Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖြောင့်ဖြောင့်ဖြူးဖြူး ဒီမိုကရေစီကျောင်း

$
0
0
သူရဦးရွှေမန်း, မြတ်ဆရာပူဇော်ပွဲ, ဖြူးမြို့, ဆရာကြီး ဦးဘ၀င်း, ခိုင်ထူး, ကဗျာ, ဒီကျောင်းကဗျာ

သရုပ်ဖော်ပုံ စိုးဝင်းငြိမ်း

ဖြူးမြို့ အ.ထ.က (၁) အမျိုးသားကျောင်းက ၁၅ ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ကဗျာဆရာတယောက် အဖြစ် ဖိတ်ကြားခံခဲ့ရ ပါတယ်။ ဒီကျောင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကို၊ ဆရာကြီး ဦးဘ၀င်း ကျောင်း အုပ်လုပ်ပြီး အမျိုးသားကျောင်း ထူထောင်ခဲ့တဲ့ သမိုင်းဝင်ကျောင်းနဲ့ ဆရာကြီး ဆောက်လုပ်ခဲ့တဲ့ အမျိုးသား ကျောင်းဆောင် ၉၅ နှစ် ပြည့်ပါ။

ဒီမြို့မှာ အသက် ၂၂ နှစ်ကနေ အသက် ၄၅ နှစ်အထိ အခြေချ နေထိုင်ပြီး လုပ်ငန်းများလည်း အောင်မြင်၊ ကဗျာ၊ အနုပညာသမားလည်း ဖြစ်ခဲ့တယ် ဆိုရင် မမှားပါဘူး။

ယခု ဦးသိန်းစိန် အစိုးရခေတ်မှာတော့ မီဒီယာ ပွင့်လင်းလာမှုကြောင့် မြို့တိုင်း၊ ကျောင်းတိုင်းက ဆရာပူဇော် ပွဲတွေ လုပ်လာကြတာဟာဖြင့် ၀မ်းသာစရာထွန်းကားတဲ့ ယဉ်ကျေးမှုပါပဲ။ ဒီကျောင်းမှာ အမျိုးသမီးရော၊ သမီးတွေ၊ တူမတွေ၊ မြေးတွေ  သူငယ်တန်းက ဆယ်တန်း၊ ဆယ်တန်းအောင်၊ ဘွဲ့ရ၊ ၀မ်းကွဲအစ်မတွေက ဆရာမတွေ ပြန်ဖြစ်၊ ကိုယ်တိုင် လည်း ဒီကျောင်းက နှစ်စဉ် ပထမ ရကြတဲ့ ကျောင်းသားကျောင်းသူတွေကို အဓိပတိ ပညာသင်ဆုနဲ့ စာပေ ဟောပြော ပွဲ လုပ်ပေးခဲ့ဖူးသူပါ။

၁၄ ကြိမ်အထိ ဖိတ်ကြားခြင်း မခံခဲ့ရပေမယ့် တနှစ်ကို ငွေတသိန်း အမြဲထည့်လှူခဲ့ပါတယ်။ အရင်နှစ်တွေက ဖြူးမြို့သား ကဗျာဆရာ တယောက်ကို ဖိတ်ကြားဖို့ထက် ဒီကျောင်းက ထွက်တဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီး တွေကို ဖိတ်ကြားဖို့ပဲ အာရုံရနေတတ်ပါတယ်။
ဒီနှစ်တော့ ပန်းချီ မြိတ်ဝင်းထိန်ရဲ့သမီး၊ ကိုယ့်တူမက ကျောင်းကော်မတီမှာ လူကြီးအရာရလာမှ မြို့သား ကဗျာဆရာ ကို ဧည့်သည်တော် အဖြစ် ကဗျာရွတ်ဖို့ ဖိတ်ပါတယ်။ အခြားခရီးစဉ်များ ဖျက်ပြီး သုံးရက် ကျင်းပမယ့် ပွဲကို သုံးရက်လုံး နေပြီး မြို့နဲ့ ကျောင်းရဲ့ အကြောင်းကို စာတပုဒ်ရေးဖို့ လေ့လာမေးမြန်းဖို့ ကိုဝင်းမော် ခေါင်းဆောင်တဲ့ ရွှေသံစဉ် တီးဝိုင်းနဲ့ သွားခဲ့ပါတယ်။

