“ရွှေဥသြ” ရယ်လို့ ပရိသတ်က ချစ်စနိုးနဲ့ ခေါ်ကြရတဲ့ တေးသံရှင် စိုင်းထီးဆိုင်ရဲ့ သမီးဖြစ်သူ ဆိုင်စံကတော့ ဖခင်ရဲ့ ဂီတ အမွေကို ဆက်ခံကာ တေးသီချင်းများစွာကို သူမရဲ့ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဖန်တီးလျက်ရှိပါတယ်။
အဆိုတော်ဆိုင်စံ ကတော့ ယခုအခါမှာ တကိုယ်တော်အခွေ ၂ ခွေထွက်ရှိထားပြီး ပထမအခွေမှာတော့ ဖခင်ရဲ့သီချင်းများကို သူမရဲ့ ကိုယ်ပိုင်ဟန်နဲ့ သီဆိုခဲ့တာ ဖြစ်ပြီး မကြာသေးမီက ထွက်ရှိခဲ့တဲ့ ဒုတိယအခွေ ဆုတောင်းအယ်လ်ဘမ် မှာတော့ သူမရဲ့ ကိုယ်ပိုင်သီချင်းတွေနဲ့ သီဆိုဖန်တီးထားတာ တွေ့ရပါတယ်။
သူမရဲ့ ဂီတလမ်းကြောင်းမှာ ရပ်တည်နေပုံ၊ တေးသီချင်းတွေ ဖန်တီးနေပုံ၊ ဖခင်ဖြစ်သူနဲ့ အမှတ်တရများ အကြောင်းကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ယုဖြူဟန်က အဆိုတော် ဆိုင်စံနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ မကြာခင်က ထွက်ရှိထားတဲ့ ဒုတိယအယ်ဘမ် ဆုတောင်းတေး ဆိုတဲ့ အခွေအကြောင်းလေး ပြောပြပေးပါ။
ဖြေ ။ ။ အခုထွက်ထားတဲ့ ဆုတောင်းတေးက ဖေကြီးရဲ့သီချင်းတွေ မပါပဲနဲ့ သီချင်းအသစ်လေးတွေ လုပ်ထားတယ်၊ အရှေ့မှာတော့ အဆုံးအဖြတ် ဆိုတဲ့ အခွေထွက်ထားတယ်။
မေး ။ ။ ပထမအခွေမှာက အဖေ့ရဲ့ သီချင်းတွေပဲ ဆိုခဲ့ပြီးတော့ အခုဒုတိယအခွေမှာ ကိုယ်ပိုင်သီချင်းလေးတွေ ဖန်တီးရတဲ့ အပေါ်မှာ ဘယ်လို ပြောင်းလဲသွားလဲ။
ဖြေ ။ ။ အခက်အခဲတော့ရှိတာပေါ့ နော်၊ ကိုယ်ပိုင်ဖန်တီးမှု ဖြစ်သွားပြီ ဆိုတော့ ကိုယ့်ပုံစံတခုကို အခုချိန်မှ ရွေးချယ်သလို ဖြစ်တာ ဆိုတော့ အခက်အခဲတွေတော့ ရှိတယ်၊ ဒါပေမယ့် အခုတော့ ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်ပိုင်ပုံစံတော့ ရသွားတာပေါ့။
မေး ။ ။ ကိုယ့်ရဲ့ ပုံစံတခုနဲ့ တခု ကွဲထွက်တဲ့ ပုံစံကို ပရိသတ်ဆီကရော ဘယ်လိုမျိုး ပြန်ကြားရလဲ။
ဖြေ ။ ။ တချို့တွေကလည်း နောက်တယောက် ပြောင်းသွားတယ် လို့ ပြောကြတယ်။ အခုလောလောဆယ်ထိ နားထောင်ပြီးတဲ့ သူတွေက အရင်ဆိုင်စံ မဟုတ်တော့ဘူး၊ အဲဒီလို ပြောကြတယ်။
မေး ။ ။ အဖေဖြစ်သူရဲ့ သီချင်းကို ဆိုရတာနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်သီချင်းကို ဆိုရတာမှာ ဘယ်လိုမျိုး အခက်အခဲလေးတွေ ရှိခဲ့လဲ။
