၂၀၁၁ ခုနှစ်က ရွှေတြိဂံဒေသမှာ တရုတ်သင်္ဘောသား ၁၃ဦးကို မူးယစ်ရာဇာစိုင်းနော်ခမ်း အဖွဲ့ကသတ်ဖြတ်ခဲ့တဲ့ အကြောင်း ရိုက်ကူးထားတဲ့ “Operation Mekong” ရုပ်ရှင်ဟာ ထိုင်းနိုင်ငံအတွက် ထိခိုက်မှုရှိမယ်ဆိုရင် ပြသခွင့်ကို တားမြစ်မယ် ၀န်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ပြောလိုက်ပါတယ်။
လာမည့် သောကြာနေ့ ထိုင်းနိုင်ငံမှာ ရုံတင်မယ့် Operation Mekong ရုပ်ရှင်ကို ဟောင်ကောင်ရုပ်ရှင်ကုမ္ပဏီ တခုက ဖြစ်ရပ်မှန်ဇတ်လမ်းကို အခြေတည်ကာ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံမှာ ရုံမတင်မီ ကြည့်ရှု့စစ်ဆေးဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ရက်နေ့က ထိုင်းနိုင်ဘက်ခြမ်း မဲခေါင်မြစ်အတွင်းသွားလာနေတဲ့ တရုတ်ကုန်သင်္ဘော ၂စီးကို မူးယစ်ဆေးသယ်ဆောင်လာတယ်လို့ မသင်္ကာတဲ့အတွက် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၀င်ရောက်စီီီးနင်းရာမှာ လက်ပြန်ကြိုး တုတ်ကာ သေဆုံးနေတဲ့ သင်္ဘောသား ၁၃ဦးကို တွေ့ရခြင်းဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား မူးယစ်ရာဇာ စိုင်းနော်ခမ်းနဲ့ အဖွဲ့က ပြုလုပ်တာဖြစ်တယ်လို့ ထိုင်းနဲ့ တရုတ်အစိုးရတို့က စွပ်စွဲကာ ဖမ်းဆီးဖို့ ပြုလုပ်ခဲ့ပါတယ်။ တရုတ်အစိုးရက စိုင်းနော်ခမ်းနဲ အဖွဲ့ကို မောင်းသူမဲ့လေယာဉ် အသုံးပြုကာ မြန်မာနိုင်ငံထဲ အထိ ၀င်ရောက်တိုက်ခိုက်ဖို့ အထိ ကြိုးစားခဲ့သလို၊ မြန်မာ၊ လာအို၊ ထိုင်း စတဲ့နိုင်ငံတွေအနေနဲ့ ပူးပေါင်းပြီး ဥပဒေကြောင်း အရ အရေးယူဖို့ တိုက်တွန်းခဲ့ ပါတယ်။
၂၀၁၂ခုနှစ်မှာတော့ စိုင်းနော်ခမ်းနှင့် အဖွဲ့ဝင်များကို လာအိုနိုင်ငံဘက်ခြမ်းမှာ ဖမ်းဆီးရမိခဲ့ပြီး လာအိုအာဏာပိုင်များက တရုတ် ကို လွှဲပေးကာ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံ၏ ပြည်သူ့တရားရုံးချုပ်က သေဒဏ်စီရင်ချက် ချခဲ့ပါတယ်။
စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ဦးကို ဆေးထိုးကွပ်မျက်ရာမှာ တရုတ်ရုပ်သံ CCTV သတင်းဌာနက ၂နာရီကြာ တိုက်ရိုက် ထုတ်လွှင့် ပြသတဲ့အတွက် နိုင်ငံတကာက ဝေဖန်မှုများ ရှိခဲ့သလို၊ မြန်မာနိုင်ငံသားများအတွင်းမှာလည်း ဂယက်ရိုက်မှုများ ရှိခဲ့ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန်
The post ဖြစ်ရပ်မှန် “Operation Mekong” ရုပ်ရှင် ထိုင်းတွင်ရုံတင်ပြဖို့ မသေချာ appeared first on ဧရာဝတီ.