13 Reasons Why Season 1 ရုပ်သံဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က အမေရိကန်နိုင်ငံမှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဧပြီလမှာ မြန်မာလူငယ်တွေအကြား အတော်ရေပန်းစားခဲ့တဲ့ ဇာတ်လမ်းတွဲတခုဖြစ်ခဲ့ပါတယ်။
စာရေးဆရာ Jay Asher ရေးသားတဲ့ နာမည်ကြီးဝတ္ထု 13 Reasons Why ကို အခြေခံပြီးရိုက်ကူးထားတာပါ။ Alexander and the Terrible, Horrible, No Good, Very Bad Day တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်မင်းသား Dylan Minnette နဲ့ Daughter, Imperfect Quadrant တို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သြစတြေးလျမင်းသမီး Katherine Langford တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
အဆိုပါ ဇာတ်ကား Season 1 မှာ အပိုင်း ၁၃ ပိုင်းပါဝင်ကာ စိတ်ခံစားချက်ပြင်းထန်ပြီး သူငယ်ချင်းတွေကို အရမ်း ခင်မင်တတ်တဲ့ Hannah ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးတယောက်ဟာ သူငယ်ချင်းတွေရဲ့သစ္စာဖောက်မှုကို ခံခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ကောင်မလေး တယောက်အကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
သူဘာကြောင့်သတ်သေသွားရသလဲဆိုတဲ့ အကြောင်းပြချက် ၁၃ ချက် ဖြစ်တဲ့ လူ ၁၃ ယောက်အကြောင်းကို သူက အသံနဲ့တိပ်ခွေသွင်းထားခဲ့တာကြောင့် ဇာတ်ကားရဲ့ တပိုင်းပြီးတပိုင်းအလိုက် တိပ်ခွေထဲမှာ ဘယ်သူတွေပါသလဲဆိုတာကို ကြည့်ရှုသူတွေက စိတ်ဝင်တစားနဲ့ သိချင်ခဲ့ကြတာပါ။ ဒါ့အပြင် နောက်လာမယ့် Season 2 မှာလည်း ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကိုပါ သိချင်နေကြပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်သူများထဲတွင် တဦးအပါအဝင်ဖြစ်တဲ့ သရုပ်ဆောင်၊ အဆိုတော် Selena Gomez က Season 1 နာမည်ကြီးပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့ အင်စတာဂရမ်မှာ Season 2 ရဲ့ အပိုင်းတိုလေးကို တင်လိုက်ရာမှ နာမည်ကြီးသွားခဲ့ပြီး အဆိုပါ ကိစ္စရပ်ဟာ အငြင်းပွားစရာရှိလာနိုင်ပေမယ့် Netflix ကုမ္ပဏီကတော့ တရားဝင် အတည်ပြုလိုက်ပါတယ်။
Netflix ကုမ္ပဏီက ထွက်ရှိလာမယ့် Season 2 အတွက် သေချာပြင်ဆင်နေပြီး ၂၀၁၈ ခုနှစ်မှာ ထွက်ရှိမယ်လို့ကြေညာထားပါတယ်။ Season 1 က သြစတြေးလျမင်းသမီး Katherine Langford ပဲ ဆက်ပြီး သရုပ်ဆောင်မယ်လို့ သိရပါတယ်။
အဆိုပါ ဇာတ်ကားရဲ့Season 1 မှာတုန်းက ဇာတ်ကောင် Hannah ရဲ့ သတ်သေမှုဟာ ပြည်ပနိုင်ငံများနဲ့ နယူးဇီလန်နိုင်ငံတို့မှ စိတ်ကျန်းမာရေး ပညာရှင်တွေရဲ့စွပ်စွဲချက်တွေ၊ အငြင်းပွားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
နယူးဇီလန်မှ စိတ်ကျန်းမာရေးလူနာများအတွက် ထူထောင်ထားတဲ့ ပရဟိတအဖွဲ့ရဲ့ စီမံခန့်ခွဲရေးမှူးချုပ် Shaun Robinson က ဒီ ဇာတ်လမ်းတွဲကို မကြည့်ဖူးပေမယ့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းကို ထည့်သွင်းရိုက်ကူးထားတာက အန္တရာယ်များပြီး တာဝန်မဲ့တဲ့လုပ်ရပ်နဲ့ သက်ဆိုင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
သို့ပေမယ့် စိတ်ကျန်းမာရေးရှေ့နေ Mike King ကတော့ သတ်သေမှုကို ဖြစ်စေတဲ့ အကြောင်းအရာတွေကို ထည့်ရိုက်ပြီး ထောက်ပြနိုင်တဲ့အတွက် သဘောကျပါတယ်လို့ ဆိုပါတယ်။
Netflix ကုမ္ပဏီကတော့ အပိုင်းတွေရဲ့အစမှာ သတိပေးစာတွေကို ထည့်သွင်းပေးထားပြီး နယူးဇီလန်နိုင်ငံမှာတော့ ၁၈ နှစ်အောက် ကလေးငယ်တွေအနေနဲ့ အဆိုပါ ဇာတ်လမ်းတွဲကို ကြည့်တဲ့အခါ နံဘေးတွင် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူ တယောက်ယောက် ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။
Ref : stuff
သုန္ဒြီဆီလျော်အောင် ဘာသာပြန်ဆိုသည်။
The post Selena Gomez က 13 Reasons Why Season 2 အပိုင်းတိုကို အင်စတာဂရမ်မှာတင်ခဲ့ appeared first on ဧရာဝတီ.