Disney ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဂန္တဝင်ကာတွန်းရုပ်ရှင်ဖြစ်တဲ့ “Mulan” ကို အခြေခံထားတဲ့ ကာတွန်း ရုပ်ရှင်မှာ ဟောင်ကောင်မင်းသား သိုင်းပညာရှင် Donnie Yen ပါဝင်လာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ မင်းသား Donnie Yen ဟာ ဇာတ်ဆောင်မင်းသမီး မူလန်ရဲ့ ဆရာ တပ်မှူး Tung အဖြစ် ပါဝင်လာမှာဖြစ်တယ်လို့ Deadline မီဒီယာ ကဆိုပါတယ်။ တပ်မှူး Tung ဇာတ်ကောင်ဟာ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကာတွန်းရုပ်ရှင်မှာ ပါဝင်ခဲ့ခြင်း မရှိခဲ့တဲ့ ဇာတ်ကောင်အသစ်လည်း ဖြစ်ပါတယ်။
Crystal Liu လို့ခေါ်တဲ့ တရုတ်မင်းသမီး Liu Yifei ကတော့ မူလန် အဖြစ် ပါဝင်လာဖို့ ရှိနေပါတယ်။ မူလန် နေရာမှာ သရုပ်ဆောင်ဖို့ လူ ၁၀၀၀ လောက်ကို ကမ္ဘာတဝန်းမှာ ရှိဖွေခဲ့ပြီးတဲ့နောက် Yifei ကို ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “Whale Rider” နဲ့ “The Zookeeper’s Wife” တို့ကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာ Niki Caro က “Mulan” ရုပ်ရှင်ကို ရိုက်ကူးမှာဖြစ်ပါတယ်။ သူဟာ ဘတ်ဂျက် ဒေါ်လာ သန်း ၁၀၀ ကျော်တဲ့ ရုပ်ရှင်တခုကို ရိုက်ကူးဖို့ Disney က ငှားရမ်းခဲ့တဲ့ ဒုတိယမြောက်အမျိုးသမီး ဒါရိုက်တာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ အော်စကာဆုရဒါရိုက်တာ Ang Lee ကို ကမ်းလှမ်းခဲ့ပေမယ့် အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။
“Jurassic World” နဲ့ “Avatar” နောက်ဆက်တွဲရုပ်ရှင်တွေကို ဇာတ်ညွှန်းရေးသားပေးခဲ့တဲ့ Rick Jaffa နဲ့ Amanda Silver တို့က ၂၀၁၅ ခုနှစ်မှာ Lauren Hynek နဲ့ Elizabeth Martin တို့ရေးသားခဲ့တဲ့ ဇာတ်ညွှန်းကို ပြန်လည် ရေးသားကြမှာ ဖြစ်ပါတယ်။ “Crouching Tiger, Hidden Dragon” နဲ့ “House of Flying Daggers” တို့ကို ထုတ်လုပ်ခဲ့သူ Bill Kong က ဒီရုပ်ရှင်ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ၂၀၂၀ ခုနှစ် မေ ၂၇ ရက်မှာ ဖြန့်ချိပြသဖို့စီစဉ်ထား ပါတယ်။
မူရင်း “Mulan” ရုပ်ရှင်ဟာ Hun ကျူးကျော်မှုကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် စစ်သူကြီးနေရာမှာ ဖခင်ဖြစ်သူ Fa Zhou ကိုယ်စား နေရာဝင်ယူခဲ့ရတဲ့ တရုတ်ဂန္တဝင်မိန်းကလေး ဟွာမူလန်ရဲ့ အကြောင်းကို အခြေခံထားပါတယ်။ မင်းသား Yen ဟာ “xXx: Return of Xander Cage” နဲ့ Netflix ရဲ့ “Crouching Tiger, Hidden Dragon: Sword of Destiny” နဲ့ “Rogue One: A Star Wars Story” တို့လို ဟောလိဝုဒ်ရုပ်ရှင်တော်တော်များများမှာ သရုပ်ဆောင်ထား သူလည်း ဖြစ်ပါတယ်။ အာရှဘက်မှာတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ IP Man ရုပ်ရှင်ကြောင့် သူ့ကို IP Man လို့လူသိများ ကြပါတယ်။ “IP Man 4” ရုပ်ရှင် ရိုက်ကူးရေးကိုတော့ မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။
aceshowbiz
The post Disney ကထုတ်လုပ်မယ့် “Mulan” ရုပ်ရှင်မှာ ဟောင်ကောင်မင်းသား Donnie Yen ပါဝင်မယ် appeared first on ဧရာဝတီ.