ထိုင်းနိုင်ငံရဲ့ နာမည်ကျော် လိင်ပြောင်း အလှမယ်တဦး ဖြစ်တဲ့ Maeya Sun Sun က လက်ရှိမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ရောက်ရှိနေပါတယ်။
Maeya Sun Sun က မြန်မာနိုင်ငံမှ အဆိုတော် ဟန်ထူးဈာန်ရဲ့ သီချင်းတပုဒ်မှာ သရုပ်ဆောင်ပေးဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး ရောက်ရှိနေတဲ့ အချိန်အတွင်းမှာ မီဒီယာများနဲ့ တွေ့ဆုံခဲ့ပါတယ်။ မီဒီယာများနဲ့ တွေ့ဆုံချိန်မှာ လိင်ပြောင်း အလှမယ် Maeya Sun Sun က အခုလို ဆိုပါတယ်။
“ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါတယ်၊ ဘာပဲပြောပြော ဒီယုံကြည်မှုနဲ့ပဲ အမြဲတမ်းလုပ်ခဲ့တာ ဆိုတော့ အောင်မြင်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင် ကိုယ့်ကိုယ်ကိုပဲ လုပ်ယူလို့ရတယ်။ ကိုယ်က ဘယ်လိုပုံစံမျိုးနဲ့ ဖော်ပြမလဲ ဆိုတဲ့အပေါ် မူတည်တယ်။ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဗီဒီယိုတွေတင်တိုင်း အမြဲအားပေးလို့ အင်အားတွေရှိတယ်။ အားလုံးကို ချစ်တယ်။ ကျေးဇူးလည်း တင်ပါတယ်” လို့ Maeya Sun Sun က ဆိုပါတယ်။
အဆိုတော် ဟန်ထူးဈာန်ကလည်း ထိုင်းနိုင်ငံရဲ့ နာမည်ကျော် အလှမယ်တဦးဖြစ်တဲ့ Maeya Sun Sun နဲ့ ရိုက်ကူး ဖြစ်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပြထားပါတယ်။
“ကျနော့်ရဲ့ Music Video အတွက် Sun Sun နဲ့ ရိုက်ကူးဖြစ်တာပါ။ Sun Sun ကြောင့် ကျနော် ပျော်ရတယ်။ ကျနော် ပျော်သလို ပရိသတ်လည်း ပျော်မယ်။ ဒီသီချင်းတွေမှာ သူကိုကြည့်လိုက်ရင် စိတ်လှုပ်ရှားကြမယ်။ သူ့ကို ချစ်တဲ့သူ တွေလည်း ပျော်ကြမယ်ဆိုပြီး ခေါ်ပြီး ရိုက်ဖြစ်တာပါ။ သူ့ကို မြန်မာဝတ်စုံလေး လက်ဆောင်ပေးပြီး ဘုရားတွေ လိုက်ပို့ ပေးပါမယ်”လို့ ပြောပါတယ်။
Maeya Sun Sun ဟာ ထိုင်းနိုင်ငံရဲ့ အလှမယ်ပြိုင်ပွဲကြီး တခုဖြစ်တဲ့ “ROAD TO MISS TIFFANY’S UNIVERSE 2018” ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူ တဦးဖြစ်ပါတယ်။ သူ့အနေနဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ အလှအပ ရေးရာတွေ၊ အစားအသောက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟာသ ဗီဒီယိုတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေလေ့ ရှိပြီး ပရိသတ် အားပေးချစ်ခင်မှုကို ရရှိထားသူ တဦးပါ။
Maeya Sun Sun ဟာ ထိုင်းနိုင်ငံမှာ အောင်မြင်လျက်ရှိတဲ့ အဆိုတော်တွေရဲ့ Music Video တွေမှာလည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။ အဆိုတော် ဟန်ထူးဈာန်ကတော့ “အိပ်မက်ဆုံရာ သီချင်းပြိုင်ပွဲ Season 4” မှာ ဝင်ရောက် ယှဉ်ပြိုင်ရင်း ပရိသတ်အားပေးမှု ရရှိလာခဲ့ပြီး တကိုယ်တော် တေးစီးရီးလည်း ထွက်ရှိထားသူတဦး ဖြစ်ပါတယ်။
The post “ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင် ကိုယ့်ကိုယ်ကိုပဲ လုပ်ယူလို့ရတယ်” ဆိုတဲ့ Maeya Sun Sun appeared first on ဧရာဝတီ.