အဲဒီမှာ ရွတ်မယ့် ကဗျာကို အဲဒီကျောင်းက ကျောင်းသားကျောင်းသူ ဟောင်း/သစ်၊ ဆရာ ဆရာမ ကြီး/ ငယ် ကန်တော့ခံများ၊ ကော်မတီများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ စကားပြော ခံစားပြီး ရေးပါတယ်။ ထူးထူးခြားခြား လုံခြုံရေး အစီအမံတွေ လုပ်နေလို့ မေးမိတော့ လွှတ်တော်နာယက သူရဦးရွှေမန်း လာမှာဖြစ်လို့ တဲ့။ လာသင့်တာ ပေါ့၊ သူလည်း ဒီကျောင်းထွက်ပဲ။ သူ့ဆရာ ဆရာမတွေပဲ။ သူ လာကန်တော့မယ် ဆိုတာ မှန်တာပေါ့။

ဒါပေမယ့် လုံခြုံရေးကတော့ ဒီလောက်ကြီး လုပ်ဖို့ မလိုဘူး ထင်ပါတယ်။ ပါတီကြီးတခုရဲ့ ခေါင်းဆောင်ဖြစ်လို့ လူထုကြားထဲ လှုပ်ရှားနေထိုင်ရမယ် ဆိုတာ လက်ခံပါတယ်။ ကိုယ့်ဇာတိကျောင်း လာတာ လုံခြုံရေးတွေ အရေးတကြီး လုပ်နေတာတော့ လက်ခံလို့ မရပါ။

လာရောက် ကူညီ ဖျော်ဖြေပေးကြတဲ့ ရွှေသံစဉ်၊ Violet နဲ့ အက်ရှင်တိုင်း (မ်) ဖောင်ဒေးရှင်း တို့ကို ပဲခူးရိုးမ ပေါ်က ဖြူးချောင်းဆည်ရဲ့ အလှကို ပြဖို့ လိုက်ပို့ဖြစ် ပါတယ်။ ရင်သပ်ရှုမောဖွယ် အလှပါပဲ။ ရုပ်မြင်သံကြားက ထုတ်လွှင့်နေ တာထက် ပိုပြီး သာယာနေတယ်လို့တောင် ပြောလို့ရပါတယ်။ တခုရုပ်ဆိုးနေတာက ကျနော် ငယ်ငယ်ကတည်းက သုံးရာသီစလုံး ရေတွေနဲ့ လှပသာယာနေတဲ့ ဖြူးချောင်းဟာ ရေ ခြေမျက်စိ သာသာလေးနဲ့ ခြောက်ခမ်းနေတာပါပဲ။

မှန်လုံကားကြီးနဲ့ အနုပညာသမားတွေ သွားကြရာမှာ အပြန်မှာ ကား ဘရိတ်ပေါက်ပြီး ပျက်ပါတယ်။ အဲဒီတော့ လျှပ်စစ်ထုတ်လုပ်ရေးက ဧည့်ရိပ်သာထဲ ခဏသွားနေကြတော့ ဖြူးမြို့က ကျောင်းကို ဖျော်ဖြေ ရေးလာတဲ့ အနုပညာသမား တွေပါလို့ ပြောနေရက်နဲ့ အဲဒီစက်ရုံက တာဝန်ခံ အင်ဂျင်နီ ယာက လုံခြုံရေး အရ အပြင်ထွက်ပေး ပါလို့ နှင်တာနဲ့ အားလုံး တောင်ကမ်းပါးယံတွေမှာ နေနေကြရပါတယ်။

ပါလာတဲ့ အဆိုတော် သုံးရောင်ခြယ် မြတ်စံက တီဗီထဲမှာတော့ တခါတခေါက် လာရောက်လှည့်ပါ ဆိုပြီး တကယ် လာတော့ နှင်လွှတ်တာ ဘာသဘောလဲ လို့ လုံခြုံရေးကို ပြောတော့ လုံခြုံရေး ထည့်ပေးလိုက်တဲ့ ဒုရဲအုပ်လေးက ဒီလူက ဘယ်သူနဲ့မှ မတည့်ဘူး၊ မပြောချင်ဘူး၊ ဖြူးမြို့က ကားတစီးပဲ ရဲမှူးဆီက ခေါ်ခိုင်းလိုက်ပါမယ် တဲ့။

