ဒီတပတ်မှာတော့ မကြာသေးခင်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး မင်းသားဆု” နဲ့ “အကောင်းဆုံး မိတ်ကပ်နဲ့ ဆံပင်ပုံစံဆု” တို့ ရရှိခဲ့တဲ့ “Darkest Hour” ဆိုတဲ့ ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ (Winston Churchill ) အကြောင်း ရိုက်ကူးထားတဲ့ Biography Drama Film (အတ္ထုပတ္တိ ဒရာမာရုပ်ရှင်) အမျိုးအစား ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်း ရိုက်ကူးထားတာဆိုပေမယ့် စစ်ကားကြီး သက်သက် မဟုတ်ဘဲ ချာချီတယောက် ဘယ်လိုဝန်ကြီးချုပ ်ဖြစ်လာတယ်ဆိုတာရယ်နဲ့ ဂျာမနီရဲ့ကျူးကျော်မှုကို ပြန်လည် အံတုနိုင်ဖို့ လှုပ်ရှား ရုန်းကန်ခဲ့ရတဲ့ သူ့ရဲ့ပါတီအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်း ကောင်းတကားပါ။
ဝင်စတန်ချာချီ အကြောင်းကို လူအများစုက သိကြပေမယ့် ဒီဇာတ်ကားမှာတော့ ထူးထူးခြားခြားအနေနဲ့ ချာချီကို တခါမှ မမြင်ဖူးတဲ့အမြင်နဲ့တွေ့ရမှာပါ။ ဝင်စတန်ချာချီရဲ့ နာမည်ကျော် မိန့်ခွန်းတွေကို နားထောင်ရမှာဖြစ်သလို သူ့ရဲ့ ဂွစာ ကျမှုတွေကိုလည်း ဒီဇာတ်ကားမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ဒန်းကတ် (Dunkirk) ကမ်းခြေမှာ သောင်တင်နေတဲ့ စစ်သား ၄ သိန်းကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ သမိုင်းကြောင်းကို အခြေခံထားပြီး ဒီလူတွေကို ကယ်တင်ဖို့ ဗြိတိန်လွှတ်တော်နဲ့ သူ့ရဲ့ပါတီကြား လုံးလည်ချာလည် လိုက်ခဲ့ရပုံတွေနဲ့ သူ ဘယ်လိုကြိုးစား အားထုတ်ခဲ့ရလဲဆိုတာ ဒီဇာတ်ကားမှာ ဆက်လက် ကြည့်ရှုရမှာပါ။
သမိုင်း အချက်အလက်တွေ အများကြီးပါဝင်တဲ့ ဒီဇာတ်ကားဟာ တခြားသော အတ္ထုပတ္တိ ရုပ်ရှင်တွေလို မဟုတ်ဘဲ ကြည့်ရှုသူ စိတ်ဝင်စားအောင် ရိုက်ကူး တင်ဆက်ထားတာ တွေ့ရပါတယ်။
ဒီဇာတ်ကားမှာ ဝင်စတန်ချာချီ အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Gary Oldman ဟာ သူ့ရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ချာချီလို ဗိုက်ပူပူနဲ့ လူကောင်ကြီးကြီးဖြစ်အောင် ဝတ်စုံအကြီးကြီးကို ဝတ်ဆင်ပြီး သရုပ်ဆောင်ထားတာဟာ တကယ့်ကို ပီပြင်လွန်းလှပါတယ်။
ဒီဇာတ်ကားနဲ့ပဲ Gary Oldman ဟာ “အကောင်းဆုံး ဇာတ်ဆောင် မင်းသားဆု” အဖြစ် သူ့ရဲ့ ပထမဆုံး အော်စကာဆုကို ပိုင်ဆိုင်ရရှိခဲ့ပြီး “အကောင်းဆုံး မိတ်ကပ်နဲ့ ဆံပင်ပုံစံဆု” လည်း “Darkest Hour” ရုပ်ရှင်က ရရှိခဲ့ပါတယ်။
IMDB Rating (7.4) ရှိပြီး ဆုတွေ အများကြီးရရှိထားတာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တကားအဖြစ် ညွှန်းဆို လိုက်ပါတယ်။
ဆက်စပ်သတင်းလင့်ခ် –အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး မင်းသားဆု” ရရှိခဲ့တဲ့ မင်းသားကြီး Gary Oldman
Ref : IMDB
The post အော်စကာဆု ၂ ဆု ရရှိခဲ့တဲ့ အတ္ထုပတ္တိရုပ်ရှင် “Darkest Hour (2017)” appeared first on ဧရာဝတီ.