အခုချိန်ထိ မြန်မာပြည်ရဲ့အအောင်မြင်ဆုံး အဆိုတော်များနဲ့ ဂီတပညာရှင်များ စုစည်းထားတဲ့ Iron Cross Band ကတော့ ယခုနောက်ပိုင်းတွင် ဖျော်ဖြေရေးပွဲများ ကျဲလာပြီး ဖျော်ဖြေရေးပွဲတွေပြုလုပ်ဖို့အတွက် အခက်အခဲတွေအများကြီးရှိလာတယ်လို့ လေးဖြူက ပြောပါတယ်။
“ပွဲနည်းသွားတယ်ဆိုတာ Iron Cross ကမတီးလို့ မဆိုလို့မဟုတ်ဘူး။ အစစအရာရာ လုပ်ရကိုင်ရခက်ခဲလာတာပေါ့။ ဒီဟာကြီးကို ဖြစ်အောင်လုပ်မယ့်ပိုက်ဆံပေါ့။ ထောက်ပံ့မယ့်လူ၊ နောက်ကကုန်ကျစရိတ်ကြီးမားမှုပေါ့။ ပြီးရင် ပြန်မရနိုင်တဲ့ဟာမျိုးတွေပေါ့။ တချို့မြို့တွေဆိုရင် တပတ်ဈေးဖိုးမှ ၅ထောင်လောက်ရှိတာ။ ကျနော်တို့က တစောင်ကို ၇ထောင်လောက်သွားတောင်းတော့ မရိုက်တာတောင် ကံကောင်း။ ကျနော်တို့လည်း ကြိုးစားပြီးတော့ လုပ်ပါမယ်” လို့ အဆိုတော်လေးဖြူက ပြောပါတယ်။
ယခုနှစ်သင်္ကြန်မှာလည်း ဖျော်ဖြေရေးအစီအစဉ်တွေမရှိဘဲ အနားယူမှာဖြစ်ပြီး ယခုနှစ်ဆိုရင်တော့ ဖျော်ဖြေရေး နားထားတာ ၂နှစ်ရှိပြီလို့ သိရပါတယ်။
“သင်္ကြန်ကတော့ ဖျော်ဖြေရေးမရှိဘူး။ နားတယ်။ ဖျော်ဖြေရေးမရှိတာ ၂နှစ်ပဲရှိတာဆိုတော့ ဒီလိုပဲလေ။ တချို့ကလည်း ငွေဆောင်သွားသလိုလို ယောင်တောင်တောင်ဖြစ်နေတာပေါ့။ တကယ်တမ်းတီးဖို့လည်း မလွယ်ဘူး ဒီအပူချိန်မျိုးနဲ့” လို့လေးဖြူက ပြောပါတယ်။
သင်္ကြန်မှာ Iron Cross အနေနဲ့ဖျော်ဖြေရေးနားရတဲ့ အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း လေးဖြူက အခုလိုဆိုပါတယ်။
“နားတယ်ဆိုတာကတော့ ကျနော်တို့က ဖြစ်နိုင်တဲ့နည်းလမ်းမျိုးစုံတော့ စဉ်းစားတာပေါ့နော်။ ဥပမာ တခြားအဖွဲ့တွေက ရိုးရာအရ မနက်တပွဲ ၊ ညတပွဲတီးတယ်။ လူငယ်လူရွယ်လေးတွေဆိုတော့ တီးနိုင်တယ်။ ကျနော်တို့က အဘိုးကြီးတွေဆိုတော့ ညဘက်တီးချင်တယ်။ နံပါတ် ၁ လုံခြုံရေးအရ လက်မခံဘူး။ မနက်မိုးလင်းကတည်းက ရှိသမျှလုံခြုံရေးအင်အားသုံးထားတာ ညနေ ၆နာရီဆိုရင် ပန်းနေပြီ”
“အဲဒီမှာ ကျနော်တို့ စင်အတွက်လုံခြုံရေးမပေးနိုင်တော့ဘူး။ သူတို့ကိုလည်း အပြစ်ပြောလို့မရဘူး။ နံပါတ် ၂ စပွန်ဆာပေးမယ့်သူတွေက သူတို့ဆိုင်းဘုတ်ကို လူမြင်စေချင်တယ်။ ညမှလုပ်တော့ ဆိုင်းဘုတ်က လူမမြင်ဘူး။ အဲဒီတော့ စပွန်ဆာကမပေးချင်ဘူး။ အဲဒီလိုမျိုးတွေပေါ့။ ကျနော်တို့လည်း သိပ်မဆိုနိုင်တော့ပါဘူး။ ဆိုနိုင်သလောက်လေးပဲ တွေ့ကြဆုံကြရတာပေါ့” လို့ပြောပါတယ်။
သင်္ကြန်ပြီးသွားမယ့် နောက်ပိုင်းမှာ ၇လလောက်ထိ ဖျော်ဖြေရေးများ စီစဉ်ထားတာမျိုးမရှိသေးဘဲ အဖွဲ့ထဲမှ လူတော်တော်များများက အခွေအတွက် စီစဉ်နေတယ်လို့ သိရပါတယ်။
“သင်္ကြန်ပြီးမှပွဲတွေ ပြန်စနိုင်မယ်ထင်တယ်။ အခုရက်ပိုင်းတော့ ဟိုလူမေးလိုက်ဒီလူမေးလိုက်ရင် ဘယ်သွားမယ် ညာသွားမယ်ဆိုတာကြီးပဲ။ ပွဲက နောက် ၇လထိကို စီစဉ်ထားတာမရှိသေးဘူး။ အခွေပဲသွင်းနေကြတာများတယ်” လို့လေးဖြူက ပြောပါတယ်။
Iron Cross ကတော့ မြန်မာပြည်ရဲ့ ပရိသတ်များကြားတွင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ပြီး မျိုးဆက်သစ်သားသမီးများလည်း ဂီတလောကထဲမှာ လျှောက်လှမ်းနေကြပြီပဲဖြစ်ပါတယ်။
The post “ဖျော်ဖြေပွဲလုပ်ဖို့အတွက် အခက်အခဲတွေ အများကြီးရှိလာတယ်” လို့ လေးဖြူ ပြော appeared first on ဧရာဝတီ.