တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို ထိခိုက်နိုင်သဖြင့် ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်မလုပ်သင့်ကြောင်း သမ္မတရုံး ဝန်ကြီးဟောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောသည်။
ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်သို့ ရောက်ရှိလာစဉ် သတင်းထောက်များ၏ မေးမြန်းမှုကို ၎င်းက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးစိုးသိန်း က “မြစ်ဆုံနေရာတော့ ကျနေ်ာက လက်မခံဘူး။ ဒါက ကျနော် အမြင်ပါ။ ဒါက တိုင်းရင်းသား စည်းလုံး ညီညွှတ်မှုကိုပါ ထိခိုက်နိုင်တယ်။ ကချင်ပြည်နယ် ဆိုရင် မြစ်ဆုံက အထင်ကရပဲ” ဟု ပြောသည်။
ယင်းစီမံကိန်းကို မြစ်ဆုံနေရာတွင် မလုပ်သင့်ဘဲ မေခ၊ မေလိခ အထက်ပိုင်း နေရာများတွင် ပြုလုပ်နိုင်ကြောင်း၊ သို့မဟုတ် အောက် သို့ ဆင်း၍ အသေးစား ဆည်ပုံစံမျိုး ပြုလုပ်နိုင်ကြောင်း၊ တိုင်းပြည်အတွက် လိုအပ်ပါက အလျော်အစားလည်း လုပ်ပေးရမည် ဖြစ်ကြောင်း ဦးစိုးသိန်းက အကြံပြုသည်။
ဦးစိုးသိန်း က “ကျနော်တို့ အရင်တုန်းကလည်း တားခဲ့တယ်။ ဆိုင်းငံ့ခဲ့တယ်။ ဒါတွေက ကျနော်အမြင် ပြောတာနော်။ မြစ်ဆုံကတော့ မလုပ်သင့် တဲ့ဟာတခုလို့ ကျနော်က မြင်တယ်။ ဟိုတုန်းက ကျနော်တို့ ခေတ်တုန်းကလည်း ဒီကနေ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်တဲ့ လူက မလုပ်ရဘူးလို့ ပြောခဲ့တာပဲ။ အခုမှ လုပ်မယ်လို့ ပြောတော့လည်း ကျနော်လည်း စဉ်းစားလို့ မတတ်ဘူး” ဟု ပြောသည်။
လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံဘဝက မြစ်ဆုံ စီမံကိန်းစာချုပ်ကို ပြည်သူ လူ ထုသို့ ပွင့်လင်းမြင်သာမှု ရှိစွာ ချပြပေးရန် တောင်းဆိုခဲ့ဖူးပြီး လက်ရှိ အချိန် NLD အစိုးရ လက်ထက်အထိ စာချုပ်တွင် မည်သည့် အချက်အလက်များ ပါဝင်နေသည်ကို ပြည်သူလူထုအား ပြောဆိုခြင်း မရှိသေးပေ။
မြစ်ဆုံစီမံကိန်း အရေးတွင် NLD ပါတီအနေဖြင့် ပြည်သူလူထုနှင့် တသားတည်း ရပ်တည်လျှက်ရှိကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရီးစဉ်တွင် NLD ပါတီ၏ ဒုဥက္ကလည်း ဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်လည်း ဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုထားသည်။
၎င်းတို့ အနေဖြင့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်များကို ဖတ်ခွင့် မရသေးသဖြင့် မသိရသေးကြောင်း စုံစမ်းစိစစ်ရေး ကော်မရှင်ဖွဲ့၍ ဆောင်ရွက်နေကြောင်း ထိုကော်မရှင်စိစစ်ချက်များ ထွက်လာလျှင် အဖြေထွက်မည် ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
ဒေါက်တာ ဇော်မြင့်မောင် က “ကျနော်တို့အနေနဲ့ မြစ်ဆုံစီမံကိန်းကို အရင်အစိုးရလက်ထက်က ချုပ်ခဲ့တဲ့စာချုပ်ဆိုပြီး ကိုယ်နဲ့ မဆိုင်တော့ လုပ်လို့မရပါဘူး။ စာချုပ်ထဲမှာ ဘာတွေပါသလဲ။ ဘာတွေအခက်အခဲရှိနိုင်သလဲဆိုတာကိုတော့ ကျနော်တို့ လေ့လာဖို့ လိုပါမယ်” ဟု ဧရာဝတီသို့လည်း ပြောသည်။
ကချင် ပြည်နယ်တွင် အငြင်းပွားဖွယ်ရာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် စီမံကိန်းများ၌ တရုတ်နိုင်ငံက အနည်းဆုံး အ မေရိကန် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အထင်ကရ ဧရာဝတီမြစ်၏ မြစ်ဆုံတွင် တည်ရှိပြီး အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ တန်သည့် စီမံကိန်းကို ဆည်၏ လူမှု ဘဝနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်သည့် ပြည်သူ လူထု၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က ရွှေ့ဆိုင်းခဲ့သည်။