နေပြည်တော်က သမ္မတကိုယ်တိုင် လာဖွင့်လှစ်ပေးခဲ့တဲ့ ဖြူးချောင်းရေလှောင်တမံက လျှပ်စစ်စက်ရုံမှူးက တော့ သမ္မတ ပြန်တာနဲ့ လုပ်ချင်ရာလုပ်မယ် ဆိုတဲ့ သဘောကို ပြနေပါတော့တယ်။

နောက်နေ့ကျတော့ သူရဦးရွှေမန်း လာပါတယ်။ တံခါးပြေးဖွင့်သူ ကြိုဆိုသူတွေဟာ တိုးကျိတ်နေကြပါတယ်။ ဒီလူတွေ အားလုံးဟာ ဒီမြို့မှာ အစိုးရအဆက်ဆက် အာဏာရှိသူတွေကို ပေါင်းစားနေသူတွေ ချည်းပါပဲ။ ဒီကျောင်းထွက်တွေ ပေါ့။ ဆရာအို ဆရာမအိုကြီးတွေ ကျောင်းပေါ်က တုန်ချိတုန်ချိ ဆင်းလာရင် ကြိုဆိုဧည့်ခံတဲ့ အထဲမှာ အဲဒီလူတွေ တယောက်မှ မတွေ့ရပါဘူး။

သူရဦးရွှေမန်းက ဒီလို ကြိုဆိုခံရတာကိုပဲ ကြိုက်လို့လား၊ သူတို့ကိုယ်တိုင်ကပဲ အကျိုးလိုလို့လား ဆိုတာ ကညွတ်ကွင်းသားနဲ့ ဖြူးသားတွေ အသိဆုံးဖြစ်မှာပါ။

ဦးရွှေမန်းက အကန်တော့ခံ ဆရာ၊ ဆရာမ ၁၁၄ ယောက်ထဲက နှစ်ယောက်သာ အထူးခန်းကို ခေါ်ပြီး ကန် တော့ပါ တယ်။ ဂါရ၀ပြုတယ် ဆိုတာ အဲဒီလို ခွဲခြားလုပ်စရာလား။ ကျန်တဲ့ ကန်တော့ခံ ဆရာ၊ ဆရာမတွေ က သူ့ထက် ဘာမှ မသာလို့လား၊ ရှက်စရာကောင်းတဲ့ အပြုအမူ အဖြစ် လူလတ်တန်း ကျောင်းသူ၊ ကျောင်း သားဟောင်းတွေက ဦးရွှေမန်း မိန့်ခွန်းပြောတော့ ကျောခိုင်းပြီး အောက်ဆင်း ဆန္ဒပြကြပါတယ်။ သူသိမှ သိသွားပါလေစ။

သူရဲ့ဆရာ မြန်မာမွတ်ဆလင် ဆရာအိုကြီးကို ခေါ်ခိုင်းတော့ ဗလီမှာ တရားအလုပ်လုပ်နေတဲ့ ဆရာကြီးက “သူက ဆရာလား၊ ငါကဆရာလား၊ ကန်တော့ချင်လာခဲ့” လို့ ပြောတော့မှ သူသွားပြီး အဲဒီဆရာကို ဂါရ၀ပြုတာလည်း အံ့သြစရာပဲ။

တချို့သူငယ်ချင်း ကျောင်းသားကျောင်းသူဟောင်း တွေကို ခေါ်တော့ “ဘာလို့ လာရမှာတုန်း၊ မင်းတွေ့ချင်ရင် တနေရာမှာ ချိန်း” ဆိုလို့ လက်ဖက်ရည်ဆိုင်မှာ ချိန်းပြီး သူတို့ပြောတာ နားထောင်ရပါတယ်။ သုံးယောက်လုံး ဒီကျောင်းထွက် ဘွဲ့ရ ငါးဆယ်ကျော် ရိုးရိုးသားသား စီးပွားရေးက ချမ်းသာနေကြတဲ့ မြို့မိမြို့ဖတွေပေါ။

