အဆိုတော် ဝိုင်းစုခိုင်သိန်းက မြိုင်ကြီးငူဆရာတော်ရဲ့ ဈာပနပွဲမှာ ကုသိုလ်အနေနဲ့ သီချင်းဆိုဖို့ လက်ခံခဲ့ပေမယ့် စီစဉ်သူများကြောင့် ပြဿနာတွေ ကြုံ့တွေ့ခဲ့ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ဝိုင်းစုက မြိုင်ကြီးငူဆရာတော်ရဲ့ဈာပနပွဲမှာ တမင်ဈေးလျှော့ပေးပြီး ကုသိုလ်အနေနဲ့ ဆိုဖို့ လက်ခံခဲ့တယ်။ ဗိုလ်မှူးချစ်သူရဲ့ နယ်က ပွဲလည်း ဖြစ်နေလို့၊ အရင်ကလည်း ဗိုလ်မှူးချစ်သူပွဲတွေမှာ ဆိုဖူးတာ အဆင်ပြေလို့ လက်ခံပြီးသွားဆိုတာ ပွဲစီစဉ်သူအနေနဲ့ ဝိုင်းစုအပေါ်မှာခုလို ရင့်ရင့်သီးသီ းမဆက်ဆံသင့်ဘူး။ အဲဒါကို ပြောပြချင်တယ်”လို့ ဝိုင်းစုခိုင်သိန်းက မြိုင်ကြီးငူပွဲစီစဉ်သူအကြောင်း ဧရာဝတီကို ပြောပါတယ်။
ဝိုင်းစုခိုင်သိန်းက မြိုင်ကြီးငူဆရာတော် ဈာပနကြီးမှာ ပါဝင်တဲ့ ဖျော်ဖြေရေး အစီအစဉ်အတွက် နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်မှာ သီဆိုခဲ့ရတယ်လို့ ဆိုပြီး ဒီပွဲမတိုင်ခင်မှာလည်း ကားအက်စီဒင့်ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
“အခက်အခဲအနေနဲ့ဆိုရင်တော့ အများကြီးပဲ။ ဒီပွဲမတိုင်ခင် ရှေ့တပွဲမှာ ဝိုင်းစု ကားအက်ဆီးဒင့် ဖြစ်ခဲ့တယ်။ ညာဖက်က ဆိတ်တကောင် တက်လာတာကို ရှောင်ရင်းနဲ့ ဘယ်ဘက်က တက်လာတဲ့အကောင်ကို သွားတိုက်မိတာ ကားတခြမ်း ပဲ့သွားတာ။ ဝိုင်းစုက အဲဒီကားနဲ့ပဲ အမြဲတမ်းသွားနေကျ ဆိုတော့ အဲဒီလိုဖြစ်သွားတော့ နောက်ထပ်တစီးပြောင်းပြီး သွားရတယ်။ ဝိုင်းစု ကားကို သွားခါနီးမှ စစ်ရတယ်”
“ပထမတော့ သူတို့ပြောတာက ဘားအံကနေ မြိုင်ကြီးငူကို ညနေ ၅ နာရီလောက် သွားကြမယ်တဲ့။ အားလုံးပြင်ဆင်ပြီး ၁၂နာရီလောက်ကို ဒီကစထွက်မယ်ပေါ့နော်။ အဲဒီမတိုင်ခင်မှာ သူတို့ကလှမ်းဆက်တယ်။ ရတယ်တဲ့။ ဝိုင်းစု အဆင်ပြေတဲ့အချိန်ကျမှ လိုက်ခဲ့တဲ့။ နောက်ကျမှ လိုက်လည်း ရတယ်။ သူတို့အရင် သွားနှင့်မယ်တဲ့။ ဒါဆို အိုကေပေါ့။ အဲဒီအချိန်မှာ မေကြီးကလည်း နေမကောင်းဘူး။ မေကြီးကတောက်လျှောက် နေမကောင်းဖြစ်နေတာ။ မေကြီးကို ဆေးခန်းပြဖို့ အားလုံးစီစဉ်ပေးရတယ်”လို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။
