Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချမ်းမြေ့ရဲ့ ကန္တာရထဲက အိုအေစစ် ကိုယ်ပိုင်သံစဉ် တေးစုကို ခံစားခြင်း

$
0
0

အဆိုရှင် ချမ်းမြေ့ ရဲ့ တေးအယ်လ်ဘမ်တခု ထွက်ရှိလာပါတယ်။ အားလုံးဟာ ကိုယ်ပိုင် သံစဉ် သီချင်းသစ်တွေပါ။ ကိုယ်ပိုင်သံစဉ် ထွက်ရှိမှု အားနည်းနေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မယ့် သီချင်းအယ်လ်ဘမ် တခုလို့ ဆိုနိုင်မယ် ထင်ပါတယ်။ ဒီ အယ်လ်ဘမ်မှာ ထူးခြားတာက ဆူညံပေါက်ကွဲနေတဲ့ သံစဉ်ဖွဲ့စည်းမှု သီချင်းပုံစံမျိုး မတွေ့ရဘဲ သိမ်မွေ့ညင်သာတဲ့ သံစဉ်ချိုချိုလေးတွေပါ။

သို့ပေမယ့် သီချင်းတိုင်းမှာ အတွေး၊ အဘိဓမ္မာနဲ့ ဘဝမျှော်လင့်ချက်တွေ ပါနေတာ တွေ့ရပါတယ်။ တနည်းအားဖြင့် သီချင်း တပုဒ်ချင်းစီဟာ ပြေပြေအေးအေးနဲ့ ကဗျာတပုဒ်ကို သံစဉ်ဖွဲ့ ရွတ်ဆိုတာကို နားတငြိမ့်ငြိမ့်နဲ့ သောတဆင်နေရ သလိုမျိုး ခံစားရပါတယ်။

ပူပင်ပူလောင် တွန်းထိုး ရုန်းကန် လှုပ်ရှား ပြေးလွှားနေရတဲ့ ယနေ့ခေတ် လူအဖွဲ့အစည်းထဲမှာ အေးအေးလူလူ ငြိမ့်ညောင်းသာယာ ခံစားရစေတဲ့ ကန္တာရထဲက အိုအေစစ်လို သီချင်းတွေ ဖြစ်နေတာက ဒီအယ်လ်ဘမ်ရဲ့ ထူးခြားချက်ပါ။ အဆိုရှင် ချမ်းမြေ့ရဲ့ စေတနာလို့လည်း ဆိုနိုင်ပါတယ်။

ပထမဆုံး စဖွင့်ဖွင့်ချင်း နားထောင်ရတာက “ငြိမ်းချမ်းသော ကမ္ဘာမြေ” သီချင်းပါ။ ဒီလိုခေါင်းစဉ်မျိုးနဲ့ ဆင်နေ တူနေတဲ့ တခြား သီချင်းတွေ ရှိနေပေမယ့် တေးရေးဆရာ “အယ်ရန်း” က လောက အမြင်၊ ဘ၀ အမြင်ကို ရိုးရှင်းတဲ့ အဖွဲ့နဲ့ ရေးဖွဲ့ထားတာ တွေ့ရပါတယ်။ အဆိုရှင် “ချမ်းမြေ့” ရဲ့ ချိုလွင်တဲ့ အသံကလည်း ကြားရသူရင်ကို ထိခတ်စေနိုင်တဲ့ သီချင်းကောင်း တပုဒ်ပါ။

ဒီ “ငြိမ်းချမ်းသော ကမ္ဘာမြေ” သီချင်းက ချမ်းမြေ့ကို အဆိုရှင် တဦး အဖြစ် စတင် အသိအမှတ်ပြုရမယ့် သီချင်းတပုဒ်လို့ ဆိုချင်ပါတယ်။ Stretch နဲ့ Pitch ကို နိုင်နိုင်နင်း၊ ခံစားမှု အားကောင်းကောင်းနဲ့ ဆိုနိုင်တာက နားထောင်ရသူကို တစုံတခု ပေးစွမ်း ခံစားရစေတာ တွေ့ရပါတယ်။ စာသားတချို့ကို လေ့လာကြည့်ရအောင်ပါ။

V1: ငွေကြယ်တွေ မိုးသားထက် ဆေးခြယ်ရင်း

ကမ္ဘာမြေဟာ လှပစွာ စိမ်းလန်းရာ အေးချမ်းတဲ့ ညမှာ

တိတ်ဆိတ်ငြိမ်းချမ်းစွာ ကမ္ဘာမြေဟာ အိပ်စက်နေပြီလား….

