နိုင်ငံကျော် ရုပ်ရှင်မင်းသမီး အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာ မေလ ၂၄ ရက်နေ့က စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Hugo Boss ဖက်ရှင်ပွဲကို မင်းသား ဇဏ်ခီ၊ ဒါရိုက်တာ ခရစ္စတီးနားခီတို့နဲ့ အတူ သွားရောက်ခဲ့ပါတယ်။
အဲဒီပွဲမှာ ဝတ်မှုံရွှေရည်ဟာ နိုင်ငံတကာက အနုပညာရှင်များနဲ့ တွေ့ဆုံခဲ့ရလို့ ပျော်ရွှင်ဝမ်းသာမိကြောင်း ဆိုပါတယ်။
“Hugo Boss ပွဲက ကစ်ကို ကမ်းလှမ်းပြီးတော့ ဖိတ်တဲ့အတွက် ကိုဇာဏ်ခီ၊ မခရစ္စတီးနားခီတို့နဲ့ တက်ရောက်ဖြစ်ခဲ့တယ်။ ဒီဘက် The Avenue က အကုန်လုံးစီစဉ်ပြီး ကစ်တို့ကို ပို့ပေးတာပေါ့။ တကယ့်ကို အတွေ့အကြုံ အသစ်တခုအနေနဲ့ ရခဲ့တယ်။ အရမ်းလည်းပျော်ပါတယ်။ ကိုယ့်နိုင်ငံအတွက်ကို သွားရတဲ့အတွက် ကျေနပ်ပါတယ်။ ကိုယ့်မှာလည်း ကိုယ်ကြိုက်တဲ့သူဆိုတာ ရှိတယ်ဆိုတော့ ဘယ်လိုဘဲဖြစ်ဖြစ် ပရိသတ်တွေရဲ့ ဖီလင်လည်း နားလည်သွားတာပေါ့” လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။
အဲဒီပွဲမှာ ဝတ်မှုံရွှေရည်က သူကြိုက်နှစ်သက်တဲ့ Thor မင်းသား Chris Hemsworth နဲ့ Winter Soldier အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Sebastian Stan တို့နဲ့ တွေ့ဆုံခွင့်ရလို့ ပျော်ရွှင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
Hugo Boss ဆိုင်ဖွင့်ပွဲကို စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဝတ်မှုံရွှေရည်က မြန်မာနိုင်ငံက အနုပညာရှင်တယောက်အနေနဲ့ တက်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “နှစ်ပတ်အလို” အမည်ရတဲ့ ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး ဝတ်မှုံရွှေရည်က “ဒီကားက ကစ်ရိုက်နေကျ မဟုတ်တဲ့ ကာရိုက်တာမျိုး အနေနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းလည်း ထူးခြားတယ်။ ကစ်အနေနဲ့လည်း ထူးခြားတယ်ပေါ့။ အဲ့ကားနဲ့ ပရိသတ်တွေ အကယ်ဒမီ မှန်းနေတာ ကျေးဇူးတင်ပါတယ်။ အကယ်ဒမီက ပေးတာ၊ မပေးတာ၊ ရတာ မရတာနဲ့ ဆိုင်မှာပေါ့နော်။ ကံကြမ္မာနဲ့လည်း ဆိုင်မှာပေါ့နော်။ အကယ်ဒမီကို ရရ, မရရ ကစ်ကတော့ ကြိုးစားနေမှာပါ”လို့ပြောပါတယ်။
“နှစ်ပတ်အလို” ရုပ်ရှင်ကားကြီးမှာတော့ သရုပ်ဆောင် ပြေတီဦး၊ မင်းဦး၊ ကျော်ကျော်ဗိုလ်၊ ဝတ်မှုံရွှေရည်၊ အေးမြတ်သူတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဝတ်မှုံရွှေရည်က မေလ ၃၁ ရက်နေ့မှစကာ ပြင်ဦးလွင်မှာ သရုပ်ဆောင် မြင့်မြတ်နဲ့ ဇာတ်ကား ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
The post နိုင်ငံတကာ အနုပညာရှင်များနဲ့ တွေ့ခွင့်ရလို့ ပျော်နေတဲ့ ဝတ်မှုံရွှေရည် appeared first on ဧရာဝတီ.