“ကားပေါ်က ဝိုင်းစုဆင်းဆင်းချင်းမှာပဲ နင့်ကိုငါ ရိုက်ချင်တယ်လို့ လှမ်းပြောတယ်။ ဘေးနားမှာက ပွဲကိုလာဆိုတဲ့ အဆိုတော်တွေအားလုံး ရှိတယ်။ အော်ကြီးဟစ်ကျယ်နဲ့ လှမ်းပြောတော့ ဝိုင်းစုက ဘာဖြစ်လို့လဲ အစ်ကိုလို့၊ ပွဲမှီတယ်လေလို့ လှမ်းပြောပြီးဝင်သွားတယ်။အဲဒီမှာသူက ဝိုင်းစုခိုင်သိန်းတဲ့ နင်က အလုပ်ကို မလေးစားဘူးတဲ့”
“ဝိုင်းစုဘဝမှာ တခါမှ ပွဲချိန်ပျက်ဖူးတာလည်း မရှိဘူး။ အခုဒီပွဲမှာလည်း နှစ်ချိန်လုံးကိုမှီအောင်လာခဲ့တယ်။ ပွဲကို မရောက်လာတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဝိုင်းစု သည်းခံ လိုက်တယ်။ သူက ဒီလိုအာကျယ်၊ အာကျယ်ပြောတတ်တာကိုလည်း သိထားတယ်။ အရင်ကတည်းက ရင်းနှီးထားတဲ့ သူဖြစ်တဲ့အတွက် ပြီးတော့လည်း ပွဲမစီစဉ်ဖူးဘူး ထင်ပါတယ်။သူ့အကြောင်းကို သိလို့ ဝိုင်းစု ဘာတခွန်းမှ မဟခဲ့ပါဘူး။ စင်နောက်မှာကလူတွေလည်း အရမ်းများတယ်”
“အိမ်သာကလည်း အနံ့အသက် မကောင်းတာနဲ့ ဝိုင်းစုကားပေါ် သွားထိုင်နေတယ်။ ပထမပိုင်းမှာ ဆိုရမှာက ၃ ပုဒ်၊ ဒုတိယပိုင်းမှာဆိုရမှာက ၄ ပုဒ်။ ဒါပေမဲ့ ဝိုင်းစုအရှေ့မှ ာအားလုံးက သုံးပုဒ်စီပဲ ဆိုသွားကြပြီး အချိန်ကလည်းနောက်ကျနေပြီဆိုတော့ မဆိုခင်မှာကားပေါ်ကဆင်းပြီး သွားမေးတယ်။ ဘယ်လိုဆိုရမှာလဲလို့၊ သုံးပုဒ်ဖြစ်သွားတာလားလို့ မေးလိုက်တဲ့အချိန်မှာ အချိန်ကိုကြည့်လေတဲ့”
“အမှန်ဆိုအဲဒီလိုမပြောရဘူး။ အဓိက Respect မရှိတာပေါ့နော်။ ဝိုင်းစုလည်း ကောင်းကောင်းမေးတာပဲ တကယ်ဆိုရင် ညီမရေ အချိန်ကြောင့် အဲဒီလိုဖြစ်သွားတယ်။ သုံးပုဒ်ပဲဆိုလို့ရမယ်လို့ ဖြစ်ရမှာလေ။ ဝိုင်းစုစိတ်ထဲမှာ တချက်တော့ ထင့်သွားတယ်။ ထားလိုက်ပါတော့လေဆိုပြီး တောက်လျှောက်ရှောင်ခဲ့တယ်”လို့ ဝိုင်းစုခိုင်သိန်းက အဲဒီနေ့က ပွဲအတွေ့အကြုံကို ပြောပြပါတယ်။
ဒီပွဲမှာ ပွဲစီစဉ်သူကြောင့် အဆင်မပြေမှုတွေအကြောင်းကို ဝိုင်းစုခိုင်သိန်းက အခုလိုဆက်ပြောပါတယ်။