အကန်တော့ခံ ဆရာ၊ ဆရာမ ၁၁၄ ယောက်ကို တသိန်းစီပဲ ကန်တော့နိုင်တာ မကျေနပ်နိုင်ကြဘူး။ ဒီဆရာ၊ ဆရာမကြီးတွေ ဆေးခန်းတကြိမ် ပြရင်တောင် တသိန်းကျပ် မလောက်ပါဘူး။ သိန်းငါးရာလောက်ကို ရန်ကုန် က ညွန်ချုပ်တယောက်ကို အတိုးနဲ့ ပေးထားပြီး အတိုးရော အရင်းပါ နှစ်စဉ်မသုံးဘဲ ဆရာ၊ ဆရာမတွေ အတွက် ကန်တော့ငွေ နည်းနေတာကို ဖြစ်မြောက်ရေးကော်မတီ အသစ်လေးတွေက ကန့်ကွက်ကြတယ်။

နှစ်စဉ် ဆရာ၊ ဆရာမကြီးတွေ ထက် ဒီကျောင်းက ထွက်သွားတဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးတွေကိုပဲ နေရာ ပေး ခယနေတဲ့ ကော်မတီဟောင်းကြီး တွေကို မြို့မိမြို့ဖ ဖြစ်တဲ့ သူတို့ရော၊ မျိုးဆက်သစ်တွေကပါ မကျေနပ် ကြ၊ နေရာ ဖယ်ပေးစေလိုကြတယ် ဆိုတာ သိခဲ့ရတယ်။

မရောက်တာ ကြာပြီဖြစ်တဲ့ ကိုယ့်မြို့ရဲ့ စီးပွားရေးကို ပြန်ကြည့်တော့ ဆန်ပွဲရုံ၊ ဆီပွဲရုံ၊ ပဲပွဲရုံ၊ ကြံသကာပွဲရုံ တွေ မတွေ့ရတော့ဘဲ ဘီယာဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေ များလာတာ တွေ့ရပြီး မိခင် တဦး နှစ်ဦးက တော့ မူးယစ်ဆေး သုံးသူတွေ များလာလို့ သူတို့ သားသမီးတွေ အတွက် စာရေးပါဦးလို့ လာပူဆာတယ်။ ကျောင်းဖြစ်မြောက်ရေး ကော်မတီ တချို့က သူငယ်ချင်းတွေ ဖြစ်လို့ ပွင့်လင်းမြင်သာ အရာရာကို လုပ်ဖို့၊ မျိုးဆက်သစ်တွေ အတွက် နေရာဖယ်ပေးဖို့ အကြံပြု တိုက်တွန်းခဲ့ပါသေးတယ်။

အ.ထ.က (၁) ကျောင်းထဲက ဘောလုံးကွင်းထဲမှာ စတိတ်စင် ဆောက်ထားပါတယ်။ ညပိုင်းကျတော့ ဖျော် ဖြေရေးပေါ့။ အကန်တော့ခံတွေရော၊ ဆရာ ဆရာမ အသစ်အဟောင်း၊ ကျောင်းသားကျောင်းသူ အသစ် အဟောင်းတွေ၊ အခြား နယ်တွေကပါ ပွဲကြည့်ဖို့ လာကြတော့ ကွင်းအပြည့်ပါပဲ။ ပထမနေ့က ငါးထောင်၊ ခုနှစ်ထောင်ကျော်လောက်ရှိမယ်။ ရွှေသံစဉ်၊ ဗိုင်အိုလက်၊ အက်ရှင်တိုင်း (မ်) တို့ ပူးပေါင်း ဖျော်ဖြေမှု။ ထူးအိမ်သင်ရဲ့ညီ ဒီမွန်နဲ့ Shwe FM က ဇင်းဇင်းတို့ လည်း ပါပါတယ်။

ကျနော်ကတော့ ရွှေသံစဉ်နဲ့ “ဒီကျောင်း” ဆိုတဲ့ ကဗျာကို ရွတ်ပါတယ်။ အားပေးမှုက စည်းကမ်းရှိပြီး အနု ပညာသမားတွေ အထူးကျေနပ်ကြပါတယ်။ နိုင်ငံကျော် Dancer၊ ပဉ္စလက်ကိုခိုင် မျက်လှည့်၊ သူက ဖြူးသား ဖြစ်လေတော့ အားပေးမှုက လက်ခုပ်သံမစဲပါဘူး။ သူ့ဇနီးဟာလည်း ဒီကျောင်းထွက်ပါ။

