အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတို့ဆီ တိုက်ရိုက်ရောက်ရှိထိတွေ့စေနိုင်ဖို့ ရည်ရွယ်ပြုလုပ်မယ့် မြန်မာ့ ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲမှာ ညစ်ညမ်းပြက်လုံးများ၊ တိုင်းရင်းသားနဲ့လူမျိုးအရေးကို လှောင်ပြောင်တဲ့ ပြက်လုံးများ၊ လိင်တူချစ်သူများကို လှောင်ပြောင်သရော်တဲ့ ပြက်လုံးများ ထည့်သွင်းလာပါက အမှတ်ပေးမှာ မဟုတ်ဘူးလို့ အငြိမ့်ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဝင်တဦးဖြစ်သူ ဦးဇာဂနာက ပြောဆိုပါတယ်။
“ဒီပြိုင်ပွဲမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ထင်ဟပ်ပေါ်လွင်စေတဲ့ပြက်လုံး၊ သီချင်းတပုဒ်ပါဖို့အတွက် မေတ္တာ ရပ်ခံထားပါတယ်။ မောင်နှမ၊သားအမိ၊သားအဖ အတူထိုင်ကြည့်လို့မရတဲ့ ပြက်လုံးမျိုးမပါဖို့အတွက် ကြိုတင်ပြီး မေတ္တာရပ်ခံထားပါတယ်။ အဲဒါမျိုးတွေပါလာရင် အမှတ်မပေးဘူးပေါ့။နောက်ပြီးတော့ လူမျိုးရေး တိုင်းရင်းသားအရေးတွေကိုလည်း မလှောင်ပြောင်စေချင်ပါဘူး။ လိင်တူချစ်သူတွေနဲ့ပတ်သက်ပြီး လှောင်ပြောင်မယ့် ပြက်လုံးတွေလည်း မပြက်ဖို့အတွက်ပြောထားပါတယ်” လို့ ဦးဇာဂနာက ပြောပါတယ်။
ဆက်လက်ပြီး သူက “ကျနော်တို့ မျှော်လင့်ထားတာက အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားကို တိုက်ရိုက်ထိတာ အငြိမ့်ပါ။ ကျနော်တို့က ရုပ်မြင်သံကြားကပဲပြပြ ဇာတ်ခုံပေါ်ကပဲပြပြ လူပြက်တွေရဲ့ပါးစပ်ကနေတဆင့် မင်းသမီးတွေရဲ့ ပါးစပ်ကနေတဆင့် ဒီမိုကရေစီရဲ့ စံနှုန်းတွေကိုပြောလိုက်မယ်ဆိုရင် အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေဆီကို တိုက်ရိုက်ထိပါလိမ့်မယ်။အဲဒီလိုအကြောင်းအရာတွေကြောင့် ပြုလုပ်ရတာဖြစ်ပါတယ်” ဦးဇာဂနာက ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါ ရုပ်ရှင်ပွဲတော်အတွင်း ပဒေသာကပွဲအနေနဲ့ ဒီ အငြိမ့်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီ အငြိမ့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များမှာ အထက်မြန်မာပြည်မှ အငြိမ့်အဖွဲ့ ၁၃ ဖွဲ့နှင့် အောက်မြန်မာပြည်မှ အငြိမ့်အဖွဲ့ ၂၇ ဖွဲ့တို့ ပါဝင်ကြပြီး ရန်ကုန်နဲ့ မန္တလေးမြို့များရှိ အမျိုးသားကဇာတ်ရုံတို့မှာ အသီးသီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ထိုပြိုင်ပွဲဝင်အဖွဲ့များထဲမှ အထက်မြန်မာပြည်အဖွဲ့ ၃ ဖွဲ့နဲ့ အောက်မြန်မာပြည်အဖွဲ့ ၃ဖွဲ့ စုစုပေါင်း ၆ ဖွဲ့က ရွေးချယ်ပြီး ဖိုင်နယ် ယှဉ်ပြိုင်ကြရမှာဖြစ်ကာ MRTV-4 မှ Live ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
နောက်ဆုံးဗိုလ်လုပွဲနေ့ကိုတော့ ရုပ်ရှင်ပွဲတော်ရဲ့ နောက်ဆုံးနေ့တွေဖြစ်တဲ့ စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲရဲ့ ဆုတွေကတော့ နောက်ဆုံးဖိုင်နယ်အဆင့်ကို ရောက်ရှိလာတဲ့အသင်းများထဲမှ ပထမ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုသုံးဆုအပြင် အကောင်းဆုံး လူရွှင်တော်၊ အကောင်းဆုံးမင်းသမီး၊ အကောင်းဆုံး ဆိုင်းအဖွဲ့နဲ့ ပရိသတ်ရွေးချယ်တဲ့ အကောင်းဆုံးအဖွဲ့ဆုများ ချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
The post အခြေခံလူတန်းစားနဲ့အနီးစပ်ဆုံးဖျော်ဖြေမှုအဖြစ် ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ပြုလုပ်မည် appeared first on ဧရာဝတီ.