ဖြေ ။ ။ ဖေကြီး သီချင်းဆိုတာက ဖေကြီးလောက်တော့ မကောင်းနိုင်ဘူးလေ၊ အရမ်းဂွမ်းမနေအောင် ကြိုးစားရတာပေါ့၊ အဲဒါကလည်း စိတ်ဖိစီးမှုတခု ဖြစ်တာပဲ၊ အခု ကိုယ်ပိုင်သီချင်းတွေ ဆိုတဲ့ အခါမှာလည်း စိတ်ဖိစီးမှုက ရှိနေတုန်းပဲ၊ နောက်ပိုင်း ကျရင်တော့ တဖြည်းဖြည်းနဲ့ လွတ်လပ်သွားမှာပါ။
မေး ။ ။ ပထမအခွေကို ဆိုရင် ဦးစိုင်းထီးဆိုင်ကို ကြိုက်ကြတဲ့ ပရိသတ်ကြီးက အားပေးခဲ့ကြတယ်။ အခုအခွေ အပေါ် မှာရော အဲဒီ ပရိသတ်ကြီးဆီက ဘယ်လို ပြန်ကြားရလဲ။
ဖြေ ။ ။ အခုအခွေက ဖေကြီး သီချင်းတွေကို နားထောင်ချင်တဲ့ ပရိသတ်အတွက်တော့ မကိုက်ဘူး၊ ဒါပေမယ့် ကြိုးစားမှုကို လက်ခံကြတာ များပါတယ်။ ဒီလိုမျိုး ကိုယ်ပိုင်ဟန်နဲ့ ကြိုးစားတာလည်း ဖေကြီးက သူဖြစ်စေချင်တဲ့ ဆန္ဒနဲ့ တသားတည်း ကျနေတဲ့ အတွက် ကျန်တဲ့ လူကြီးတွေကလည်း သဘောကျကြတယ်။
မေး ။ ။ ဖခင်ဖြစ်သူရဲ့ သီချင်းတွေ အများကြီးထဲကမှ ဘယ်လို ရွေးချယ်ပြီးတော့ သီဆိုခဲ့လဲ။
ဖြေ ။ ။ ဖေကြီးသီချင်းတွေက အရမ်းများတယ် ကိုယ်တိုင်ကလည်း ဆိုချင်တာက အရမ်းများတယ်။ မိန်းကလေးဖြစ်နေတဲ့ အတွက် မလိုက်ဖက်လို့ ရှောင်လိုက်ရတဲ့သီချင်းတွေ ရှိတယ်။ ဖေကြီး ဆိုထားလို့ အရမ်းကောင်းခဲ့တဲ့သီချင်းတွေပေါ့။ ဥပမာ မောင့်လပြည့်ဝန်း လိုသီချင်းမျိုး ကိုယ်လိုက်ပြန်ဆိုလို့ မမှီတဲ့ သီချင်းမျိုး ဆိုရင် ရှောင်ရတယ်။ အများဆုံးကတော့ အရင်က ပေါက်ခဲ့ ပေမယ့် အခု သိပ်မမှတ်မိတော့မယ့် သီချင်းမျိုးတွေ ဆိုချင်တယ်၊ အဲဒီလိုမျိုးတွေ ရွေးချယ်ဖြစ်တာ ပိုများတယ်။
မေး ။ ။ ဒီလိုမျိုး ဖခင်ရဲ့သီချင်းတွေ ပြန်လည် သီဆိုတဲ့ အပေါ်မှာရော ဝေဖန်တာမျိုးတွေ ပြန်ကြားရသေးလား။
ဖြေ ။ ။ တိုက်ရိုက် ပြန်ကြားရတာမျိုးတော့ မရှိပါဘူး ဝေဖန်မှုကတော့ ကိုယ်ကြား မကြားရှိမယ် ပေါ့နော်။ အဲဒါကို ခေါင်းထဲမှာ မထားဘူး။ နောက်ပြီးတော့ ကိုယ့်အဖေသီချင်းကို ကိုယ်ပြန်ဆိုတာ ဆိုတော့လေ…၊ ဘယ်သူမှတော့ သိပ်မပြောပါဘူး။ တချို့တွေတော့လည်း ရှိပါတယ်၊ ဖျက်ဆီးတယ် ဘာညာ ပြောရင်လည်း ဒီသီချင်းတွေက ဖေကြီးလောက် ဘယ်သူမှ ကောင်းအောင် ဆိုနိုင်မှာ မဟုတ်ကြဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ကောင်းအောင်ဆိုတယ်။ ကျန်တာကို ခေါင်းထဲမှာ မထားတတ်ဘူး။