ဒုတိယနေ့က တီးဝိုင်းသုံးဝိုင်း ဖျော်ဖြေရေး နောက်ဆုံးရက်၊ ကိုခိုင်ထူးတို့ ၀ိုင်းရယ်၊ ရင်ဂိုတို့ ၀ိုင်းရယ်၊ ပူစူးတို့ ၀ိုင်းရယ်၊ ရတနာမိုင်၊ ချောစုခင် အပါအ၀င် အဆိုတော် ၁၂ ယောက်မက ပါ။ ဒီဝိုင်းတွေကိုတော့ ရန်ပုံငွေထဲ က မထိရဘဲ စပွန်ဆာပေး လှူဒါန်းသူကတော့ နန်းနွေးနွေးဝင်းထိန်ရဲ့ သူငယ်ချင်း ဒီကျောင်းထွက် ဒေါက်တာ စိုးလင်းဟန်နဲ့ ဇနီး ချောစုတို့ ပါပဲ။

ဆရာကန်တော့ပွဲ အပိတ်နေ့၊ နောက်ဆုံးနေ့မှာ ပရိသတ်က သောင်းကျော်ကျော်ပါပဲ။ ဘာပြဿနာမှ မဖြစ် ပါဘူး။ ပရိသတ် ကောင်းလွန်းတော့ ခိုင်ထူး၊ ရင်ဂို အပါအ၀င် အဆိုတော်အားလုံး လေး ငါး ဆယ်ပုဒ်လောက် အထိ ဆိုကြပါတယ်။ ပရိသတ်က နံနက် ၂ နာရီခွဲအထိ လျော့သွားတာမရှိဘဲ အားပေးနေကြပါတယ်။

အစ်ကိုလိုဖြစ်နေတဲ့ ကိုခိုင်ထူးရယ်၊ ငယ်သူငယ်ချင်း မောင်မောင်လွင် (ရင်ဂို) နဲ့ ဖြူးမြို့က သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေက ကဗျာရွတ်ဖို့ တောင်းဆိုကြပါတယ်။ ကျနော့်အစီအစဉ်က ရွှေသံစဉ်ဝိုင်းနဲ့ပဲရှိတာလို့ တောင်းပန်ပေမယ့် မရပါဘူး။ ရင်ဂိုတို့ တီးဝိုင်းအလှည့်မှာ စင်ပေါ်က အတင်းဖိတ်ခေါ်ပါတယ်။

အမှန်အတိုင်းပြောရရင် ကိုယ့်ကို ကဗျာရွတ်တာ ကဗျာဆရာ အဖြစ် အသိအမှတ်ပြုတာ ဖြူးမြို့က ဆယ် ယောက်ထက် မပိုဘူးလို့ ထင်ခဲ့တာ၊ စင်ပေါ်ကို စတက်လိုက်ရင်ပဲ မနေ့ကမှ ရွတ်ဖြစ်ခဲ့တဲ့ ကဗျာ “ဒီကျောင်း” ကို ပရိသတ်ကြီးက “ဒီကျောင်း၊ ဒီကျောင်း” ဆိုပြီး အလွတ် အော်ရွတ်နေကြတယ်။

ကျနော် ပရိသတ်ပေးဆုနှစ်ဆု၊ နိုင်ငံတကာဆု သုံးဆု ကဗျာကြောင့် ရဖူးပါတယ်။ အဲဒီတုန်းက ၀မ်းသာ တာပါ။ အခု ကိုယ့်မြို့ ကိုယ့်ကဗျာရွတ်တာ လူတထောင်နီးပါး အားပေးနေကြတော့ ကဗျာဆရာ တယောက်အနေနဲ့ စင်ပေါ်မှာ ၀မ်းသာလွန်းလို့ မျက်ရည်လည်ရ ပါတယ်။ ဒီကျောင်း … ဖြူးမြို့ကကျောင်း။

“ဒီကျောင်း”

