Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မင်္ဂလာဆောင်ဝတ်စုံ ကြော်ငြာရိုက်လွန်းလို့ ကျိန်းကျေသွားလား မသိဘူးဆိုတဲ့ နန်းဆုရတီစိုး

$
0
0

မလေးရှားနိုင်ငံ ကွာလာလမ်ပူနဲ့ ကိုတာကီနာဘာလူ မြို့တို့မှာ အောက်တိုဘာလ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲတဲ့့ အာဆီယံနိုင်ငံ အနုပညာဖလှယ်ရေးပွဲတော် “ASEAN Celebrity Explore Quest Malaysia 2016” ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အနုပညာရှင်များအဖြစ် ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော် နန်းဆုရတီစိုး၊ မော်ဒယ်လ် ပိုင်တံခွန်နဲ့ Miss Myanmar International 2015 အလှမယ် အမရာငြိမ်းတို့ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာကိုယ်စားပြု တက်ရောက်ခဲ့တဲ့ အနုပညာရှင် သရုပ်ဆောင် နန်းဆုရတီစိုးကို ခရီးစဉ်အကြောင်း၊ လတ်တလော အနုပညာလှုပ်ရှားမှုများအကြောင်းနဲ့ ပရိသတ်စိတ်ဝင်စားမယ့် အချစ်ရေးအကြောင်း တို့ကို ဧရာဝတီ သတင်းထောက် သီဟတိုး က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံး နန်းဆု အခု မြန်မာနိုင်ငံကိုယ်စားပြု အနုပညာရှင် တယောက်အနေနဲ့ တက်ရောက်ဖြစ်တဲ့ ခရီးစဉ်အကြောင်းလေး ပြောပြပေးပါဦး။

ဖြေ။ ။ ဒီခရီးစဉ်အကြောင်းကတော့ Tourism Malaysia ကနေ ဦးစီးပြီး ကျင်းပတဲ့ ACEQM2016 “ASEAN Explore Quest Malaysia 2016” ဆိုတဲ့ ခရီးစဉ်လေးကို ရောက်နေပါတယ်။ ခရီးစဉ်က ၇ ရက်ကြာပါတယ်။ နန်းဆုတို့က ဘာလုပ်ရလဲဆိုတော့ အာဆီယံ ၁၀ နိုင်ငံက အနုပညာရှင်တွေ၊ မင်းသား၊ မင်းသမီး၊ အဆိုတော်တွေ ပါတယ်။ သူတို့နဲ့ တွေ့ဆုံပြီးတော့ ရင်းရင်းနှီးနှီး ဂိမ်းတွေဆော့ Activities တွေလုပ်တယ်။ ပရိသတ်တွေကို ပြန်ပြီးတော့ ဘယ်နေရာတွေကို ဘယ်လိုသွားပြီး ဘယ်လိုတွေ ကစားကြတယ်ဆိုတာ ပြန်ပြီး Sharing လုပ်ပေးတာပါ။ နန်းဆုတို့ သွားတဲ့နေရာလေး တွေမှာ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုလေးတွေရိုက်ပြီး မလေးရှားက ဘယ်နေရာတွေကတော့ ဘယ်လို လည်ပတ်စရာတွေရှိတယ်ဆိုတာကို စသဖြင့် လေ့လာလည်ပတ်ခွင့်ရသမျှ မြန်မာပြည်က ပရိသတ်တွေကို Sharing လုပ်ပေးတာပါ။