မေး ။ ။ အခု ထွက်ထားတဲ့ ဒုတိယအခွေထဲမှာ ဆိုရင် ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတွေလည်း ပါတယ် လို့ သိရတယ်။ သီချင်းရေးတဲ့ အပိုင်းလေးလည်း ပြောပြပေးပါ။
ဖြေ ။ ။ ဒီခွေထဲမှာတော့ သီချင်းနှစ်ပုဒ် ရေးထားပါတယ်။သီချင်းတွေ ရေးနေတာတော့ ကြာပါပြီ။ ၂၀၀၈ ခုနစ် ကတည်းက။ အခု ဒီခွေထဲမှာ ပါတာကတော့ ၂၀၁၁ လောက်က ရေးထားတဲ့ သီချင်းလေးတွေပေါ့။ သီချင်းတွေ ရေးထားတာတော့ အများကြီး ပဲ။ အဲဒါကလည်း ကိုယ်ဝါသနာပါနေတဲ့ အရာတခု ဖြစ်ပါလိမ့်မယ်။ ဖေကြီးဆီကလည်း အမွေရခဲ့တဲ့ဟာ တခုဆိုတော့ သိပ် ခက်ခက်ခဲခဲတော့ မဟုတ်ဘူး ကိုယ်စိတ်ထဲ ရှိတဲ့ အတိုင်း ဖန်တီးတာပါ အများကြီး နားလည်လို့လည်း မဟုတ်ပါဘူး။
မေး ။ ။ သီချင်းခွေတွေကို ကိုယ်တိုင် ထုတ်ထားတယ် လို့ သိရတယ်။ အခက်အခဲတွေရော ရှိလား။
ဖြေ ။ ။ အခွေက အခုတော်တော်များများလည်း ကိုယ်တိုင်ထုတ်ကြတာ များပါတယ်။ အရင် ခေတ်ကလို ထုတ်လုပ်သူတွေ လည်း မရှိတော့ဘူး။ အဲဒီတော့ ပထမအခွေ ထုတ်ပြီးတော့ ပွဲတွေရတာတွေစု စုပြီးတော့ နောက်တခွေ ပြန်ထုတ်နဲ့ပဲ ချာလပတ် လည်နေတာပဲ။ အခွေထုတ်တာက မြတ်တယ် လို့ မရှိပါဘူး။ အရှုံးနည်းတာနဲ့ များတာပဲ ရှိတာပါ။
ပထမအခွေ အဆုံးအဖြတ် တုန်းကတော့ အရမ်းကြီး ရှုံးတယ်လို့တော့ ပြောလို့ မရဘူး။ အခြေအနေလေးတခုထိ ရောင်းရတော့လေ။ အဲဒီကနေလည်း ပိုက်ဆံ ထွက်လာတယ်။ ပွဲတွေလည်း ဆိုရတယ်ပေါ့နော်။ အဆိုတော်ဆိုတာကတော့ အခွေတခွေ ထုတ်တာက အသက် တချောင်း တိုးသလိုပဲ။ ရှင်သန်ရတာပေါ့၊ အခွေမထုတ်ဘဲ ဆိုနေတဲ့ အဆိုတော်ဆိုတာတော့ သိပ်မရှိဘူး။ အဆိုတော်ဆိုတာက အခွေထုတ်ချင်တာပေါ့ နော်။ ပရိုဂျူဆာ ရှိရှိ မရှိရှိ ကြိုးစားပြီး ထုတ်နေရတာပေါ့။
မေး ။ ။ သီချင်းတွေဆိုတာကို ဘယ်အရွယ်ကနေ စပြီး ဝါသနာပါလာခဲ့တာလဲ။
ဖြေ ။ ။ ငယ်ငယ်တည်းက ဝါသနာပါခဲ့တာ…၊ သီချင်းတွေက အိမ်မှာ အမြဲတမ်း နားထောင်နေရတော့ သီချင်းတွေကို ငယ်ငယ်လေး ကတည်းက ကြိုက်တတ်တယ်၊ နည်းနည်းလေး အသက်ကြီးလာတော့ ပိုပြီးတော့ လေ့လာဖြစ်တယ်၊ ဝါသနာကတော့ ၃/ ၄ နှစ်လောက် ကတည်းက ပါလာခဲ့တာ ဖြစ်ပါလိမ့်မယ်။
