ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Bumrungrad ဆေးရုံကြီးတွင် ဇွန်လ ၁၇ ရက်နေ့က နှလုံးသွေးကြောလဲလှယ် ခွဲစိတ် ကုသမှု ပြုလုပ်ခဲ့တဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဟာ ခွဲစိတ်ကုသမှု အဆင်ပြေပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်တယ်လို့ သိရပါတယ်။
“ကိုကျော်သူ ဒီနေ့လမ်းစလျှောက်ပါပြီ။ သူ့ရဲ့ ကျန်းမာရေး ကောင်းမွန်တိုးတက်မှုကတော့ အားရစရာ ကောင်းလှပါတယ်။ဆရာဝန်များ သူနာပြုဆရာမများရဲ့ ပညာစွမ်း၊ ဆေးဝါးများ စက်ကရိယာများရဲ့ ခေတ်မှီတိုးတက်မှု ကမ္ဘာအရပ်ရပ်ရှိ မြန်မာပြည်သူပြည်သားများရဲ့ ဆုတောင်းမေတ္တာပို့သမှုကြောင့် ဒီလောက်မြန်မြန် ပြန်လည်ကျန်းမာ လာတာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်” လို့ ဦးကျော်သူရဲ့ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် အသိပေးထားပါတယ်။
ဦးကျော်သူကလည်း မခွဲစိတ်ခင်က “သားသားမီးမီးတို့ကလည်း မနက်ဖက်အောင်စာရင်းထွက်မှာမိုလို့ သားငယ် သမီးငယ်တွေအပြင် မိဘပြည်သူတွေကလည်း ရင်ခုန်။ ကျွန်တော်ကလည်း မျိုးရိုးကြောင့်ဖြစ်လာတဲ့ နှလုံး သွေးကြောပိတ်ခြင်းကို ရင်ကိုခွဲ နံရိုးများကို ချိုးဖဲ့ပြီး ပေါင်နဲ့လက်မောင်းမှသွေးကြောများကို ထုတ်ပြီး ခွဲစိတ် အစားထိုးခံရမှုအတွက် ရင်ခုန်မိတဲ့ညတစ်ညပေါ့ဗျာ။ သားငယ်၊ သမီးငယ်တို့ အားလုံး ဂုဏ်ထူးများစွာနဲ့ အောင်မြင်ကြပါစေ။ ကျွန်တော်လည်း ခွဲစိတ်ကုသမှု အောင်မြင်ပါစေ။အားလုံး သောကကင်းဝေး ငြိမ်းချမ်းသာယာ ဝပြောကြပါစေ” လို့ ရေးသားခဲ့ပါတယ်။
အဆိုပါ ခွဲစိတ်ကုသမှုပြုလုပ်ရန် ထိုင်းနိုင်ငံသို့ ဇွန်လ ၁၁ ရက်နေ့မှ စတင်ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ၁၇ ရက်နေ့တွင် ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းဖြစ်ပါတယ်။
“ရင်ခေါင်းအရိုးကို လွှလို ကိရိယာနဲ့ ခွဲဖြတ်ပြီး တဂျွတ်ဂျွတ်နဲ့ မြည်အောင် ချိုးဟတဲ့အသံကို Operation Theatre တစ်ခုလုံးက ကြားရတဲ့အသံကို အခုထိနားထဲမှာ ကြားမိတုန်းပဲ။ ခွဲစိတ်တုန်းမှာ နှလုံးကို လုံးဝရပ်သွားအောင်လုပ်ပြီး သွေးကိုအပြင်က စက်နဲ့ ယာယီလည်ပတ်အောင် လုပ်ထားရပါတယ်။ သွေးကြောလေးတွေကိုလည်း ပေါင်၊ လက်မောင်း သို့မဟုတ် ရင်ခေါင်းကနေယူပြီး နှလုံးမှာ ဖြတ်ညှပ်စက်လုပ်ရတာလည်း အတော်ကို အနုစိတ်တာပါ။ တော်တော်လက်ဝင်ပြီး အသက်အန္တရာယ်ကြီးတဲ့ ခွဲစိတ်မှုပါပဲ။ ဆေးကျောင်းသူဘဝတုန်းကတော့ ဒီ နှလုံးခွဲစိတ်မှု ကြည့်ရတိုင်း အင်မတန်အားတက်ခဲ့တာ။ Cardiac Surgeon တွေကိုလည်း အရမ်းအားကျတာပေါ့။ အခုတော့ ဖေဖေက ခွဲစိတ် ကုတင်ပေါ်ကလူနာပေါ့။ နိုင်ငံရပ်ခြားအဝေးကနေပဲ မြင့်မိုရ် ဖေဖေ့အတွက် ဆုတောင်းပေး နေပါတယ်။ မေမေ့ဆီက သတင်းစောင့်ရင်းနဲ့ပေါ့” လို့ ဦးကျော်သူရဲ့သမီးဖြစ်သူကလည်း ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကိုယ်ပိုင် ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
The post နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ကျန်းမာရေးပြန်လည်ကောင်းမွန်လာ appeared first on ဧရာဝတီ.