အနုပညာလောကထဲ ရောက်ရှိခဲ့တာ အချိန်ကာလတခုရှိပြီ ဖြစ်သော်လည်း MRTV-4 မှာ ပြသခဲ့တဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲနဲ့ ပရိသတ်များရဲ့ သတိထားခြင်း ခံလာရတဲ့ သရုပ်ဆောင် မေမီကိုကိုရဲ့ အကြောင်းကို မိဘ နှစ်ပါးက အခုလိုပဲ ပြောပြခဲ့ပါတယ်။
“မေမီက ၇ နှစ်၊ ၈ နှစ်ကတည်းက ကလေး သရုပ်ဆောင်ဖြစ်ချင်တာ။ နေ့တိုင်း လေ့ကျင့်တယ်။ အန်တီတို့ကလည်း သူဝါသနာပါတော့ မတားဘူး။ ပံ့ပိုးပေးတယ်။ ဗီဒီယိုခေတ်တုန်းကဆိုရင် မေမီက တအားစိတ်ဓာတ်တွေကျပြီးတော့ မလုပ်ချင်တော့ဘူး။ ကချင်ပြည်နယ် ပြန်တော့မယ်တဲ့”
“အန်တီကပဲ သူ့ကိုအမြဲအားပေးတယ်။ သမီးရယ် အလုပ်တခုက ဇောက်ချပြီးလုပ်ရင် တနေ့မဟုတ် တနေ့ အောင်မြင်လာလိမ့်မယ်လို့ ရန်ကုန်မှာပဲ သမီးဝါသနာပါတဲ့ အလုပ်ကို လုပ်ပါလို့ အတင်း ဆွဲထားရတယ်။ အဲဒီလိုနဲ့ပဲ MRTV-4 က ခေါ်တာ” လို့ မေမီကိုကိုရဲ့ မိခင်ဖြစ်သူ ဒေါ်သဇင်ကပြောပါတယ်။
ဇာတ်လမ်းတွဲများနဲ့ တခြားသော ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် စန်းထမယ့်အချိန် မရောက်သေးတာကြောင့် မပေါ်လွင်ခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
“ဇာတ်လမ်းတွဲတွေ ရိုက်ခဲ့ပေမယ့် သူ့ရဲ့ စန်းမထသေးတော့ မပေါ်လွင်ဘူးပေါ့။ မာန် ၊ ကံ ကံ၏အကျိုး ၊ ပန်းနုသွေးတို့ ရိုက်ခဲ့တယ်။ ဒါပေမဲ့ မထင်ပေါ်ခဲ့ဘူး။ ဒီကားကျမှပေါ့။ ဒီကားမှာလည်း အန်တီတို့က ရင်တမမနဲ့ ဗီလိန်ပုံစံမျိုး ဖြစ်နေတယ်။ သမီးရယ် ဒီကားထွက်လာရင်တော့ သမီးကိုလူတွေ တအားမုန်းတော့မှာပဲ။ အဲဒါကိုတော့ ခံနိုင်ရည်ရှိအောင် ကြိုးစားပါ”လို့ မိခင်ဖြစ်သူ ဒေါ်သဇင်က ဆိုပါတယ်။

အဆိုပါ “ပျားရည်အိုင်” ဇာတ်လမ်းတွဲ မပြသခင်အချိန်က မေမီကိုကိုရဲ့ ဖခင်ဖြစ်သူဟာ လေဖြတ်ပြီး အိပ်ရာထဲ လဲနေခဲ့ပေမယ့် သမီးဖြစ်သူရဲ့ ဇာတ်ကားကို ကြည့်ချင်တဲ့အတွက် အားတင်းထားပြီး ဒီနေ့ထိ အသက်ဆက်ရှင်နေတာလို့ သူက ဆိုပါတယ်။
“သမီး ဒီဇာတ်ကားရိုက်ခဲ့တာ တခုခုတော့ ထူးမှာပဲဆိုပြီး ထင်ခဲ့တယ်။ ကျနော် လေဖြတ်သွားတဲ့အချိန်မှာ ငါသေလို့ မရသေးဘူး။ ငါ့သမီး ဇာတ်ကားလေးကြည့်ပြီးမှ သေလည်းအကြောင်း မဟုတ်ဘူးဆိုပြီး အားတင်းလိုက်တာ။ အဲဒါကြောင့် သတိပြန်လည်လာတာ။ ပျားရည်အိုင်လည်း ကြည့်ပြီးသွားပြီ။ မျှော်လင့်ထားတဲ့ Star Awards လည်း ရပြီးသွားပြီ။ စိတ်ချရပြီ။ အသက်လည်း ၁ နှစ် ပိုရှည်လာပြီ”လို့ မေမီကိုကိုရဲ့ ဖခင်ဖြစ်သူ ဦးကိုကိုလေးက ပြောပါတယ်။
မေမီကိုကိုကတော့ မိဘနှစ်ပါးရဲ့ ပြောစကားများကို နားထောင်ပြီး လိမ္မာတဲ့ သမီးတယောက်ဖြစ်သလို မိဘကို ရှာကျွေးနေတဲ့ သမီးတယောက်ဖြစ်တယ်လို့လည်း မိဘ နှစ်ပါးက ပြောပါတယ်။
“အိမ်မှာဆို သူက မိဘကိုရှာကျွေးတဲ့ သမီးပေါ့။ အန်တီတို့လည်း တဖက်တလမ်းက ရှာရတာပေါ့။ ဒါပေမဲ့ သူ့ရှာစာက ပိုများတာပေါ့” လို့ မိဘနှစ်ပါးက ပြောပါတယ်။ သရုပ်ဆောင် မေမီကိုကိုဟာ “ပျားရည်အိုင်” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုရရှိပြီးတဲ့နောက် Star Awards ဆုပေးပွဲမှာ “The Best Actress” ဆုကို ရရှိခဲ့ပါတယ်။
The post “မေမီကိုကိုက မိဘစကား နားထောင်ပြီး လိမ္မာတဲ့ သမီးတယောက်ပါ”လို့ မိဘနှစ်ပါး ပြော appeared first on ဧရာဝတီ.