မေး။ ။ ခရီးစဉ်အတွင်းမှာတော့ မလေးရှားနိုင်ငံရဲ့ ဘယ်နေရာတွေကို လည်ပတ်ပြီးသွားပြီလဲ။ ဘယ်နေရာတွေသွားရောက် လည်ပတ်မယ်ဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ နန်းဆုတို့ ပထမက ကွာလာလမ်ပူမှာ ၃ ရက်၊ နောက်ပြီး အခု(အောက်တိုဘာ-၁၂)မှာ ကိုတာကီနာဘာလူ ဆိုတဲ့ ကျွန်းမြို့လေးကို ရောက်နေပါတယ်။ ကျွန်းမြို့လေးက ရေတွေပတ်လည်ဝိုင်းနေတော့ အရမ်းလှပါတယ်။ ဘော်နီယိုကျွန်းပေါ့။ Tourist Attraction မှာဆိုရင် နန်းဆု သိရသလောက် ဒီနေရာက ကမ္ဘာ့အလှဆုံး အဆင့် နံပါတ် ၆ အဖြစ် Time Magazine မှာ တကြိမ်ပါဖူးပါတယ်။ ဒီနေရာကို ဗြိတိန်ဘုရင်မ မိသားစု ကလည်း လာရောက် လည်ပတ်ဖူးပါတယ်။ အဲဒီကျွန်းလေးကို နန်းဆုတို့ လာရောက် လည်ပတ်ခွင့် ရပါတယ်။ ကွာလာလမ်ပူကိုတော့ ရောက်ဖူးပေမယ့် ဒီကျွန်းလေးကိုတော့ ပထမဆုံးရောက်ဖူးတာပါ။ အရမ်းသာယာလှပပြီး ပျော်စရာကောင်းပါတယ်။

မေး။ ။ အခုလိုမျိုး အာဆီယံ ၁၀ နိုင်ငံသွားတဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရတဲ့အတွက် နန်းဆုရဲ့ စိတ်ခံစားချက်ကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ အာဆီယံမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး သွားရတာ ဂုဏ်ယူပါတယ်။ အရမ်းလည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ပြီးတော့ အာဆီယံအနုပညာရှင်တွေနဲ့ တွေ့ရတော့ တယောက်နဲ့ တယောက် Friendship တခုရတယ်။ ပြီးတော့ အနုပညာရှင်အချင်းချင်း တယောက်နဲ့တယောက် ကိုယ့်နိုင်ငံ အကြောင်း သူ့နိုင်ငံအကြောင်း၊ ကိုယ့်အနုပညာ သူ့အနုပညာအကြောင်းတွေ Sharing လုပ်ခွင့် ရတယ်။

မေး။ ။ အခု ခရီးစဉ်ကို Tourism Malaysia က မိတ်ဆက်တယ်။ မြန်မာနိုင်ငံကကော လည်ပတ်စရာ နေရာတွေကို အခုလိုမျိုး အာဆီယံကို မိတ်ဆက်ပေးမယ်ဆိုရင် Tourism ကဏ္ဍ ဘယ်လိုမျိုး တိုးတက်လာမယ်လို့ နန်းဆု မျှော်လင့်မိလဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာဆိုရင် Tourist Attraction နေရာတွေ အရမ်းများပါတယ်။ Tourist Attraction တင် မဟုတ်ဘူး၊ နန်းဆုတို့ Local တွေတောင်မှ အရမ်းသွားချင်တဲ့ နေရာတွေ၊ စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတွေ၊ နန်းဆုတို့ ကိုယ်တိုင်တောင် မရောက်ဖူးသေးတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ တကယ်လည်း စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ အဲဒီလို နေရာတွေကို Highlight လုပ်ပြီး Tourism ကဏ္ဍကို တိုးတက်အောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ နန်းဆုတို့ နိုင်ငံမှာဆို ရထားပြီးသား သဘာဝအလှတရားတွေဆို တန်ဖိုးဖြတ်လို့မရဘူး။ ရေတွက်လို့တောင် မကုန်နိုင်ဘူး။