ဒီကျောင်း
စာသင်ကျောင်းဆိုတာ
ထာဝရအလင်းကိုဆောင်တယ်
မှောင်နေတဲ့နေ့တွေရှိသလို
လင်းခဲ့ရတဲ့ညတွေလည်းရှိ
ဒီကျောင်း
ကြံပန်းခိုင်လေး နှစ်ယောက်အတူစား
ရေခဲချောင်းတချောင်းကို နှစ်ယောက်အတူစုပ်
ဖြူစင်တဲ့မေတ္တာရိပ်နဲ့ အေးမြခဲ့
ဒီကျောင်း
ရည်းစားဦးရှိခဲ့သလို
အသည်းလည်းကွဲခဲ့တဲ့
ဒီကျောင်း
ဒီကျောင်းဟာ ဖူးစာရေးနတ်ဖြစ်သလို
ဒီကျောင်းဟာ အလွမ်းဒဏ်ရာတွေနဲ့
သွေးမတိတ်နိုင်တဲ့ကျောင်း
ဒီကျောင်း
စက်ဘီးတစီးတည်းကို
တယောက်တလှည့်စီးပြီး
ရည်မှန်းချက်ကြီးကြီးတွေကို
ဖူးပွင့်စေတဲ့ စာသင်ခန်းနဲ့ကျောင်း
ဒီကျောင်း
ဒီကျောင်းကို ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို
ဦးဘဝင်း အမျိုးသားကျောင်းအဖြစ်
ကျောင်းအုပ်လုပ်ခဲ့
ဒီကျောင်း
ဒီကျောင်းက ဗိုလ်ချုပ်ကြီးတွေ ထွက်သလို
ဒီမိုကရေစီတော်လှန်ရေး
ကျောင်းသား သူရဲကောင်းတွေ ထွက်ခဲ့
ဒီကျောင်းက ဆရာဝန်၊ ပါမောက္ခတွေထွက်သလို
ဘွဲ့ရ၊ ချဲရောင်းနေသူတွေ ထွက်ခဲ့
ဒီကျောင်း
ဒီကျောင်းက သူရဦးရွှေမန်းကို ကြိုက်တဲ့သူရှိသလို
အမေစုကို ချစ်တဲ့လူတွေလည်းရှိ
ဒီကျောင်း
ဒီကျောင်းက ဘာသာလူမျိုးမခွဲဘဲ
ပညာဖြန့်ဝေမယ် ဆိုတဲ့ကျောင်း
ဒီကျောင်း
ဒီကျောင်းကို ခုတုံးလုပ်အသုံးချ
အမြတ်ထုတ် မေ့ထားကြပေမယ့်
ဒီကျောင်းက အပြုံးမပျက်
မေတ္တာတံခါးဖွင့်ပြီး အမြဲကြိုတယ်
ဒီကျောင်း
ဒီကျောင်းဟာ ဝေလည်းမွှေး
ကြွေလည်းမွှေးတဲ့ ပကတိပန်းတွေလို
အိုလေလှလေ လှတဲ့ ဆရာ၊ ဆရာမတွေရဲ့
အနာဂတ်အိပ်မက်တွေ
သိုလှောင်ထားတဲ့ နေရာဖြစ်တယ်။
ဒီကျောင်း
ဒီကျောင်းဟာ နွေကျောင်းပိတ် ပေမယ့်
သတိရခြင်း တံခါးကို အမြဲဖွင့်ထားပြီး
ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ
အသစ် အဟောင်း အေးမြတဲ့ မေတ္တာရိပ်နဲ့
ရင်ဖွင့်ကြိုနေမယ့်ကျောင်း
ဒီကျောင်း
ဒီကျောင်းဟာ ပွင့်လင်းမြင်သာမှု
အားနည်းနေသေးပေမယ့်
အုပ်ချုပ်သူတွေရဲ့ ပညာရေးပေါ်လစီ
အမှားတွေကို ဖယ်ပြီး
ဒီမိုကရေစီ ပညာရေးကို
ချီတက်မယ့်ကျောင်း
ဒီကျောင်း
ဒီကျောင်းကို တနှစ်တခါ
သတိရနေတာထက်
တသက်လုံး သတိရနေရမယ့် ကျောင်း
ဒီကျောင်း
အားလုံးအတွက် ကျောင်း
ဒီကျောင်း။     ။

The post ဖြောင့်ဖြောင့်ဖြူးဖြူး ဒီမိုကရေစီကျောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