V2: တိမ်ရောင်စုံ လှပတဲ့ ညနေခင်း ကမ္ဘာမြေဟာ

မောပန်းသူနားဖို့ရာ အိပ်စက်ဖဲမွေ့ရာ နူးညံ့လွန်းတဲ့ ကဗျာ

လေပြေတွေ ပြေးဆော့ခဲ့ တိမ်တွေကြား…

Chorus : အာရုဏ်အလင်းကို စောင့်ကြိုရင်း ရင်ခုန်နေ မနက်ခင်းလေး

ဝေဟင်ထက်က အလင်းရောင်များ အဖြူရောင် ရိုးသားခြင်း လက်ဆောင်

အာရုဏ်အလင်းကို စောင့်မျှော်ရင်း ရင်ခုန်နေ မနက်ခင်းလေး

ဝေဟင်ထက်က အလင်းရောင်များ အဖြူရောင် ရိုးသားခြင်း လက်ဆောင်

ဘဝရဲ့ လှေငယ်ထဲက ခရီးသွား အဖော်တွေပါ…

V3: လူဆိုတာ အားလုံး ဘဝတူပဲ

ဖြူစင်စွာ နှလုံးသားတွေ နီးဖို့ရာ အေးချမ်းတဲ့ မေတ္တာ…ငြိမ်းချမ်းတဲ့ တရားသံ

ယုံကြည်စွာ အားသစ်တို့ ခံယူဦး…..

V4: တိမ်ရောင်စုံ လှပတဲ့ ညနေခင်း … ကမ္ဘာမြေဟာ မောပန်းသူ နားဖို့နေရာ

အိပ်စက်ဖဲမွေ့ရာ နူးညံ့တဲ့ ကဗျာလေပြေ .. ပြေးဆွဲခဲ့ တိမ်တွေကြား…….

 

အဆိုရှင် ချမ်းမြေ့ရဲ့ “ဒုက္ခ” လို့ အမည်ပေးထားတဲ့ ဒီ အယ်လ်ဘမ်မှာ “ငြိမ်းချမ်းသော ကမ္ဘာမြေ (တေးရေး- အယ်ရန်း)၊ မြင်ရတယ် (တေးရေး- အယ်နောင်း)၊ ဒုက္ခ (တေးရေး- အောင်ကိုမြင့်)၊ အဆုံးမဲ့ (တေးရေး- စည်သူ)၊ သူပျော်ဖို့ (တေးရေး- အောင်ကိုမြင့်)၊ ဘယ်တော့မှ (ချမ်းချမ်းနဲ့ စုံတွဲ) (တေးရေး- အောင်ကို)၊ သီးသန့်နန်းတော် (စည်သူ)၊ ဒါဘဝပဲ (အောင်ကိုမြင့်)၊ နွေးဦး (တေးရေး- အယ်ရန်း)၊ နေပါဦး (တေးရေး- စည်သူ)၊ ဘယ်လောက်ဝေးဝေး (တေးရေး- အောင်ကိုမြင့်)၊ တမ်းတဖော် (တေးရေး- အောင်ကိုမြင့်)၊ လက်တွေတွဲလိုက် (တေးရေး- အိုက်ပီး)” စတဲ့ သီချင်း ၁၃ ပုဒ် ပါဝင်ပါတယ်။

သီချင်းတွေ အားလုံးဟာ အထက်မှာ ပြောခဲ့သလို ငြိမ့်ညောင်းအေးချမ်းတဲ့ သီချင်းတွေပါ။ အဆိုတော် ချမ်းချမ်းနဲ့ စုံတွဲ သီဆိုထားတဲ့ “ဘယ်တော့မှ…” ဆိုတဲ့ သီချင်းမှာလည်း သီဆိုသူ ချမ်းချမ်းနဲ့ ချမ်းမြေ့တို့ဟာ သူတို့ရဲ့ သဘာနဲ့ ပညာကို ပြဖို့ထက် သီချင်းလေး စီးမျောရာ အတိုင်း ညီညွတ်မျှတစွာ လိုက်ပါ သီဆိုသွားကြတာကို နားဆင်ရပါတယ်။ ဒါဟာ သူတို့ရဲ့ အနုပညာချစ်စိတ်နဲ့ အနုပညာပေါင်းစည်းမှု ဖြစ်တယ် လို့ ဆိုချင်ပါတယ်။

“ဒုက္ခ” ဆိုတဲ့ ခေါင်းစည်း သီချင်းကတော့ အဆိုရှင် ချမ်းမြေ့ ရဲ့ မှတ်တိုင်တခုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း အဆိုရှင် ချမ်းမြေ့က အသေအချာ ရွေးချယ်တာ ဖြစ်မယ် ထင်ပါတယ်။ လူ့လောကမှာ တွေ့ကြုံနေရတာတွေဟာ ဒုက္ခ ဖြစ်နေပြီး အဲဒီ ဒုက္ခကို ယဉ်ပါး ကျော်လွန် ဖြတ်သန်းကာ ဘဝကို တိုးတက်အောင်မြင်အောင် ဖြတ်သန်းနိုင်မှာ ဖြစ်တဲ့ အကြောင်းကို အဆိုရှင် ချမ်းမြေ့က တီးတိုးညင်သာ ပြောပြသွားတဲ့ ဓမ္မနွယ်တဲ့ သီချင်းကောင်း တပုဒ် ဖြစ်ပါတယ်။

