အသစ်အသစ်သော အကြောင်းအရာများကို ပြန်လည်ဝေမျှရတာကို သဘောကျတဲ့ Beauty Blogger နေခြည်ဦး ကတော့ သူမရဲ့ အလှအပနဲ့ပတ်သက်ပြီး ကိုရီးယားနိုင်ငံမှာ နှာခေါင်းနဲ့ မျက်ရစ်ဖော်တဲ့ အကြောင်းအရာများကို ဗီဒီယိုရိုက်ကူးပြီးတော့ ပြန်လည်ပြသပေးဖို့မယ်လို့ ပြောပါတယ်။
“မကြောက်ဘူးဆိုတာလည်း နေခြည်က ဗီဒီယိုရိုက်သွားဦးမှာပါ။ ဆံပင်တုတပ်တဲ့ ဗီဒီယိုလေးလို နေခြည် ကိုရီးယားသွားတဲ့ ၂ပတ်လုံး ၂ပိုင်းခွဲပြီးတော့ ပြသွားမှာပါ။ သွေးသံကြောက်တဲ့သူတွေကတော့ မကြည့်ပါနဲ့လို့ ပြောချင်ပါတယ်” လို့ နေခြည်ဦးက ပြောပါတယ်။
ယခင်ကတည်းက ပြုပြင်ဖို့အတွက် အစီအစဉ်ရှိပြီး အချိန်မပေးနိုင်သေးတဲ့အတွက် Filter ထိုးတာကိုပဲ ပြုလုပ်ခဲ့ကာ ယခုအခါမှာတော့ Filter ထပ်မထိုးချင်တော့တဲ့အတွက် ဆီလီကွန်ထည့်ပြီး ပြုပြင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ပြုပြင်ပြောင်းလဲရတာကို ကြိုက်တာ။ အစက နေခြည်က Filter ထိုးတယ်ဆိုတာ နှာခေါင်းပြုပြင်ချင်တာ။ အခု Filter ထိုးတဲ့အချိန်မှာ အဆင်ပြေသွားပြီ။ အမြဲတမ်း အဆင်ပြေသွားအောင် ဆီလီကွန်ထည့်လိုက်တဲ့ သဘောပါ။ မျက်ရစ်က အခုလည်းအဆင်ပြေတယ်။ ဒါပေမယ့် မျက်ရစ်ပိုကြီးရင် မိတ်ကပ်ပြင်ရတာ လှတယ်လေ။ အဲဒါကြောင့် လုပ်တာပါ” လို့ နေခြည်ဦးက ပြောပါတယ်။
အဲဒီလို နှာခေါင်းနှင့် မျက်ရစ် ခွဲစိတ်ပြုပြင်မှုအတွက် ကိုရီးယားနိုင်ငံကို ဇူလိုင်လ ၇ရက်နေ့မှ စတင်ကာ ၂ပတ်ကြာ သွားရောက်မှာ ဖြစ်ပြီး Plastic Surgery ကတော့ နေခြည်ဦးအတွက် ပထမဆုံးခွဲစိပ်မှု ဖြစ်တယ်လို့လည်း သိရပါတယ်။
နေခြည်ဦးကတော့ သူမရဲ့အလှအပ ပြုပြင်ခြင်းနဲ့ပတ်သက်ပြီး တဖက်မှာလည်း ဝေဖန်တိုက်ခိုက်ခြင်း ခံရသလို တဖက်မှာလည်း သူမပြုပြင်သမျှ အလှအပရေးရာများကို မကွယ်မဝှက် ပြောပြလေ့ရှိတဲ့ Beauty Blogger တယောက် ဖြစ်ပါတယ်။
နေခြည်ဦးအနေနဲ့ အလှအပရေးရာနဲ့ ပတ်သက်ပြီးတော့လည်း အဆက်မပြတ် မျှဝေလေ့ရှိသလို သရုပ်ဆောင် တယောက်အနေနဲ့လည်း “ရန်သူ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားတို့မှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။
The post နှာခေါင်းပြင်တာနဲ့ မျက်ရစ်ဖော်တာတွေကို ဗီဒီယိုရိုက်ပြီး တင်ပေးမယ့် နေခြည်ဦး appeared first on ဧရာဝတီ.