ဒီတပတ်မှာတော့ IMDB Rating (8.0) ရရှိထားပြီး နယူးယောက်ရဲ့အရောင်းရဆုံး စာရင်းဝင်စာအုပ်ကို အခြေခံ ရိုက်ကူးထားတဲ့ “Wonder” ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်းဆိုချင်ပါတယ်။
ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ Jacob Tremblay ဆိုတဲ့ ၁၁ နှစ်အရွယ် ကလေးငယ်လေးက သရုပ်ဆောင် ထားတာပါ။ ၂၀၁၅ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ “Room” ဆိုတဲ့ Drama ဇာတ်ကားကောင်းကို ကြည့်ရှုဖူးတယ်ဆိုရင်တော့ ဒီကလေးငယ်လေးကို ဒီဇာတ်ကားထဲမှာ ပြန်လည်မှတ်မိကြမှာပါ။
ဇာတ်လမ်းကတော့ “Auggie” ဆိုတဲ့ ၁၁ နှစ်အရွယ် ကလေးငယ်ဟာ လူအယောက် ၁၀၀ မှာ တယောက် လောက်သာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျိုးရိုးဗီဇတူညီမှုကြောင့် ပုံပန်းသဏ္ဍာန် ပျက်စီးမှုဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ မွေးရာပါ ဒီရောဂါကြောင့် သူဟာ မွေးကင်းစကတည်းက ၂၇ ကြိမ်တိုင်တိုင် Surgery (ခွဲစိတ်ပြုပြင်မှု) ပြုလုပ်ခဲ့ရပါတယ်။
ဒီလို ပုံပန်းသဏ္ဍာန် ချို့ယွင်းမှုကြောင့် သူ့အပေါ် ပတ်ဝန်းကျင်က မြင်တဲ့အမြင်၊ ကလေးငယ်ရဲ့ ရှက်ရွံ့ သိမ်ငယ်စိတ်နဲ့ သူ့ကို ဂရုစိုက်အားပေးတတ်တဲ့ မိသားစုကြား သူ့ကိုယ်သူ ပြန်လည်အားတင်းထားရမှု ဒွိဟတွေကို ဒီဇာတ်ကားမှာ တွေ့ရမှာပါ။
သူ့အပေါ်မှာ လူသားဆန်ပြီး ကြင်နာတတ်တဲ့ လူတွေရှိသလို ထူးထူးဆန်းဆန်း သတ္တဝါ တကောင်လို ဆက်ဆံတဲ့ သူတွေကိုရော Auggie တယောက် ရင်ဆိုင်သွားနိုင်မှာလား ဆိုတာကို ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုရင်းနဲ့ သိသွားမှာပါ။
ဒီဇာတ်ကားမှာ Auggie တက်တဲ့ ကျောင်းရဲ့ကျောင်းအုပ်ဆရာကြီး Mr.Tushman က “Auggie can’t change how he looks. May be we change how we see” လို့ Auggie ရဲ့ အတန်းဖော် သူ့တပည့်တွေကို ပြောပါတယ်။
ရုပ်ရှင်ကြည့်ရှုသူ တယောက်အနေနဲ့ အမြင်ပြောရမယ်ဆိုရင် “လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဟာ အသက်အရွယ် ကြီးတာ ငယ်တာနဲ့ မဆိုင်ဘဲ ငယ်စဉ်ကတည်းက မိဘရဲ့ပျိုးထောင်မှုနဲ့ သူ့ရဲ့ ခံယူတတ်မှု အပေါ်မှာပဲ မူတည်တယ်” လို့ မြင်မိပါတယ်။
ဒီဇာတ်ကားကလည်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တကားမို့လို့ ရုပ်ရှင်ချစ်သူတွေ ဒီတပတ် ရုံးပိတ်ရက်မှာ ကြည့်ရှုနိုင်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။
The post လူသားဆန်မှုကို သင်ယူခြင်း (သို့မဟုတ်) “Wonder” 2017 ရုပ်ရှင် appeared first on ဧရာဝတီ.