အဆိုတော် Miley Cyrus ဟာ ၂၀၀၈ ခုနှစ်က Vanity Fair မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ အငြင်းပွားဖွယ် ဓါတ်ပုံအတွက် တောင်းပန်မှုကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
Disney စတားဟောင်းတဦး ဖြစ်တဲ့ Miley ဟာ အခုလိုမျိုး ဝတ်လစ်စ လစ်နီးပါးဖြစ်နေပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို အဖြူရောင် ပိတ်စနဲ့ သာ ဖုံးအုပ်ထားတဲ့ မဂ္ဂဇင်း မျက်နှာဖုံး ဓါတ်ပုံကြောင့် သူ့ရဲ့ “Hannah Montana” ပုံရိပ်ကို ထိခိုက်စေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အသက် ၁၅ နှစ်သာ ရှိသေးတဲ့ Miley ရဲ့ လူငယ်ပရိသတ်တွေက နာမည်ကျော် ဓါတ်ပုံဆရာ Annie Leibovitz ရိုက်ကူူးခဲ့တဲ့ ဓါတ်ပုံကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။
လူငယ်တွေကတော့ ဆယ်ကျော်သက်တဦးကို အမြတ်ထုတ်တဲ့ ဓါတ်ပုံတခုဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ အဲဒီအချိန် တုန်းကတော့ Miley က “ကျမ တော်တော်လေးရှက်တယ်လို့ ခံစားရပါတယ်၊ ဒီလိုမျိုး ဘယ်တော့မှ ဖြစ်မလာအောင် နေထိုင်ပါ့မယ်” လို့ တောင်းပန်ခဲ့ပါတယ်။ အခုတော့ ၁၀ နှစ်ကြာပြီးတဲ့နောက်မှာ “Malibu” သီချင်းအဆိုတော် Miley က သူ့ရဲ့ တောင်းပန်မှုကို ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ နယူးယောက်ပို့စ် သတင်းစာ မျက်နှာ ဖုံးမှာ “Miley ရဲ့ အရှက်” ဆိုတဲ့ စကားလုံးတွေပါဝင်တဲ့ ဓါတ်ပုံကို Twitter မှာ တင်ခဲ့ပါတယ်။ အဲဒီပုံထဲမှာတော့ “တီဗီထဲ က Hannah ကတော့ ဝတ်လစ်စလစ်နီးပါးဓါတ်ပုံအတွက် တောင်းပန်လိုက်ပါပြီ” လို့လည်း ဖော်ပြ ထားတာ ကိုတွေ့ရပါ တယ်။
Twitter မှာတင်ခဲ့တဲ့ အဲဒီပုံစာမှာတော့ “ကျမကတော့ တောင်းပန်မှာမဟုတ်ပါဘူး” လို့ ရေးသားခဲ့ပါတယ်။ အခုလိုမျိုး သူ့ရဲ့ ရေးသားချက်ဟာ Vanity Fair မဂ္ဂဇင်းနဲ့ ၂၀၀၈ ခုနှစ်မှာ လုပ်ခဲ့တဲ့ အင်တာဗျူး မှာ ပါဝင်ခဲ့တဲ့ ဖော်ပြချက်တွေကို ထပ်ဆောင်း ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက အခုလိုမျိုး အငြင်းပွားဖွယ် ဖြစ်ရတာကို စိုးရိမ်ကြောက်ရွံ့ပါသ လားလို့ မေးမြန်းခဲ့ရာမှာတော့ Miley က “ မကြောက်ပါဘူး၊ ကျမမှာ စောင်အကြီး တထည်အပေါ်မှာ အုပ်ထားတယ်လေ၊ ပြီးတော့ လှပတယ်၊ သဘာဝကျတယ်လို့ ကျမထင်တယ်၊ လုံးဝအနုပညာဆန်တယ်လို့လည်း ကျမထင်တယ်” လို့ ပြောဆို ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဓါတ်ပုံကြောင့် သူ့ရဲ့ ပုံရိပ်ကို ကာကွယ်ဖို့ ကြေညာချက်တခုကို Disney ကထုတ်ပြန်ခဲ့ရပါတယ်။
aceshowbiz
The post မဂ္ဂဇင်းတခုမှာ ဖော်ပြခဲ့ဖူးတဲ့ အဝတ်ဗလာဓါတ်ပုံအတွက် တောင်းပန်မှာမဟုတ်ဘူးလို့ အဆိုတော် Miley Cyrus ပြောကြား appeared first on ဧရာဝတီ.