တောင်ကိုရီးယားနိုင်ငံ၊ ဂန်းဝန် စီရင်စုမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ကိုရီးယား ပြည်သူတွေအတွက် အနုပညာရှင်တွေက ငွေကြေးထောက်ပံ့ လှူဒါန်းခဲ့ကြပါတယ်။ ဧပြီလ ၄ ရက်က စတင် လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ ဆော့ချိုမြို့လယ်ခေါင်ထိ ပျံ့နှံ့သွားပြီး ထိခိုက်ဒဏ်ရာ ရခဲ့ကြသလို ဆုံးရှုံးမှုတွေလည်း များခဲ့ပါတယ်။
ဂိုဆွန်းစီရင်စု၊ အင်ဂျီစီရင်စု၊ ဆော့ချိုမြို့၊ ဂန်ဝန် စီရင်စုတွင်းမှာရှိတဲ့ Gangneung နဲ့ Donghae ဒေသတွေထိ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ အဆိုပါ ဒေသတွင်းက ထောင်ချီတဲ့ ဒေသခံတွေဟာ နေစရာအိမ် ဆုံးရှုံးပြီး လျှပ်စစ်မီး ပြတ်တောက်ခဲ့တာကြောင့် ယာယီ ရွက်ဖျင်တဲတွေမှာ နေထိုင်နေရပါတယ်။
သေဆုံးသူတဦး ရှိခဲ့သလို ထိခိုက်ဒဏ်ရာရခဲ့သူတွေ ၁၁ ဦး ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဆုံးရှုံးသွားတဲ့ ပြည်သူတွေအတွက် ကိုရီးယား အနုပညာရှင်တွေဘက်ကလည်း ငွေကြေးထောက်ပံ့ လှူဒါန်းမှုတွေ အများအပြားရှိခဲ့သလို ယခုအချိန်ထိလည်း လှူဒါန်းနေကြဆဲပါ။
ဧပြီလ ၆ ရက်မှာတော့ PSY ၊ မင်းသား လီဗြောင်ဟွန်းနဲ့ဇနီး တို့က အမေရိကန်ဒေါ်လာ ၈ သောင်း ၇ ထောင်ကျော်စီ လှူဒါန်းခဲ့ကြသလို၊ မင်းသမီး ကင်ဆိုဟွန်း၊ ဆိုယူဂျင်း၊ မင်းသား ဂျိုဂျွန်ဆော့နဲ့ Gummy တို့စုံတွဲ၊ မင်းသား ဂျွန်ဟာအင်းနဲ့ ဟာသ သရုပ်ဆောင် ယူဗြောင်ဂျယ်တို့ကလည်း မီးဘေးသင့်ပြည်သူတွေကို လှူဒါန်းခဲ့ကြပါတယ်။
ဒါ့အပြင် Koyote အဖွဲ့၊ ASTRO အဖွဲ့၊ Winner နဲ့ iKon အဖွဲ့ဝင်တွေကလည်း တတ်အားသရွေ့ ပါဝင်လှူဒါန်းပေးခဲ့ကြသလို စစ်မှုထမ်းဆောင်နေတဲ့ အနုပညာရှင်တွေကလည်း သူတို့ကိုယ်စား မိသားစုဝင်တွေနဲ့ အေဂျင်စီတွေကနေတဆင့် လှူဒါန်းခဲ့ကြပါတယ်။
ဧပြီလ ၈ ရက်နေ့မှာတော့ မင်းသား ချာအင်းဖြိုး နဲ့ မင်းသမီး ရှင်အဲရာတို့နှစ်ဦးက ကိုရီးယား သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး အဖွဲ့အစည်းကို အမေရိကန် ဒေါ်လာ ၈၇၃၀၀ လှူဒါန်းခဲ့သလို 2 PM အဖွဲ့ဝင် ချန်းဆွန်း၊ မင်းသား ဒယ်နီရယ်ဟတ်နီး အပါအဝင် Echo Global Group မှ သရုပ်ဆောင် ၁၃ ယောက်ကလည်း Community Chest of Korea အဖွဲ့အစည်းထံသို့ လှူဒါန်းခဲ့ပါတယ်။
အဆိုတော် ဆူဇီ၊ ယူဂျယ်ဆော့၊ မင်းသမီး ပတ်ရှင်ဟေး၊ ဟန်ဟေးဂျင်းတို့အပြင် မင်းသား ကင်ဝူဘင်၊ ဂျပန် မော်ဒယ် ယာနိုရှီဟိုကလည်း လှူဒါန်းခဲ့သလို မင်းသား ပတ်ဆောဂျွန်းကတော့ အမေရိကန်ဒေါ်လာ ၈၇၀၀၀ ကျော်ကို အမည်မဖော်ပြခဲ့ဘဲ လှူဒါန်းခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။
BlackPink အဖွဲ့ဝင် ၄ ဦးကလည်း အမေရိကန်ဒေါ်လာ ၃၄၀၀၀ ကျော် လှူဒါန်းခဲ့သလို “The Fiery Priest” ရုပ်သံဇာတ်လမ်းတွဲမှ အဓိကဇာတ်ဆောင် ၄ ဦးကလည်း မီးဘေးသင့်ပြည်သူတွေအတွက် စုပေါင်းလှူဒါန်းပေးခဲ့ပါတယ်။
ဒါ့အပြင် သရုပ်ဆောင် အန်ဆိုဟီး၊ Highlight အဖွဲ့မှ လီဂီဂွမ်တို့အပြင် စစ်မှုထမ်းဆောင်နေတဲ့ CNBLUE အဖွဲ့ဝင် လီဂျွန်ရှင်းကလည်း သူ့ကိုယ်စားမိဘတွေက လှူဒါန်းခဲ့ပုံတွေကို သူ့ရဲ့ Instagram အကောင့်မှာ မျှဝေထားပါတယ်။
Ref: Soompi
The post မီးဘေးသင့် ပြည်သူတွေအတွက် ငွေကြေးထောက်ပံ့ လှူဒါန်းခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်များ appeared first on ဧရာဝတီ.