မြန်မာပရိသတ်များအကြား Pee Mak ဆိုတဲ့ ထိုင်းရုပ်ရှင်ဇာတ်ကားရဲ့မင်းသားအဖြစ် နာမည်ကြီးခဲ့တဲ့ Mario Maurer က မြန်မာနိုင်ငံကို အလုပ်ကိစ္စအနေနဲ့မဟုတ်ဘဲ မြန်မာပရိသတ်တွေနဲ့ သီးသန့်တွေ့ဆုံချင်ပါတယ်လို့ ဆိုလိုက်ပါတယ်။
“အခုလို မြန်မာနိုင်ငံကို ဒုတိယအကြိမ် ပြန်ရောက်လာတာ ဝမ်းသာစရာပါ။ အားပေးကြတဲ့ မြန်မာပရိသတ်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အခွင့်အရေးပေးရင် အလုပ်နဲ့မဟုတ်ဘဲ အချိန်ပေးပြီး လာရောက် တွေ့ဆုံချင်ပါတယ်” လို့ ပြောပါတယ်။
Mario Maurer ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ပြီး အလုပ်ကိစ္စများကြောင့်သာ လာရောက်ခြင်းဖြစ်ကာ ပရိသတ်နဲ့ သီးသန့်တွေ့ဆုံရခြင်းမရှိသေးဘူးလို့ သိရပါတယ်။
POND’s Men အလှကုန်ရဲ့ သံတမန်တဦးဖြစ်တဲ့ Mario Maurer ဟာ အခြေအနေပေးပါက မြန်မာနိုင်ငံတွင် အနုပညာအလုပ်များလည်း လုပ်ချင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
Mario Maurer ဟာ လက်ရှိအချိန်မှာ သူ့နိုင်ငံတွင် အနုပညာလုပ်ငန်းများကို အချိန်ပြည့်လုပ်ကိုင်နေရတယ်လို့ သိရပြီး အနုပညာအလုပ်ကိုတော့ အသက် ၆၀ လောက်အထိလုပ်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ဇာတ်ရုပ်ပေါင်းစုံ သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်ကာ အနုပညာအပြင် စီးပွားရေးကိုလည်း စိတ်ဝင်စားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတွင် ထပ်မံထုတ်လုပ်ဖြန့်ချိလိုက်တဲ့ POND’s Men အလှကုန်ရဲ့ ဖိတ်ခေါ်မှုကြောင့် မေလ ၂၁ ရက်နေ့ မနက်က ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပါတယ်။
The post အလုပ်ကိစ္စမပါပဲ မြန်မာပရိသတ်တွေနဲ့ တွေ့ချင်တဲ့ ထိုင်းမင်းသား Mario Maurer appeared first on ဧရာဝတီ.