ဝိုင်းစုခိုင်သိန်းရဲ့ မိခင် ဒေါ်မေရီအောင်ရဲ့ အသက် ၅၅ နှစ်ပြည့် မွေးနေ့အလှုကို ဇန်နဝါရီလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊မြို့မကျာင်းလမ်း၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံ(မနာပဒါယီ ပညာရေးစင်တာ)မှာ ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့ပွဲကို အဆိုတော် ဝိုင်းစုခိုင်သိန်းက မိခင်အတွက် ပြုလုပ်ပေးခဲ့တာ ဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ ဧရာဝတီကို အခုလိုဆိုပါတယ်။
“မေကြီး မွေးနေ့ရယ်မှ မဟုတ်ပါဘူး။ ဝိုင်းစုက မေကြီးနဲ့ ပတ်သက်လာရင် တခုမဟုတ် တခု လုပ်ပေးနေကျပါ့။ ဝိုင်းစုရော၊မေကြီးရောက သီးသီးသန့်သန့်ကြီး နုနုရွရွ သိပ်မလုပ်တတ်ဘူး။ အခု သူ(အောင်လ)နဲ့ ပေါင်းမိတော့ ပိုဆိုးသွားတယ်။ သူက တခါမှ မွေးနေ့ မလုပ်ဖူးဘူး။ ဝိုင်းစုကမှ ငယ်ငယ်က မေကြီးက နှစ်တိုင်းမွေးနေ့ လုပ်ပေးဖူးတယ်။ တယောက်နဲ့ တယောက် Surprise ဆိုတာက အနုပညာလောကထဲရောက်မှ ဝိုင်းစု Fan တွေလုပ်ပေးတာပဲ ရှိတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်း ရှိတယ်။ မေကြီးကလည်း ကိုယ့်ကိုချစ်တယ်”
“ဒါပေမယ့် နှစ်ယောက်က အမြဲ တကျက်ကျက်နဲ့။ ကိုယ်နဲ့ အနီးဆုံးလူက ကိုယ့်မိဘ၊ ပြီးရင် သူ(အောင်လ) ပေါ့နော်။ တခုခု၊ လိုအပ်လို့ရှိရင် ပြောစရာမလိုဘူး။ မေကြီးလုပ်ချင်တာ ဝိုင်းစုက အမြဲလုပ်ပေးတယ်။ မေကြီးက ဝိုင်းစုအတွက် သူငယ်ချင်းလိုပဲ။ဝိုင်းစုက တခါတလေ ညီမ၊ တခါတလေ သမီး ဖြစ်သွားတယ်။ ဝိုင်းစုက တခုခုဆို အတွေးတွေ အရမ်းများလွန်းတယ်။ လူကြီး ဖြစ်နေတဲ့ မေကြီးကတော့ Relax ပဲ။မေကြီးက ကိုယ့်ထက် ပိုပြီး လူငယ်ပိုဆန်တယ်”လို့ အဆိုတော် ဝိုင်းစုခိုင်သိန်းက ပြောပြပါတယ်။
မွေးနေ့အလှူအဖြစ် ကျောင်းရှိ သံဃာတော်များကို နေ့ဆွမ်း၊ လှူဖွယ် ပစ္စည်းများနဲ့ ဆပ်ကပ် လှုဒါန်းခဲ့ပါတယ်။ မွေးနေ့ရှင် ဒေါ်မေရီအောင်ကလည်း အခုလို ပြောပါတယ်။
“မွေးနေ့တိုင်း တခုမဟုတ် တခု အမြဲတမ်း လှူတယ်။ အမှတ်တရလှူတယ်။ဒီနှစ် ဒီဆရာတော်ကျောင်းကို လာလှူ ဖြစ်တာကလည်း Facebook မှာတရားတော်တွေ ရှာပြီး ဆရာတော်တွေရဲ့တရားတွေ နာဖြစ်တယ်။ အဲဒီမှာ ကံကို မပြိုင်နဲ့၊ ကံကိုပြင်ပါ ဆိုတဲ့ တရားလေးကို နာဖြစ်တယ်။ အဲဒီကတည်းကစပြီး ဒီဆရာတော်တရားကိုပဲ ရှာရှာပြီးနာတယ်”
“တနေ့မှာ အန်တီမေ့ သူငယ်ချင်းက သူအဲဒီ ကိုရီးယားဘုန်းကြီးကျောင်းကို သွားချင်တယ်တဲ့။ လိုက်မလား ဆိုတော့ သိတယ်။ တရားဟောကောင်းတဲ့ ဘုန်းကြီးပဲ၊ လိုက်မယ်ဆိုပြီး လာဖူးတယ်။ ဆရာတော်ရဲ့ ၄၄ နှစ်ပြည့်မွေးနေ့မှာ လာဖူးဖြစ်တယ်။ ဆွမ်းကပ်ချင်စိတ်ပေါ်သွားပြီး အလှူလေး လုပ်ဖြစ်တယ်”လို့ ဒေါ်မေရီအောင်က ဧရာဝတီကို ပြောပြပါတယ်။
အဆိုတော် အောင်လကလည်း ဝိုင်းစုခိုင်သိန်းရဲ့မိခင်မွေးနေ့အတွက် ဆုတောင်းစကားကို အခုလို ဆိုပါတယ်။
“ကျနော်ကလည်း ကျန်းမာရေးကောင်းဖို့ပဲ ဆုတောင်းပေးချင်ပါတယ်။ အရင်လို ပျော်ပျော်ရွှင်ရွှင်နဲ့ Shopping ထွက်နိုင်ပါစေလို့။ သူ့သမီးကိုလည်း စိတ်ချမ်းသာအောင်၊ နှစ်ယောက်စလုံးကိုလည်း စိတ်ချမ်းသာအောင်ထားပါတယ်”လို့ ဆုတောင်းပေးပါတယ်။
မွေးနေ့လက်ဆောင် ပေးမယ့်အကြောင်းကိုလည်း အဆိုတော် အောင်လက အခုလို ဆိုပါတယ်။
“ကျနော်စ ဉ်းစားမိတာပေါ့နော်။ မွေးနေ့က ကိုယ်ချစ်တဲ့၊ခင်တဲ့သူတွေနဲ့ လုပ်တယ်လို့ပဲ ထင်ပါတယ်။ကျနော်အရင်က မွေးနေ့ဆို မကြိုက်ဘူး။ ကျနော့်မွေးနေ့က သာမန်နေ့ထက်တောင် ပိုဆိုးပါသေးတယ်။ မွေးနေ့ဆို တယောက်တည်း နေတာများတယ်။ အခုတော့ နည်းနည်း Realize ဖြစ်လာပြီပေါ့။ အဲဒီနေ့မှာ ငါချစ်တဲ့သူတွေနဲ့ နေမယ်ဆိုတဲ့ အတွေးလေးတော့ ရလာတယ်”
“ကျနော်တို့ မွေးနေ့လက်ဆောင် ဟန်းချိန်းလေးပေးဖို့ စဉ်းစားထားတယ်။ သူလည်းကြိုက်မယ့်ဟာ၊ အမှတ်တရဖြစ်ပြီး သိမ်းထားလို့လည်းရမယ့် ဟာလေး။ ဘယ်သွားသွား တွေ့နေမယ့်ဟာလေးပေါ့”လို့ အောင်လက ဧရာဝတီကို ပြောပါတယ်။
The post မိခင်အတွက် မွေးနေ့ လက်ဆောင်ပေးခဲ့တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ အောင်လ appeared first on ဧရာဝတီ.