မေး ။ ။ တစိုက်မတ်မတ် လုပ်ဖြစ်လာခဲ့တာကရော ဘယ်တုန်းကလဲ။
ဖြေ ။ ။ အနုပညာ အလုပ်ကို ပရော်ဖက်ရှင်နယ် အနေနဲ့ ကြိုးစားလာတာကတော့ ၂၀၀၈ ၊၂၀၀၉ လောက်က စပြီးတော့ မင်္ဂလာဆောင်တွေ စဆိုဖြစ်တာ။
မေး ။ ။ ဖခင်ဆီကရော ဂီတနဲ့ ပတ်သက်ပြီးတော့ ဘယ်လို လမ်းညွှန်ပြသခဲ့တာတွေ ရှိခဲ့လဲ။
ဖြေ ။ ။ ဖေကြီးကတော့ သိပ်ပြီးတော့ အနီးကပ် သင်ပေးတာမျိုးတော့ မလုပ်နိုင်ဘူးပေါ့။ သီချင်းတွေ နားထောင်ဖို့ ကလေးတုန်း ကတည်းက ကလေးနဲ့ ကိုက်ညီမယ့် သီချင်းခွေလေးတွေ ဝယ်ပြီးတော့ နားထောင်စေတာမျိုး ရှိခဲ့တယ်။
မေး ။ ။ ဖခင်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေထဲက အမှတ်အရဆုံးက ဘာဖြစ်မလဲ။
ဖြေ ။ ။ ဖေကြီးနဲ့ အမှတ်တရတွေက အရမ်းများတယ်၊ မှတ်မှတ်ရရ ဆိုရင် ၈ တန်းနှစ်လောက်က စပြီးတော့ တွဲသွားတွဲလာ များတယ်၊ ကျောင်းပို့ကျောင်းကြိုတဲ့ အချိန်တွေမှာ အနီးကပ်ရှိခဲ့တယ်။ အရမ်းငယ်သေးတဲ့ အချိန်မှာ ဖေကြီးက သားသမီးတွေ နားမှာ မရှိနိုင်မှာ ခရီးတွေ ထွက်ရတာတို့ ပွဲတွေ ဆိုနေရတာတို့ပေါ့။ ငယ်ငယ်ကတည်းက သူနဲ့ တစိုက်မတ်မတ် လုပ်ခဲ့တာ ဆိုလို့ မနက်မိုးလင်းရင် မနက်စာ အတူတူ သွားစားကြတာပေါ့။ အကြိုက်ခြင်းလည်း တူတယ် ဆိုတော့ မရမက နှိုးပြီးတော့ သွားစားကြတာ ပေါ့။
မေး ။ ။ ရှေ့ဆက်ပြီးတော့ရော လုပ်သွားမယ့် အနုပညာအလုပ်တွေကို ပြောပြပေးပါ။
ဖြေ ။ ။ နောက်ထပ်တော့ အခွေထပ်ပြီးတော့ စီစဉ်ရဦးမှာပေါ့။ ဆုတောင်းတေး အခွေရဲ့ အခြေအနေကို တချက်ကြည့်ပြီး တော့ နောက်တခွေ ထပ်လုပ်ဖို့ စဉ်းစားထားတယ်။ နောက်တခွေကတော့ ဖေကြီးရဲ့ သီချင်းဟောင်းတွေပဲ ဖြစ်မှာပေါ့။ ဘယ်လိုပုံစံနဲ့ ထွက်လာမလဲ ဆိုတာတော့ ပရိသတ်တွေ ခဏလောက် စောင့်ပေးပါဦး။
မေး ။ ။ အားပေးနေတဲ့ ပရိသတ်တွေကို ဘာများ ပြောချင်ပါသေးလဲ။
ဖြေ ။ ။ အခုချိန်ထိ ဖေကြီးကို ချစ်တဲ့ ပရိသတ်တွေ၊ ဖေကြီးသီချင်းတွေကို နားထောင်တဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ် လို့…၊ အမကိုလည်း ဖေကြီးကို ချစ်တဲ့ အချစ်တွေကြောင့် အမကိုပါ အားပေးနေကြတဲ့ ပရိသတ်ကို ကျေးဇူး အများကြီး တင်ပါတယ်။ ။
The post စိုင်းထီးဆိုင်ရဲ့ သမီး တေးသံရှင် ဆိုင်စံနဲ့ တွေ့ဆုံခြင်း appeared first on ဧရာဝတီ.