“အဲဒီအချိန်က မနက်၂ နာရီတောင် ခွဲနေပြီ။ ဝိုင်းစုဘယ်အချိန် သွားဆိုရမှာလဲ။ လူတွေတောင်ပြန်ကုန်ကြပြီ။ ကိုယ့်ကိုကြည့်ချင်တဲ့သူတွေက ရှိနေသေးလို့ ဆိုမှာ။ ဝိုင်းစုက ကိုဝနပြီးရင် ဆိုမယ်လေလို့ဆိုတော့။ နင်ဆိုချင်ဆို မဆိုချင်နေ။ မဆိုချင်ပြန်လိုက်တဲ့။ ဒါဆိုပြန်မယ်လို့ဆိုတော့ နင်ပြန်ချင်ပြန်လိုက်။ နင့်ပိုက်ဆံယူသွားလိုက်။ မဆိုလည်း ယူသွားလိုက်ဆိုပြီး ကြောပြီးပြောတယ်။ ဝိုင်းစုက ပိုက်ဆံမယူဘဲ ပြန်မယ်ဆိုပြီး ထွက်လာတော့ သူကပိုက်ဆံအတင်းလိုက်ပေးတယ်”
“ကိုအောင်လလည်း ပါလာတယ်၊ ကားပေါ်မှာဆိုတော့ သူအတင်းလိုက်ပေးတော့ မယူဘူးဆိုပြီး ခါထုတ်လိုက်တော့ ပိုက်ဆံက လွင့်ထွက်သွားတယ်။ ဘေးမှာက အဲဒီပွဲကလူတွေရှိတယ်။ သူက တွေ့တယ်မလားတဲ့၊ ပိုက်ဆံကို လွှင့်ပစ်လိုက်တယ်ဆိုပြီး သွားတိုင်သေးတယ်။ အဲဒီ ပိုက်ဆံကို လိုက်ကောက်ပြီးပြန်လာပေးတယ်။ မယူဘူးဆိုပြီး ထားခဲ့တယ်”
“ပြောရရင်တော့ သူ အာဏာ ရူးနေတာပေါ့နော်။ ပွဲက ဗိုလ်မှုးချစ်သူရဲ့ပွဲ။ အရင်ကလည်းဗိုလ်မှုးချစ်သူပွဲတွေ ဝိုင်းစုဆိုဖူးတယ်။ဘာမှ မဖြစ်ခဲ့ဘူး ။အရမ်း အဆင်ပြေတယ်။သူက သူ့ရပ်ရွာ ကောင်းဖို့၊ သာယာဖို့အတွက်ပဲ ကြိုးစားနေတဲ့သူ။ အခုဆရာတော်ပွဲကိုလည်း ဗိုလ်မှုးချစ်သူက ပိုက်ဆံတပြားတချပ်မှ မရဘဲနဲ့ လုပ်ပေးတာကို သူလုပ်လို့ ဒီပြဿနာဖြစ်တာ။ ဖြစ်စရာအကြောင်းကို မရှိတာပါ။ သူကပွဲစီစဉ်တဲ့ သူလေ။ ဟိုကလူတွေကတောင် မျက်နှာတွေပျက်နေပြီ။ သူ အဲဒီလို လုပ်နေတာကို အားနာနေပြီ။ သူတို့ကိုယ်တိုင်လည်း ဝိုင်းစုကိုတောင်းပန်တယ်”လို့ ဝိုင်းစုက ဆိုပါတယ်။
ဆက်လက်ပြီး ဝိုင်းစုခိုင်သိန်းက “ဝိုင်းစုသူ့ကို သတိပေးချင်တာက ဒီတစ်ခါနောက်ဆုံးပဲ။ ဝိုင်းစုအကြောင်းကို မဟုတ်မဟပ်ပြောတာတွေ နောက်ထပ်ကြားရရင် ဝိုင်းစု လုံးဝ ခွင့်မလွှတ်တော့ဘူးလို့ ပြောချင်ပါတယ်။ ဝိုင်းစုဘဝမှာ ဝိုင်းစုရပ်တည်မှုက ကိုယ့်ဟာကို တယောက်တည်းပဲ ကြိုးစားခဲ့တာ။ ဘယ်သူ့ အကူအညီမှ မပါဘူး။ အဲဒါအားလုံး သိပါတယ်” လို့ ဆိုပါတယ်။
ဝိုင်းစုခိုင်သိန်းက “ပြတ်စာ”သီချင်းအပြင် နောက်ထပ်သီချင်းများစွာလည်း စီစဉ်နေပြီး ပရိသတ်ရှေ့ကို ထူးခြားမှုတွေနဲ့ ထပ်ရောက်လာဖို့တွေရှိတယ်လို့လည်း ဆိုပါတယ်။
The post မြိုင်ကြီးငူဖျော်ဖြေပွဲမှာ ပွဲစီစဉ်သူနဲ့ အဆင်မပြေဖြစ်တဲ့အကြောင်း ပြောပြတဲ့ ဝိုင်းစုခိုင်သိန်း appeared first on ဧရာဝတီ.