မင်းသား Jason Statham ဟာ သူနောက်ဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ “The Meg” ရုပ်ရှင်မှာ တကယ့် ငါးမန်းတွေနဲ့အတူ ရေကူးခဲ့ရပြီး အဲဒီအချိန်တုန်းက သူဟာ အကြောက်အလန့် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီရုပ်ရှင်မှာ မင်းသား Statham ဟာ အရှည် ၇၅ ပေရှိပြီး “Megalodon” လို့ခေါ်တဲ့ ငါးမန်းတကောင်ရဲ့ အန္တရာယ်ပေးမှုကနေ ဒေသခံတွေနဲ့ သိပ္ပံပညာရှင်အဖွဲ့တခုကို ကယ်ဆယ်ဖို့ တာဝန်ပေးအပ်ခံရတဲ့ ရေငုပ်သမား Jonas Taylor အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး ပင်လယ်သတ္တဝါဆိုးကြီးနဲ့ ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ရေးအနေနဲ့ မင်းသား Jason ဟာ ကျွဲငါးမန်း အုပ်စုတခုနဲ့ အတူ ဖီဂျီနိုင်ငံမှာ ရေငုပ်ခရီးစဉ်တခုကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ မင်းသားဟာ အခုလိုမျိုး သားရဲတိရိစ္ဆာန်တွေ ဘေးမှာ ခြံရံပြီး ပင်လယ်အောက်မှာ ရှိနေခဲ့ရတာဟာ ကိုယ့်အိမ်မှာလိုပဲ စိတ်သက်သောင့်သက်သာ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။
အသက် ၅ဝ အရွယ် မင်းသား Jason က “ ကြီးမားပြီး ၃ မီတာလောက်ရှိတဲ့ ငါးမန်းတကောင်နဲ့ အနီးကပ်ကြီး ရေကူးဖို့ အားလုံးနဲ့ လူတိုင်းကို အကြံပြုရမှာပါ။ အရမ်းစိတ်အပန်းပြေမှာပါ။ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို ရောက်သွားမယ်ဆိုရင် စိတ်ငြိမ်းချမ်းမှု ရမှာပါ။ မှတ်သားလောက်ဖွယ် အတွေ့အကြုံဖြစ်မှာပါ”
“သူတို့နဲ့အတူ ရေမငုပ်ခင်မှာ အကြောက်တရားတွေရော အလိမ်အညာ အကြောက်တရားတွေရော ကုန်ခမ်းသွား ပါလိမ့်မယ်။ ရေငုပ်သမားတချို့နဲ့အတး အဲဒီမှာ ရေကူးရတဲ့ အခါ ထူးခြားအံ့ဖွယ် ဖြစ်ရပါတယ်။ ခင်ဗျားတို့မှာ ရှိနိုင်မယ့် အကြီးကျယ်ဆုံး အတွေ့အကြုံတခု ဖြစ်လာမှာပါ” လို့ Daily Star မီဒီယာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။
“Expendables” ရုပ်ရှင်မင်းသားဟာ အရှည် ၃ မီတာလောက်ရှိတဲ့ ငါးမန်းအကောင် ၂၀ နဲ့ ၃၀ ကြား လောက်မှာ ရေကူးခဲ့ရပြီး “The Meg” ရုပ်ရှင်ရဲ့ အဓိကဖြစ်တဲ့ အဲဒီသတ္တဝါရဲ့ ကြီးမားတဲ့ စကေးက ရုပ်ရှင်ကြည့် ပရိသတ်တွေကို ထိတ်လန့် အံ့သြသင့်စေမှာ ဖြစ်တယ်လို့ ယုံကြည်တယ်လို့လည်း ပြောဆိုပါတယ်။
မင်းသားက “ရှိနေပြီးသား အကြီးမားဆုံး ငါးမန်းတွေအကြောင်း ရုပ်ရှင်ကို ဘယ်သူ မကြည့်ချင်ဘဲ နေပါ့မလဲ။ ပြီးတော့ ကျနော်လည်း ပါဝင်ထားတယ်လေ။ ဒါဟာကောင်းသထက်ကောင်းမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
“National Treasure: Book of Secrets” ရုပ်ရှင်ဒါရိုက်တာ Jon Turteltaub ရိုက်ကူးတဲ့ ရုပ်ရှင်မှာ မင်းသား Jason ဟာ Ruby Rose, Li Bingbing, Rainn Wilson တို့နဲ့အတူ ပါဝင် သရုပ်ဆောင် ထားပါတယ်။ “The Meg” ရုပ်ရှင်ကို သြဂုတ် ၁၀ ရက်နေ့ကစလို့ ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။
Ref: aceshowbiz
The post “The Meg” ရုပ်ရှင်မှာ တကယ့်ငါးမန်းအစစ်တွေနဲ့ ရေကူးခဲ့တဲ့ မင်းသား Jason Statham appeared first on ဧရာဝတီ.