ကမ္ဘာကျော် အဆိုတော် Celine Dion ဟာ မတ်လ ၁၇ ရက်နေ့ကနေ ဧပြီလ ၁၈ ရက်နေ့အထိ အမေရိကန် ပြည်ထောင်စု၊ Las Vegas မြို့မှာရှိတဲ့ Caesars Palace က Colosseum မှာပြုလုပ်မယ့် ဖျော်ဖြေပွဲ ၁၄ ခုကို နားခွဲစိတ် ကုသမှုကြောင့် ဖျက်သိမ်း လိုက်တယ်လို့ ဆိုပါတယ်။ ဒါဟာ Celine Dion ရဲ့ပရိသတ်တွေအတွက် သတင်းဆိုး တခုပါပဲ။
Celine Dion အဖွဲ့ကတော့ အဲဒီသတင်းကို မတ်လ ၂၁ ရက်နေ့မှာ Facebook ပေါ်ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကြေညာချက်မှာတော့ “Celine ဟာ Patulous Eustachian ပြွန်လို့ခေါ်တဲ့ နားအလယ်ပိုင်းမှာ အကြားအာရုံ မူမမှန်တဲ့ ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရပြီး သီချင်းဆိုဖို့အတွက် တော်တော်လေး အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၁၂ လကနေ ၁၈ လ အတွင်း အဲဒီအခြေအနေကို ရင်ဆိုင်ခဲ့ရပေမယ့် နားအစက်ချဆေး ကုသမှုတွေနဲ့ အောင်မြင်စွာ ကုသနိုင်ခဲ့ပါပြီ” လို့ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်ကစလို့ Celine အသုံးပြုနေတဲ့ ဆေးကုသမှုတွေက အခြေအနေကို ကုသဖို့ မထိရောက်တော့တာကြောင့် အဲဒီ အခြေအနေကို ဖြေရှင်းဖို့ ထိုးဖောက်ခွဲစိတ် ကုသမှုလုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့ကြောင်း အဖွဲ့က ပြောပါတယ်။ “My Heart Will Go On” သီချင်းအဆိုတော် Celine ဟာ အခုလို ဖျော်ဖြေပွဲများ ဖျက်သိမ်းလိုက်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါတယ်။
“မကြာသေးခင်တုန်းက ကျမ ကံသိပ်မကောင်းခဲ့ပါဘူး။ ကျမရဲ့ ဖျော်ဖြေပွဲတွေကို ထပ်လုပ်ဖို့ အရမ်းမျှော်လင့်ခဲ့ရတာပါ။ ဒီလိုဖြစ်လာတာ ကျမ ယုံတောင် မယုံနိုင်ပါဘူး။ ကျမရဲ့ ဖျော်ဖြေပွဲကို ကြည့်ဖို့ Las Vegas ကို လာဖို့ စီစဉ်ထားတဲ့ လူတိုင်း ကိုလည်း ကျမ တောင်းပန်ပါတယ်။ ဒါဟာ ဘယ်လောက်တောင်စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတာ ကျမ သိပါတယ်။ ပြီးတော့ ကျမတောင်းပန်ပါတယ်” လို့ Celine Dion က အဲဒီ ကြောညာချက်မှာ ရေးသားထားပါတယ်။
Celine ကတော့ မေလ ၂၂ ရက်နေ့မှာပဲ Las Vegas မှာ ဖျော်ဖြေပွဲတွေ ဆက်လုပ်နိုင်မယ်လု့ိ ခန့်မှန်းထားပါတယ်။ ဖျက်သိမ်းလိုက်ရတဲ့ ဖျော်ဖြေပွဲတခုအတွက် လက်မှတ် ဝယ်ယူထားသူတွေကိုလည်း ငွေပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ပြဿနာကြောင့် Las Vegas ဖျော်ဖြေပွဲ တချို့ကို ဖျက်သိမ်းလိုက်ရတာဟာ Celine အတွက် ဒါပထမဆုံး အကြိမ် မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သူဟာ အအေးမိ ဝေဒနာကြောင့် အသံကြိုး ပိတ်ဆို့မှုနဲ့ ယားယံမှုကို ခံစားခဲ့ရပြီးနောက် ဖျော်ဖြေပွဲ ၇ ခုကို ဖျက်သိမ်းခဲ့ရပါတယ်။ ကံကောင်းချင်တော့ အဆိုတော် Adele က သူ့ရဲ့အခုလို ကြမ်းတမ်းတဲ့ အချိန် အတွင်းမှာ အားပေး စကားပြောခဲ့ပါတယ်။
အဲဒီအချိန်မှာ Celine က “လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာ ကျမ တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ လူတော်တော် များများလည်း အအေးမိ၊ ဖျားနာဝေဒနာကိုခံစားခဲ့ကြရပါတယ်။ ဒါပေမယ့် ကျမ အခု တော်တော်လေး ကောင်းလာပါပြီ။ ကျမရဲ့ ဖျော်ဖြေပွဲအားလုံးကို မလုပ်နိုင်ခဲ့ပေမယ့် Adele က ပွဲတခုကို ရောက်လာခဲ့ပါတယ်။ ကျမသူ့ကို အရမ်းချစ်ပါတယ်” လို့ Instagram အကောင့်မှာ ရေးသားခဲ့ပါတယ်။
Ref:aceshowbiz
The post နားခွဲစိတ်ကုသမှုကြောင့် Las Vegas ဖျော်ဖြေပွဲ ၁၄ ခုကို ဖျက်သိမ်းလိုက်ရတဲ့ အဆိုတော် Celine Dion appeared first on ဧရာဝတီ.