ချမ်းမြေ့ရဲ့ အယ်လ်ဘမ်ကို တခုလုံးကို သုံးသပ်ရရင် Crash Tone တွေ အနည်းအကျဉ်းသာ သုံးပြီး သီဆိုသွားတာ တွေ့ရပါတယ်။ နောက်ပြီး Composition Scale မှာလည်း Pentatonic, Chromatic, Melodic Minor Scale, 7b Scale သို့မဟုတ် Blues Scale စသဖြင့် စုံလင်စွာ မတွေ့ရဘဲ Natural Scale အနေနဲ့ ရေးဖွဲ့တဲ့ သီချင်းတွေ အများစု ပါဝင်နေတာ တွေ့ရပါတယ်။ သီချင်းဖွဲ့ဆိုတဲ့ စကေးစုံလင် တွေ့ရတာက ထူးအိမ်သင်နဲ့ စီယံတို့ရဲ့ သီချင်းတွေမှာပါ။

အဆိုရှင် ချမ်းမြေ့ အနေနဲ့ IT သမား တဦး ဖြစ်တာကြောင့် နိုင်ငံတကာက ဂီတလောကနဲ့ ထိစပ်နီးကပ်သူပါ။ ကော်ပီသီချင်း သီဆိုဖို့ အခွင့်အလမ်းလည်း များစွာ ရှိနေပါတယ်။

ဒါပေမယ့် ဘာကြောင့် ကိုယ်ပိုင်သံစဉ်ကို ရွေးချယ် သီဆိုဖြစ်တာလဲ လို့ မေးကြည့်တော့ – “ကျနော်က ကော်ပီကို မယုံကြည်လို့ မဟုတ်ပါဘူး။ အနုပညာလို့ ယုံကြည်ပါတယ်။ ဒါပေမယ့် သူတပါးဆီက အသွေးအသားကို ကိုယ့်ခံစားမှုနဲ့ ပေါင်းစည်းယူတာလို့ ကျနော် မြင်တယ်လေ။ ကိုယ်ပိုင်သံစဉ် ကျတော့ ကိုယ့်အသွေးအသား ကိုယ့်ခံစားမှု၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ယုံကြည်မှုတွေနဲ့ ပေါင်းစည်း ဖန်တီးယူတာလို့ ကျနော် ယူဆပါတယ်။ ဒါကြောင့် ကိုယ်ပိုင်သံစဉ်ကို ရွေးချယ် သီဆိုဖြစ်တာပါ” လို့ ပြောပါတယ်။

တကယ်တော့ ဘယ်အနုညာမျိုးမဆို ကိုယ်ယုံကြည်ရာကို ယုံကြည်တဲ့ အတိုင်း၊ ကိုယ့်ဖန်တီးမှု အပေါ် ကိုယ့်ကျေနပ်မှု အတိုင်း ရိုးသားစိတ်နဲ့ စေတနာထား ဖန်တီးယူဖို့ အရေးကြီးပါတယ်။ တခြားသူတွေ ကြိုက်အောင်၊ နှစ်သက်လာအောင် ဖန်တီးယူတာမျိုးက သန့်စင်တဲ့ အနုပညာ မဖြစ်နိုင်ပါ။

ဘာပဲ ဖြစ်ဖြစ် အဆိုရှင် ချမ်းမြေ့ကတော့ သူယုံကြည်ရာကို ဆုပ်ကိုင်ပြီး မွန်းကြပ်ပူလောင် လှုပ်ရှား ပြေးလွှားနေရတဲ့ ယနေ့ခေတ် လူအဖွဲ့အစည်းထဲကို အေးအေးလူလူ ငြိမ့်ညောင်းသာယာ ခံစားရစေတဲ့ ကန္တာရထဲက အိုအေစစ်လို သီချင်းတွေနဲ့ ဖြေသိမ့်ပေးအပ်နေပါပြီ။ ဒီလို ပေးအပ်ဖို့ ကြိုးစားတာကိုက အဆိုရှင် ချမ်းမြေ့ရဲ့ စေတနာ၊ တေးရေးဆရာများနဲ့ တီးခတ်ပေးတဲ့ Runner အဖွဲ့တို့ရဲ့ မေတ္တာ လို့လည်း ဆိုနိုင်ပါတယ်။

The post ချမ်းမြေ့ရဲ့ ကန္တာရထဲက အိုအေစစ် ကိုယ်ပိုင်သံစဉ် တေးစုကို ခံစားခြင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