WWE နပမ်း ချန်ပီယံဟောင်း၊ မင်းသား John Cena ဟာ တရုတ်မင်းသားကြီး ဂျက်ကီချန်းနဲ့အတူ “Ex-Baghdad” လို့ အမည်ရတဲ့ အက်ရှင်ရုပ်ရှင်မှာ ပါဝင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ မင်းသားကြီး Sylvester Stallone နေရာမှာ အစားထိုးပါဝင်သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။
WWE ချန်ပီယံ ၁၆ ကြိမ်ဖြစ်ဖူးတဲ့ မင်းသား John ဟာ အခုတော့ အသက် ၄၁ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ သူက နဂို ကတည်းက နပန်းသမား ဘဝကို လက်လွှတ်ရမယ်ဆိုရင် သရုပ်ဆောင်လောကဘက်ကို သွားချင်တဲ့အကြောင်း ဝန်ခံပြောကြားခဲ့ဖူးပါတယ်။
မင်းသား John ဟာ ၂၀၁၅ ခုနှစ်မှာ “Trainwreck” ဆိုတဲ့ ရုပ်ရှင်မှာပါဝင်ခဲ့ပြီး ဟောလိဝုဒ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်တော့ “Daddy’s Home” နဲ့ “Sisters” တို့လိုမျိုး ဟာသဇာတ်မြူးရုပ်ရှင် တွေ မှာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ “The Wall” ဆိုတဲ့ ဒရမ်မာရုပ်ရှင်မှာ ပါဝင်ခဲ့ပြန်ပါတယ်။ သူဟာ “Daddy’s Home 2” မှာလည်း ဆက်လက်ပါဝင်ခဲ့သလို အန်နီမေးရှင်းရုပ်ရှင်တခုဖြစ်တဲ့ “Ferdinand” မှာ ကျွဲရိုင်းလေးအဖြစ် အသံသရုပ်ဆောင်ခဲ့ပါတယ်။
ဒီနှစ်မှာတော့ မင်းသား John ဟာ ဟာသဇာတ်မြူး “Blockers” ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့အပြင် “Bumblebee” ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်မှာလည်း အဓိကနေရာကနေ ပါဝင်ဖို့ ပြင်ဆင်ထားပါတယ်။ အခုတော့ သူဟာ ဂန္တဝင်အက်ရှင် မင်းသားကြီး ဂျက်ကီချန်းနဲ့အတူ “Ex-Baghdad” ဆိုတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ရုပ်ရှင်မှာ အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ရဖို့ ဖြစ်လာခဲ့ပါပြီ။
အဲဒီရုပ်ရှင်ကို အက်ရှင်မင်းသားကြီးတွေ ဖြစ်တဲ့ Stallone နဲ့ ဂျက်ကီချန်းတို့က ပထမဆုံးပူးတွဲ သရုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ကြေညာခဲ့ပေမယ့် အခုတော့ မင်းသားကြီး Stallone နေရာမှာ မင်းသား John Cena ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
Ex-Baghdad ရုပ်ရှင်ကတော့ အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့က အသိမ်းပိုက်ခံထားရတဲ့ တရုတ်နိုင်ငံသားပိုင် ရေနံချက် စက်ရုံတခုမှာ ဇာတ်အိမ်တည်မှာ ဖြစ်ပါတယ်။ အဲဒီရေနံချက် စက်ရုံပိုင်ရှင်တွေက ပိတ်မိနေတဲ့ သူတို့ရဲ့ ဝန်ထမ်းတွေကို ကယ်ဆယ်ဖို့ Snow Leopard Commando Unit လို့ခေါ်တဲ့ အဖွဲ့အစည်းက သီးသန့်လုံခြုံရေးမှူး Jackie Luo ကို တာဝန် ပေးခဲ့ပါတယ်။
ဒါပေမယ့် တိုက်ခိုက်သူတွေဟာ စက်ရုံကို ဖျက်ဆီးဖို့ဆိုတာထက် ရေနံတွေကို ခိုးယူဖို့သာ စိတ်ဝင်စားနေခဲ့ကြတာပါ။ အဲဒါကို ရပ်တန့်နိုင်ဖို့ Jackie နဲ့ အမေရိကန် မရိန်းတပ်သားဟောင်း Chris Saatchi တို့ပူးပေါင်းပြီးတော့ စစ်ဆင်ရေး လုပ်ဆောင်ပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Ref: screenrant
The post “Ex-Baghdad” ရုပ်ရှင်မှာ ဂျက်ကီချန်းနဲ့အတူ မြင်တွေ့ရမယ့် မင်းသား John Cena appeared first on ဧရာဝတီ.