Beauty Blogger တဦးဖြစ်တဲ့ နေခြည်ဦးကတော့ သူမရဲ့ဒုတိယ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု ဖြစ်တဲ့ “နှလုံးသားကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကတော့ သူမရဲ့အတိတ်က Relationship တွေနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေတယ်လို့ ဆိုပါတယ်။
“ဒီကားကတော့ ပထမကားလောက် မပြင်ဆင်ရဘူး။ ဘာလို့လဲဆိုရင် ဒီကားထဲမှာ အပြင်က နေခြည်ဦးပုံစံပဲ လိုချင်တယ် ပြောတယ်။ ဒီကားကို ဇာတ်ညွှန်း စဖတ်ကတည်းက နှင်းနုဆိုတဲ့ နေခြည့်အတိတ်က Relationship တွေနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေတယ်။ သူပြောတဲ့စကားတွေ သူ့ရင်ထဲက ခံစားချက်တွေဆိုရင် ရင်ထဲအရမ်း ထိတယ်။
ဇာတ်ညွှန်းဖတ်ရင်းတောင် မျက်ရည်ကျရတယ်။ အစက နေခြည် မရိုက်ဘူးလို့ ဆုံးဖြတ်လိုက်တာ မခံစားနိုင်မှာ စိုးလို့ပေါ့နော်။ ကိုယ့်ကိုယ်ကိုလည်း မညှင်းဆဲချင်လို့” လို့ နေခြည်ဦးက ပြောပါတယ်။
ဒီကားထဲမှာတော့ နေခြည်ဦးက အချစ်ကို အရူးအမူးဖြစ်နေတဲ့ “နှင်းနု” ဆိုတဲ့ ကောင်မလေး တယောက်နေရာက သရုပ်ဆောင်ရမှာဖြစ်ပြီး သူမရဲ့ အပြင်က ပုံစံအတိုင်းသာ သရုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“နေခြည့် ကာရိုက်တာက တက္ကသိုလ် နောက်ဆုံးနှစ်၊ အချစ်ကို အရူးအမူးဖြစ်နေတဲ့ ကောင်မလေး တယောက်ပါ။ ကိုယ့်ချစ်သူအတွက် ဘာပဲဖြစ်ဖြစ် လုပ်ပေးမယ်။ ကိုယ်ချစ်သူ အနားမှာပဲ နေချင်တယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြားသွားပြီးတော့ ပြန်လာတဲ့အချိန်မှာ အရင်အချိန်တွေနဲ့ မတူတော့တဲ့ အချိန်မှာလည်း မိန်းကလေး တယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသွားတဲ့ပုံစံလေးပါ” လို့ နေခြည်ဦးက ပြောပါတယ်။
သူမရဲ့ပထမဆုံး သရုပ်ဆောင်ထားတဲ့ “ရန်သူ” ဆိုတဲ့ ဇာတ်ကားကြီးကိုလည်း မကြာခင်အချိန်က ရိုက်ကူးထားခဲ့ပြီး ပထမဇာတ်ကားရဲ့ သရုပ်ဆောင်မှုကိုပင် မတွေ့ရဘဲ ဒုတိယဇာတ်ကားအတွက် အားပေးကြတဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်လို့ နေခြည်ဦးက ပြောပါတယ်။
မကြာခင်မှာ ရိုက်ကူးတော့မယ့် “နှလုံးသားကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ မိုးနီးလွင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးသွားမှာဖြစ်ပြီး အဓိက သရုပ်ဆောင်များအဖြစ် အဆိုတော် ရွှေထူး၊ သရုပ်ဆောင် ရွှေမှုံရတီ၊ နေခြည်ဦးနဲ့ အထူးဧည့်သည် သရုပ်ဆောင် အဖြစ် ဖြိုးငွေစိုးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဆက်စပ်ဖတ်ရှုရန် – Beauty Blogger နေခြည်ဦး ပထမဆုံး ပါဝင်သရုပ်ဆောင်တဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကား
The post အတိတ်က Relationship တွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်မှာ ပါဝင်မယ့် နေခြည်ဦး appeared first on ဧရာဝတီ.