ဒီတခါ မိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ T.C. Christensen ရိုက်ကူးထားတဲ့ Drama, Family, History အမျိုးအစား ရုပ်ရှင်ကားဖြစ်တဲ့ “The CokeVille Miracle” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ Jasen Wade နဲ့ Nathan Stevens တို့အပြင်အခြားသော သရုပ်ဆောင်တွေနဲ့ ကလေးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
David ဟာ ဖောက်ခွဲမှုတခုကို လူသူကင်းမဲ့တဲ့ ကွင်းပြင်တခုကို စမ်းသပ်နေခဲ့တာဖြစ်ပြီး သူ့စမ်းသပ်မှုဟာ လေထဲမှာ မီးလောင်ဖို့ပဲဖြစ်ပါတယ်။ David ဟာ အမြဲလိုလို ဒေါသနဲ့ပြည့်နှက်နေပြီး ဘယ်အရာကိုမှ အလိုမကျသူ ၊ ဇနီးနဲ့သမီး အပေါ်လည်း ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်သူ ဖခင်တယောက် ဖြစ်ပါတယ်။
သူ့ဇနီးကတော့ သူဘာပဲဖြစ်ဖြစ် သည်းခံတတ်ပြီး သူ့ကိုလည်း ဉာဏ်ကြီးရှင်တယောက်အဖြစ် သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူ့စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီး သိပ်မကြာခင်မှာ သူ့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ စတင်စုဆောင်းပါတော့တယ်။
David ရဲ့ အကြံအစည်ကတော့ CokeVille မြို့မှာရှိတဲ့ မူလတန်းကျောင်းကို ဝင်ရောက် စီးနင်းဖို့ပဲဖြစ်ပြီး ကလေးတွေကို ဓားစာခံအဖြစ်ခေါ်ထားဖို့ပဲဖြစ်ပါတယ်။ သေနတ် ၄ လက် ၊ ပစ္စတို ၁ လက်နဲ့အတူ ၊ သူ့လက်ကောက်ဝတ်နဲ့ ချိတ်ဆက်ထားတဲ့ သူကိုယ်တိုင်ပြုလုပ်ထားတဲ့ ဗုံး ၁ လုံးလည်း ဓားစာခံကလေးတွေနဲ့အတူ ရှိနေပါတယ်။
သူ့ရဲ့ တောင်းဆိုချက်ကတော့ ကလေးတယောက်ကို ဒေါ်လာ၂သန်းနှုန်းနဲ့ ကလေးပေါင်း ၁၃၆ယောက် ရှိတဲ့ အခန်းထဲမှာ ဆရာ ၊ ဆရာမတွေပါ ကြောက်ကြောက်လန့်လန့်ရှိနေကြတာပဲ ဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာကြီးကိုတော့ ရဲတွေနဲ့ မိဘတွေကို အသိပေးဖို့ လွှတ်ထားပေးပြီး ဖုန်းခေါ်ဆိုမှုတခုအတွက် တမိနစ်စီသာ အချိန်ပေးထားတာဖြစ်ပါတယ်။
သူ့ရဲ့ ဗုံးမှာ ဓာတ်ဆီ ပါဝင်တဲ့အတွက် ၊ အခန်းပြတင်းပေါက်တွေလည်း ပိတ်ထားတာကြောင့် ကလေးတချို့ဟာ ဖျားနာအော့အန်ကုန်ကြပါတော့တယ်။ သနားစရာကလေးငယ်တွေကို တာဝန်ရှိ ပုဂ္ဂိုလ်တွေအပြင် အခြားဘယ်သူတွေကရော David လက်ကနေ ကယ်တင်နိုင်မလဲဆိုတာကိုတော့ စိတ်ဝင်စားစရာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။
ထူးခြားဆန်းကြယ်မှုတွေနဲ့ တကယ့်ဖြစ်ရပ်ကိုအခြေခံရိုက်ကူးထားတဲ့ IMDb rating (5.1) ရရှိထားတဲ့ “The CokeVille Miracle (2015)” ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။
The post Cokeville မြို့ရဲ့ ထူးခြားဆန်းကြယ် ဖြစ်ရပ်တခုအကြောင်း ရုပ်ရှင် “The Cokeville Miracle” appeared first on ဧရာဝတီ.