ဒီတခါမှာတော့ စိတ္တဇဆန်ဆန် Psycho ဇာတ်ကားကောင်း ကြိုက်သူတွေအတွက် iflix ကနေ ကြည့်ရှုမိခဲ့တဲ့ သုညစိတ္တဇ (Psycho Zero) ဆိုတဲ့ စိတ္တဇဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားကို မြန်မာဒါရိုက်တာ ၁၄ ဦးက ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းတို ၁၄ ခု ပါဝင်ပါတယ်။ ပုံစံ မတူညီတဲ့ ဒါရိုက်တာ ၁၄ ဦးရဲ့ ဇာတ်လမ်းတို ၁၄ ကားကို ပေါင်းထားတာကြောင့် “Omnibus” လို့ခေါ်တဲ့ ရုပ်ရှင် အမျိုးအစားဖြစ်ပြီး Zero Budget နဲ့ ဖန်တီးထားတယ်လို့လည်း သိရပါတယ်။
ဒီ “Psycho Zero” ဆိုတဲ့ ရုပ်ရှင်ကတော့ Psycho ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ကြည့်ရှုသူကို စဉ်းစား တွေးခေါ်စရာတွေ ပေးပါတယ်။ ဇာတ်လမ်းတို ၁၄ ကားထဲမှာ တချို့သော ဇာတ်လမ်းတိုတွေကို သိပ်သဘော မကျမိပေမယ့် ထင်မထားအောင် ထိထိခတ်ခတ်ဖြစ်သွားစေတဲ့ ဇာတ်လမ်းတွေလည်း ပါတာကြောင့် Psycho ဇာတ်ကားကြိုက်သူကို ကြည့်ရှုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။
ဇာတ်ကားတိုင်းရဲ့ Sound system ပိုင်းမှာလည်း သဘာဝကျတဲ့ သဘာဝအသံတွေကိုပဲ ထည့်သွင်း ထားတာကြောင့် ပုံစံအသစ်၊ အရသာ အသစ်တခုကို ခံစားမိစေပါတယ်။ ဇာတ်လမ်းတို ၁၄ ခုပါဝင်တဲ့ သုညစိတ္တဇ “Psycho Zero” ရုပ်ရှင်ကိုတော့ ဇာတ်လမ်းအကျဉ်း မညွှန်းဆိုေတာ့ပါဘူး။
ဘာဖြစ်လို့လဲဆိုရင်တော့ ဇာတ်လမ်းတခုနဲ့ တခုဟာ ပြသချင်တဲ့ ပုံစံချင်း မတူသလို လူ့အဖွဲ့အစည်းတွင်းက စိတ္တဇ ဝေဒနာတွေဟာလည်း တဦးနဲ့ တဦး မတူညီကြတာကြောင့် ဇာတ်လမ်း အကျဉ်းကို မပြောပြခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းသဘောအရ တချို့နေရာတွေမှာ အနည်းငယ် ချဲ့ကားတယ်လို့ ထင်ရပေမယ့် မြန်မာ ဒါရိုက်တာတွေရဲ့ ကြိုးစားမှုကိုတော့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ “လူအခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်” မှာ ပြသခဲ့တဲ့ ဒီ သုညစိတ္တဇ (Psycho zero) ရုပ်ရှင်ကို ရုပ်ရှင်ပွဲတော်မှာ မကြည့်လိုက်ရသူတွေအတွက် iflix မှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။
The post မသိစိတ်အတွင်းက စိတ်ဒဏ်ရာတွေကို လှစ်ဟပြထားတဲ့ သုညစိတ္တဇ (Psycho Zero) appeared first on ဧရာဝတီ.