ်စလုံး။ ဒီနှစ်တော့ ပွဲတော်တော်များများ ဆိုမယ်ပေါ့”လို့လည်း ဖိုးကာကသီချင်းတွေအကြောင်းနဲ့ ပတ်သက်လို့ ဆိုပါတယ်။
အချစ်သီချင်း အေးအေးတွေကို အရေးများပြီး ပရိသတ်ကြိုက်နှစ်သက်ခြင်းခံရတဲ့ ဖိုးကာက အချစ်သီချင်းခံစားချက်နဲ့ ပ တ်သက်လို့လည်း အခုလိုဆိုပါတယ်။
” အချစ်ကတော့ ရင်ထဲမှာအမြဲရှင်သန်နေတာပါပဲ။ ကြီးသွားတာနဲ့ငယ်သွားတာ မဆိုင်ဘူးလေ။ ဆိုင်ရင်လည်းဆိုင်မယ်နဲ့ တော့တူပါတယ်။ ဒါပေမယ့်လည်း သီချင်းနဲ့ပတ်သတ်လာရင်တော့ ရင်မှာအချစ်တွေက အမြဲလတ်ဆတ်နေပါတယ်။ သီချင်းအတွက်ပေါ့”လို့ ဆိုပါတယ်။
သမီးဖြစ်သူ အဆိုတော် ဖူးဖူးသစ်အတွက် ဖခင်တစ်ယောက်အနေနဲ့ လုပ်ဆောင်ဖြစ်နေတာတွေနဲ့ပတ်သက်ပြီးလည်း အခုလိုဆိုပါတယ်။
“သမီးအတွက် Supportingကတော့ သူကိုယ်တိုင်လုပ်ဖို့ပဲ။ အဆိုလေ့ကျင့်ဖို့ပဲ။ များများလေ့ကျင့်ဖို့ပေါ့။ အဲဒါပဲ တချိန်လုံးပြောနေရတယ်။ အခုတော့ တော်တော်လေးစိတ်ချရတဲ့အခြေအနေ ရောက်သလောက် နီးနီးဖြစ်နေ ပါပြီ”လို့ဆိုပါတယ်။
ဆက်လက်ပြီး “သမီးအတွက် သီချင်းတွေက သပ်သပ်ကတော့ရှိတယ်ဗျ။ သီချင်းလေးပုဒ် လောက်ရှိတယ်။ တခြားသူတွေကိုလည်း အပ်ထားပါတယ်။ ဝေကြီးကိုလည်းအပ်ထားတယ် ။ ကိုရွှေဂျော်ဂျော်ကိုလည်း အပ်ထားတယ်။ ကျနော်ကိုယ်တိုင်က နှစ်ပုဒ်သုံးပုဒ်လောက် ရေးထားတာဆိုတော့ သူ့မှာသီချင်းလေးပုဒ်လောက် တော့ရှိနေပြီ။ နောက်ထပ် မီနီအယ်လ်ဘမ်ထုတ်လို့ရနေပြီ။ ကိုယ့်အတွက်ကတော့မရှိသေးဘူးပေါ့”လို့ဧရာဝတီကို ပြောပါတယ်။
အဆိုတော် ဖိုးကာက သမီးဖြစ်သူကို သူရဲ့ပေါက်သီချင်းတပုဒ်ဖြစ်တဲ့ ‘ငါ့ရဲ့လျှို့ဝှက်ချက်’ဆိုတဲ့သီချင်းကို လေ့ကျင့်ရင်းနဲ့ ဆိုခိုင်းထားပြိး အတီးပိုင်းကိုတော့ မျိုးဇော် Oxygen ကနေ Versionပြောင်းပြီး ဒီဘက်ခေတ်ပုံစံနဲ့ ပြန်တီးထားပြီး အဲဒီတပုဒ်ထဲကို MTV ရိုက်မယ်လို့လည်း ဆိုပါတယ်။
The post တကိုယ်တော်ရေးထားတဲ့ အချစ်သီချင်းတွေ ထွက်ဖို့ရှိတဲ့ အဆိုတော်ဖိုးကာ appeared first on ဧရာဝတီ.