မင်းသား Ben Affleck ဟာ လင်းနို့လူသားအဖြစ် ထပ်မံသရုပ်ဆောင်ဖို့ ငြင်းဆိုလာမယ်ဆိုရင် ကြိုတင် အစီအစဉ်တွေကို Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးက ပြင်ဆင်ထားပုံရပါတယ်။
နာမည်ကျော် ဇာတ်ညွှန်းရေးဆရာ Matt Reeves က ဇာတ်ညွှန်းရေးမှာဖြစ်ပြီး မကြာမီရိုက်ကူးတော့မယ့် လင်းနို့လူသား တကိုယ်တော် ရုပ်ရှင်မှာ ပါဝင်စေဖို့ သရုပ်ဆောင် တော်တော်များများကို စတူဒီယိုက ရှာဖွေနေပြီဆိုတဲ့ သတင်းစကားတွေလည်း ထွက်ပေါ်နေပါတယ်။
Revenge of the Fans မီဒီယာရဲ့အဆိုအရ WB စတူဒီယိုဟာ လက်ရှိ လင်းနို့လူသာအဖြစ် သရုပ်ဆောင်နေတဲ့ မင်းသား Ben နေရာမှာ မင်းသား Kit Harington နဲ့ အစားထိုးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
အဲဒီသတင်း အရဆိုရင် လင်းနို့လူသားအဖြစ် သရုပ်ဆောင်စေချင်တဲ့ သရုပ်ဆောင်တချို့ကို ရွေးချယ်ပြီး တောင်းဆိုမှုတွေ လုပ်ထားတဲ့ အကြောင်းနဲ့ အဲဒီထဲက မင်းသားတယောက်ဟာ “Game of Thrones” စီးရီး မင်းသား Kit ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လင်းနို့လူသားအဖြစ် သရုပ်ဆောင်ဖို့ မင်းသား Kit နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေပြီလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အဲဒီဇာတ်ရုပ်မှာ ပါဝင်သရုပ်ဆောင်ဖို့ မင်းသားက စဉ်းစားနေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ သတင်းမီဒီယာ ဝက်ဘ်ဆိုက်မှာတော့ မင်းသား Kit ဟာ အသက် ၅ ပေ ၈ လက်မရှိပြီး အရင်တုန်းက လင်းနို့လူသားအဖြစ် သရုပ်ဆောင်မယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးတဲ့ မင်းသားတွေဖြစ်ကြတဲ့ Jake Gyllenhaal နဲ့ Jack Huston တို့ရဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့လည်း ဆင်တူတယ်လို့ ဖော်ပြထားပါတယ်။
ယခုအချိန်မှာတော့ မင်းသား Ben ရဲ့ လင်းနို့လူသားအဖြစ် ထပ်မံသရုပ်ဆောင်ဖို့ ဖြစ်နိုင်ချေဟာ မရေမရာ ရှိနေတာပါ။ ယခုအသစ် ထပ်မံ ရိုက်ကူးမယ့် ရုပ်ရှင်ကို ကိုယ်တိုင်ရိုက်ကူးပြီး ဇာတ်ညွှန်းကိုပါ ကိုယ်တိုင်ရေးဖို့ ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမယ့် အခု ဇာတ်ညွှန်းရေးဆရာ Reeves က ရုပ်ရှင်ထုတ်လုပ်ရေးထဲ ဝင်လာခဲ့ပြီး ဇာတ်ညွှန်းကို ပြန်ပြင်ရေးနေခဲ့တာ လတော်တော်များများ ရှိနေပါပြီ။
ဇာတ်ညွှန်းရေးဆရာ Reeves က “လင်းနို့လူသားကို ပုံဖော်ပြီး တကယ့်ကိုပဲ ကိုယ်ရေးကိုယ်တာ ဆန်တဲ့ ဇာတ်လမ်းမျိုးကို အလေးထားပုံဖော်ဖို့ ကျနော် စိတ်လှုပ်ရှားနေခဲ့တာပါ။ ဒါပေမယ့် တချိန်တည်းမှာပဲ မူရင်း ဇာတ်လမ်းအတိုင်း ဆက်လုပ်မှာ မဟုတ်ဘဲ စိတ်ခံစားသက်ဝင်တဲ့ လင်းနို့လူသားအဖြစ်နဲ့ ကမ္ဘာ့ အကြီးကျယ်ဆုံး ထောက်လှမ်းရေး တယောက်အနေနဲ့ ပုံဖော်မှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“War for the Planet of the Apes” ဒါရိုက်တာ Reeves က တကိုယ်တော် လင်းနို့လူသား ရုပ်ရှင်အသစ်ကို လာမယ့်နှစ် နွေဦး ဒါမှမဟုတ် နွေရာသီကာလမှာ စတင်နိုင်ဖို့ ပြင်ဆင်ထားတဲ့အကြောင်း ပြီးခဲ့တဲ့ လတုန်းက ပြောဆိုခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Batman ရုပ်ရှင်အသစ်မှာ လင်းနို့လူသားအဖြစ် Ben Affleck ကို တွေ့ရဦးမှာလား
Ref: aceshowbiz
The post လင်းနို့လူသားအဖြစ် မြင်တွေ့ရနိုင်ဖွယ် ရှိတဲ့ မင်းသား Kit Harington appeared first on ဧရာဝတီ.