ရှေးဟောင်းနေရာတွေလည်း အရမ်းများတယ်။ ဥပမာ ပုဂံ၊ သရေခေတ္တရာ၊ ပျူ ၊ ပုပ္ပါး၊ တောင်ငူ၊ အင်းဝမြို့ဟောင်းစတဲ့ နေရာတွေပေါ့။ အထက်မြန်မာပြည်ဆို ရေခဲတောင်ရှိတယ်။ ပင်လယ် ကမ်းခြေဒေသတွေရှိတယ်။ အဲဒီနေရာတွေဆို တကယ့် Tourist Attraction လို့ ပြောလို့ရတယ်။ အဲဒီနေရာတွေကို Tourist တွေ အများကြီး ဝင်လာအောင်၊ ပိုပြီးလည်ပတ်ချင်လာအောင် ခရီးသည်တွေအတွက် ပိုပြီး အဆင်ပြေအောင် နန်းဆုတို့အတွက် Tourism Income နိုင်ငံခြား ဝင်ငွေ အရမ်းတိုးတက်လာမယ် ထင်ပါတယ်။

မေး။ ။ နန်းဆုရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုကကော ဘာတွေလုပ်နေလဲ။

ဖြေ။ ။ လတ်တလော အနုပညာလှုပ်ရှားမှုတော့ ဒီ ခရီးစဉ် ပြီးသွားရင် ပျဉ်းမနားမှာ စတိတ်ရှှိုး နန်းဆု သီချင်းသွားဆိုဖို့ ရှိတယ်။ အဲဒါပြီးရင် နန်းဆု တတိယတကိုယ်တော်ခွေအတွက် သီချင်းတွေ ပြင်ဆင်ဖို့ ရှိပါတယ်။ ဒီတခေါက်က သီချင်း ၈ ပုဒ်လောက်ထွက်ဖို့ ရည်မှန်းထားပါတယ်။ လောလောဆယ် ၅ ပုဒ်လောက်တော့ ပြီးပါပြီ။ သီချင်းအမျိုးအစားကတော့ Pop အမျိုးအစားပဲ။ အရှေ့မှာတော့ “မိုးမမြင်၊ လေမမြင်” နဲ့ “ရှေ့ဆက်သွားမှာပဲ” အခွေ ထွက်ထားပါတယ်။

မေး။ ။ ရုပ်ရှင်ကားကြီးတွေကော ရိုက်ဖို့ အစီအစဉ်ရှိလား။

ဖြေ။ ။ ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့ နန်းဆု မြန်မာ့ Culture နဲ့ဆိုင်တဲ့ ရုပ်ရှင်ကားကြီးတခုကို ရိုက်ဖို့ စီစဉ်ထားပါတယ်။ Pre Production အဆင့်ကိုတော့ တော်တော်လေး ပြီးမြောက်နေပါပြီ။ Production အပိုင်းကိုတော့ ၂၀၁၇ မှာ စဖို့ လုပ်နေပါပြီ။ အဲဒီကားကြီးက အရမ်းထူးခြားပြီးတော့ နန်းဆုအတွက် အရမ်းတာဝန်ကြီးမယ့် ဇာတ်ကားတခုဖြစ်ပါတယ်။ နန်းဆု အများကြီး ကြိုးစား ရိုက်ကူးသွားမှာပါ။ မြန်မာ Culture တခုကို ပြသမယ့် ရုပ်ရှင်ကားကြီးပါ။

မေး။ ။ နန်းဆု အနုပညာသက်တမ်း ဘယ်လောက်ရှိသွားပြီလဲ။ အနုပညာသက်တမ်း တလျှောက် မလုပ်ဖူးသေးတဲ့ ကာရိုက်တာ၊ ကိုယ်လုပ်ချင်တဲ့ ကာရိုက်တာကိုပြောပါဆိုရင် ဘယ်အရာဖြစ်မလဲ။

ဖြေ။ ။ နန်းဆု အနုပညာ သက်တမ်း ၁၀ နှစ်လောက်ရှိပါပြီ။ မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေတော့ အများကြီး ရှိတယ်။ အခက်အခဲဆုံးနဲ့ လုပ်ဖူးချင်ဆုံး ကာရိုက်တာဆို အက်ရှင် ရိုက်ချင်တယ်။ အက်ရှင်ကားက မြန်မာပြည်က သိပ်မရိုက်ကြတော့ နန်းဆု လုပ်ကြည့်ချင်တယ်။ နိုင်ငံခြားက အက်ရှင်ကားတွေလိုမျိုး စွန့်စွန့်စားစားနဲ့ ရိုက်ကြည့်ချင်တယ်။