မြစ်ဆုံ စီမံကိန်းမှ ဖြစ်လာမည့် ပြဿနာများသည် ကြိုတင် မမြင်နိုင်သဖြင့် ဆိုးကျိုးများကို နောင်လူများ ခံစားရမည် ဖြစ်ရာ လက်ရှိ တာဝန်ယူ ဆောင်ရွက်နေသည့် အစိုးရသည် ထိုအချိန်တွင် တရားခံ လက်သည် မဖြစ်စေလိုကြောင်း ကချင် ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက ပြောသည်။
ဒေါက်တာ ခွန်ဝင်းသောင်း က “ကချင်ပြည်နယ်မှာ တရုတ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ နောက်တခု အကြပ်အတည်းက သူ့ကိုလည်း မဆက်ဆံလို့ မရဘူး။ ဆရာတို့နဲ့ တစုံတရာ ပတ်သက်ရာ ပတ်သက်ကြောင်း အားကိုး နေရတဲ့အတွက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက လိမ္မာ ပါးနပ်စွာနဲ့ ဒီကိစ္စကို ဆုံးဖြတ်ဖို့ လိုမယ်။ မဆုံးဖြတ်နိုင်ရင်လည်း ပြည်သူ လက်ခံမှု ရှိအောင် ကြိုးစားပါ” ဟု ပြောသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဦးသောင်းထွန်းကမူ ယနေ့ နေပြည်တော်တွင် ပြုလုပ်လျက်ရှိသည့် မြန်မာ့ ရင်းနှီးမြုပ်နှံမှု ညီလာခံတွင် သတင်းထောက်များကို မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ အစိုးရ စဉ်းစားနေသည်များကို ချပြခဲ့သည်။
မြန်မာ အစိုးရက မြစ်ဆုံ စီမံကိန်းနှင့် ပတ်သတ်ပြီး အဖြေကို သေသေချာချာ ရှာဖွေနေကြောင်း၊ ဖြစ်နိုင်ချေများမှာ စီမံကိန်း အချိုး အစားကို လျော့ချခြင်း သို့မဟုတ် စီမံကိန်းနေရာကို ပြောင်းရွေ့ ခြင်း သို့မဟုတ် အခြား တရုတ်နိုင်ငံက အကောင် အထည် ဖော်မည့် စီမံကိန်းများနှင့် အစားထိုးပေးခြင်းများကို ပြုလုပ်သွားရန် စဉ်းစားနေကြောင်း ဦးသောင်းထွန်းက ပြောသည်။
ဦးသောင်းထွန်း က “တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားပြီး အဖြေကို ရှာဖွေနေပါတယ်”ဟု ပြောသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် “ကချင်ပြည်နယ်မှ အခြေအနေများကို ဆွေးနွေးရေး အတွက်” ဆိုသည့် ခေါင်းစဉ်ဖြင့် ကချင် တိုင်းရင်း သား ခေါင်းဆောင်တချို့ကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Hong Liang ဟုန်လျံက တွေ့ ဆုံပြီးနောက် ကချင် ခေါင်း ဆောင်များက မြစ်ဆုံစီမံကိန်းကို ထောက်ခံကြောင်း တရုတ် သံရုံးက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ရာ ပြည်သူ လူထုကြား ဝေဖန်မှုများ ပြင်းထန်ခဲ့ကြသည်။
ထို့နောက် တရုတ်သံအမတ်နှင့် တွေ့ဆုံခဲ့သည့် ကချင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ ကလည်း ၎င်းတို့ အနေဖြင့် မြစ်ဆုံ စီမံကိန်း ကို မထောက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ရသည်။ ယခုနောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံရှိ မြို့ ကြီးများတွင် မြစ်ဆုံ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများလည်း ရှိနေသည်။
မြစ်ဆုံစီမံကိန်းကို တပ်မတော် အစိုးရလက်ထက် တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ထိုစဉ်က တ ရုတ် ဒုတိယ သမ္မတ ရှီကျင့်ဖျင်တို့ကြား လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းစာ မှတ်တမ်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မြစ်ဆုံအရေး ပြည်သူနှင့် သဘောထား တထပ်တည်း ရှိကြောင်း NLD ပြော
မြစ်ဆုံဆည် သေးပစ်ရန် သို့မဟုတ် နေရာရွှေ့ရန် ဦးသောင်းထွန်း အကြံပြု
The post မြစ်ဆုံ စီမံကိန်း ဆက်မလုပ်သင့်ဟု ဝန်ကြီးဟောင်း ဦးစိုးသိန်း ပြော appeared first on ဧရာဝတီ.