သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက “တရုတ်မလေးကို ချစ်တယ်” (ဝေါ်အိုက်နီ) ဆိုတဲ့ ဇာတ်ကားမှာ တရုတ်မ တယောက်လို သရုပ်ဆောင်ရတဲ့အခါ အခက်အခဲတွေရှိပြီး ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာကို တော်တော် ဂရုစိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
‘‘ဟာသကားဆိုကတည်းက အခက်အခဲ ရှိတယ်။ ဒရာမာတွေ လုပ်ရတာလောက် ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်ဘူး။ အဲဒီထဲမှာမှ တရုတ်စကား ထပ်ဝဲခိုင်းလိုက်တော့ ကျမအတွက် တော်တော် လေးလေးပင်ပင်ဖြစ်သွားတယ်။ မေမြို့မှာ ကျမရဲ့ မိတ်တွေ တရုတ် အမျိုးသမီးတယောက်ကို အနားမှာ ထားပါတယ်။ ကျမ သိချင်တာတွေ သူ့ကိုမေးပါတယ်။ ကျမအခန်းလည်း နည်းပါတယ်။ ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာတွေကို တော်တော် ဂရုစိုက်ခဲ့ရပါတယ်’’လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
“ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ကားလေးမို့ ရယ်စရာနဲ့ ပွဲဦးထွက်ခဲ့ပြီး လာကြည့်တဲ့ ပရိသတ်တွေက ရယ်မောကြတာတွေ့ရတော့ ပွဲဦးထွက်ကားလေးက ပြည့်စုံတယ်လို့ ခံစားရတယ်လို့လည်း ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
“မောင်နှမ ၃ ယောက် စုစည်းပြီး တည်ထောင်ထားတဲ့ ခသုံးလုံးက ရယ်စရာကားလေး နှစ်ကားလောက်နဲ့ ပွဲဦးထွက်မယ်။ ပွဲဦးထွက်ကားမှာလည်း ရင်တုန်ပြီး တင်ရပေမယ့် လာကြည့်တဲ့ ပရိသတ်တွေက ရယ်မောကြတာတွေ့ရတော့ ပွဲဦးထွက်ကားလေးက ပြည့်စုံတယ်လို့ ခံစားရပါတယ်။ ကျမတို့ရဲ့ ပထမဆုံးကားလေးဆိုတော့ အားနည်းချက်လေးတွေလည်း ပါနိုင်ပါတယ်။ အဲ့အတွက်လည်း ကျမတို့ ပြုပြင်ပြီး ဂရုစိုက်လုပ်သွားမှာပါ”
“ထုတ်လုပ်သူအနေနဲ့ကတော့ ဘာဖိအားမှ မရှိပါဘူး။ ကျမတို့က ကံနဲ့ကံရဲ့အကျိုးကို ယုံကြည်လက်ခံနိုင်တယ်ဖြစ်တဲ့အတွက် ကိုယ်နဲ့ ထိုက်သမျှပါပဲ။ အရှုံးနဲ့ ထိုက်ရင်လည်း အရှုံးကို ကျေကျေနပ်နပ် လက်ခံပါတယ်။ အဓိကက ကျမတို့ ရည်ရွယ်တာက လာကြည့်တဲ့သူကို တကယ် အမောပြေစေမယ်၊ တကယ်ရယ်စေချင်တဲ့ဆန္ဒပါ။ ဒီကားလေက ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေချင်တဲ့ ဆန္ဒပါပဲ။ ဘာအသွေးအရောင်မှ မပါပါဘူး’’လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
ထွန်းအိန္ဒြာဗိုဟာ ဇာတ်ကားများစွာကို ရိုက်ကူးနေပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူပါ။ “တရုတ်မလေးကို ချစ်တယ်” ဇာတ်ကားကိုတော့ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုနဲ့ ခိုင်သင်းကြည်တို့ ပူးပေါင်း လုပ်ကိုင်တဲ့ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထားတဲ့ ပွဲဦးထွက်ရုပ်ရှင် ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားကို တရုတ်နှစ်သစ်ကူး မတိုင်ခင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
The post “ပရိသတ်တွေကို ရယ်မော ပျော်ရွှင်စေချင်တဲ့ ဆန္ဒပါပဲ၊ ဘာအသွေးအရောင်မှ မပါပါဘူး’’ appeared first on ဧရာဝတီ.