မေး။ ။ နန်းဆု ဒီနှစ် ၂၀၁၆ ၀ါကျွတ်မှာ မင်္ဂလာဝတ်စုံနဲ့ ကြော်ငြာတွေ အများကြီး ရိုက်တာတွေ တွေ့ရတယ်။ နန်းဆုရဲ့ မင်္ဂလာသတင်းကိုကော ဘယ်တော့ကြားရမလဲ။ အချစ်ရေးက ဘယ်လို အခြေအနေရှိလဲ။

ဖြေ။ ။ နန်းဆု မင်္ဂလာဆောင် ဝတ်စုံတွေ ကြော်ငြာရိုက်ရလွန်းလို့ ကျိန်းကျေသွားလား မသိဘူး (ရယ်လျက်)။ လောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။ အဲ့ဒီအတွက် မင်္ဂလာဆောင်ဖို့ ကိစ္စကို ဘာမှ မစဉ်းစားရသေးဘူး။ အဓိကကတော့ နန်းဆု အနုပညာတွေ ပရိသတ်ကို ချပြချင်သေးတယ်။ လုပ်စရာရှိတာလေးတွေ ပရိသတ်အတွက် နန်းဆု အနုပညာနဲ့ ပတ်သက်တာလေးတွေ အကောင်အထည် ဖော်ချင်သေးတယ်၊ လုပ်ချင်သေးတယ်။ လောလောဆယ်တော့ အဲဒီမေးခွန်း အတွက် တိတိကျကျ အဖြေမရှိဘူးဖြစ်နေတယ်။ အချစ်ရေးကတော့ ဒီအတိုင်းပါပဲ၊ အေးဆေးပါပဲ။ တကယ်လို့ ထူးခြားတာရှိရင်တော့ နန်းဆု ပရိသတ်ကြီးကို အရင်ဆုံး ပြောပါမယ်။

မေး။ ။ နန်းဆု အခွေနဲ့ ပတ်သက်ပြီးတော့ တတိယ တကိုယ်တော်အခွေက ဘယ်တော့လောက် ထွက်မလဲ။

ဖြေ။ ။ ဒီနှစ် မကုန်ခင်တော့ နန်းဆုရဲ့ တတိယ အယ်လ်ဘမ်လေးကို ထွက်နိုင်အောင် ကြိုးစားသွားမှာပါ။ အဲ့ဒီအခါကျရင်လည်း ပရိသတ်ကြီး အားပေးပါဦးလို့။ “ရှေ့ဆက်သွားမှာပဲ” အခွေထဲကလို ‘မင်းကြောင့်’၊ ‘ရှေ့ဆက်သွားမှာပဲ’၊ ‘ဘယ်အချိန်မှာလဲ’ အဲ့ဒီသီချင်းတွေကို အားပေးတဲ့ ပရိသတ်တွေကို အရမ်း ကျေးဇူးတင်ပါတယ်။ အဲဒီလို သီချင်းလေးတွေလည်း တတိယခွေမှာ ပြန်ပါမယ်။ ပြီးတော့ Pop ကိုပဲ Arrangement ဆန်းဆန်းလေးတွေနဲ့ နန်းဆု ဆိုနေကျပုံစံမျိုး မဟုတ်တဲ့ ပုံစံ အသစ်ဆန်းလေး တွေနဲ့ စီစဉ်ထားပါတယ်လို့။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး ကြိုးစားထားပါတယ်လို့ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ။

The post မင်္ဂလာဆောင်ဝတ်စုံ ကြော်ငြာရိုက်လွန်းလို့ ကျိန်းကျေသွားလား မသိဘူးဆိုတဲ့ နန်းဆုရတီစိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles