မကြာခင် ရုံတင် ပြသမယ့် “သူစိမ်းအိမ်” ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဒီရုပ်ရှင်မှာ တကားလုံး လူသတ်ခန်းတွေ ပါတာကြောင့် အသက် ၁၃ နှစ်အောက် ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်ဘူးလို့ ပြောပါတယ်။
“ကိုယ်ကိုယ်တိုင်လည်း ရုပ်ရှင်ကြည့်ရင် စိတ်လှုပ်ရှားနေရတာကို ကြိုက်တယ်။ ဒီဇာတ်ကားက ကြည့်ရှုရင်း ရင်ခုန် စိတ်လှုပ်ရှားနေရမယ်။ အသက်တွေ အောင့်ထားပြီး ဘာဖြစ်မလဲဆိုပြီး ရင်ဘတ်တွေ တဒုန်းဒုန်း ခုန်စေမယ့် ဇာတ်ကားပါ။ Trailer မှာထက် ရုပ်ရှင်ဇာတ်ကား တကားလုံး လူသတ် အခန်းတွေ များပါတယ်။ အဲဒါကြောင့် အရမ်းငယ်တဲ့ ကလေးတွေ ထိတ်လန့်သွားမှာကို ကျနော်တို့အနေနဲ့ မလိုလားဘူး။ ၁၃ နှစ်အောက် ကလေးတွေ ဒီဇာတ်ကားကို မကြည့်သင့်ဘူးဆိုပြီး Production က သတ်မှတ်ထားပါတယ်”လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
“သူစိမ်းအိမ်”ရုပ်ရှင်ရဲ့ Trailer က အွန်လိုင်းပေါ်မှာ အရမ်းပေါက်သွားသလို ကော်ပီလို့ ပြောနေတာနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦးက သြဂုတ်လ ၁ ရက်နေ့ ရုံတင်ရင်တော့ ရှင်းရှင်းလင်းလင်း သိသွားမှာပါလို့ ဆိုပါတယ်။
“သူစိမ်းအိမ်ကို ကော်ပီလို့ ပြောနေကြတာ ကျနော်တို့ ဟုတ်တယ်၊ မဟုတ်ဘူး ပြောနေတာ အငြင်းအခုန် ဖြစ်နေတာပဲ ရှိမယ်။ ကျနော်တို့ အနေနဲ့လည်း ရုံမှာ ပြခွင့် မရသေးတော့ သြဂုတ် ၁ ရက်နေ့ ရုံတင်ရင်တော့ ရှင်းရှင်းလင်းလင်း သိသွားမှာပါ။ Trailer က ရုပ်ရှင်ဇာတ်ကား တကားလုံး မဟုတ်ပါဘူး”
“အဓိက ကောင်းမွန်တဲ့ ဇာတ်ကားဖြစ်ဖို့နဲ့ ကောင်းမွန်တဲ့ ဇာတ်ကား တကားကို ပရိသတ်တွေ ကြည့်ခွင့်ရဖို့က ကျနော်တို့ ရည်ရွယ်ချက် ဖြစ်တဲ့အတွက် ဒီဇာတ်ကား Trailer ကို ပရိသတ်တွေ စိတ်ဝင်စားတာ ကျနော်တို့အတွက် Plus ဖြစ်တယ်။ Trailer မှာ စိတ်ဝင်စားသလိုပဲ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း စိတ်ခံစားမှုတွေနဲ့ ကျေနပ်မှုတွေ ရမယ်လို့ ကျနော် ပြောရဲပါတယ်”လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
“သူစိမ်းအိမ်”ရုပ်ရှင်မှာ အပြင်က သရုပ်ဆောင်တွေထက် ဇာတ်ကောင်တွေကိုပဲ မြင်ချင်တဲ့အတွက် Pre Production မှာ အချိန်ယူ ပြင်ဆင်ဖြစ်ခဲ့တယ်လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဆိုပါတယ်။

“ကျနော်က ဒီဇာတ်ကားထဲမှာ ဇာတ်ကောင်တွေကိုပဲ မြင်ချင်တာပါ။ မြင်ချင်တဲ့အတွက် အပြင်မှာ မြင်ဖူးနေကျ ပုံစံမျိုးထက် သူတို့ရဲ့ သရုပ်ဆောင်၊ သမ္ဘာ၊ ဝါ၊ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းပြီးတော့ ဒီဇာတ်ကောင်ကို ဘယ်လောက်ထိ အကောင်းဆုံး Support လုပ်နိုင်မလဲဆိုတာ ကျနော်တို့ ညှိနှိုင်းကြတာပါ။ Pre Production မှာ ၇ ရက်လောက် အချိန်ယူပြီး သူတို့နဲ့ ဆွေးနွေးကြတာပါ”
“ဒီဇာတ်ကားမှာ ကိုယ်ကိုယ်တိုင်ရော ပါဝင်တဲ့ သရုပ်ဆောင်တွေ အားလုံးနဲ့ ကင်မရာ အဖွဲ့သားတွေအပေါ် အားရကျေနပ်မှု ရှိပါတယ်။ သူတို့နဲ့ လက်တွဲ အလုပ်လုပ်ရတဲ့အတွက် အများကြီး ကံကောင်းတယ်လို့ ကျနော် ယူဆတယ်။ ထွက်လာမယ့် ရလဒ်အတွက်လည်း အများကြီး ရင်ခုန်နေပါတယ်”လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီး “ည” ရုပ်ရှင် ရိုက်ကူးပြီးနောက် “သူစိမ်းအိမ်” ဆိုတဲ့ ဒုတိယမြောက် ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ “သူစိမ်းအိမ်”ရုပ်ရှင်မှာတော့ သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ လင်းဇာနည်ဇော်၊ ချာလီ၊ မြတ်နိုးအေး၊ ရှိန်းတင်ထူးတို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
“ပေါကား မဟုတ်ကြောင်း ဖန်တီးမှုနဲ့ပဲ သက်သေပြဖို့ လိုတယ်”ဆိုတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး
“ခသုံးလုံးရဲ့ တတိယမြောက်ရုပ်ရှင် ထူးပိုင်ဇော်ဦးကို အကုန်အပ်ထားတယ်”လို့ ထွန်းအိန္ဒြာဗိုပြော
“ဘယ်ဇာတ်ကား အမျိုးအစားရိုက်ရိုက် အရည်အသွေးကောင်းဖို့က အရေးကြီးတယ်”
The post လူသတ်ခန်းတွေ ပါလို့ ၁၃ နှစ်အောက် ကလေးတွေ ကြည့်ဖို့ မသင့်တော်တဲ့ “သူစိမ်းအိမ်” appeared first on ဧရာဝတီ.