အင်တာနက်မှတဆင့် ရုပ်ရှင်များ တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ iflix မှာ နာမည်ကျော် အဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများကို တနေရာတည်းမှာ တစုတစည်းတည်း ကြည့်ရှုနိုင်မယ့် Sai Sai Collection (စိုင်းစိုင်းခမ်းလှိုင် သီးသန့်ကဏ္ဍ) ကို စတင်မိတ်ဆက်လိုက်ပါတယ်။
အဆိုပါ Sai Sai Collection ကဏ္ဍမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ယခင်ကတည်းက စတင် သရုပ်ဆောင်ခဲ့ဖူးသော ဇာတ်ကားဟောင်းများနဲ့ ယခုလတ်တလော ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်များကို တနေရာတည်းမှာ ကဏ္ဍတခုအနေနဲ့ တစုတစည်းတည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
“iflix ဝက်ဘ်ဆိုက်နဲ့ Application မှာ ကြည့်ရှုနိုင်မယ့် စိုင်းစိုင်း ဇာတ်ကားများကတော့ တချိန်က နာမည်ကြီး ဇာတ်ကားများဖြစ်ခဲ့တဲ့ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ “ကာလာစုံ Lesson”၊ “ဧဒင်ရဲ့နတ်သမီး”၊ “Bangkok to Mandalay”၊ “ဆယ့်နှစ်ကြိုး ကဝေ”၊ “စိုင်းစိုင်းကို ချစ်တယ်” စတဲ့ ဇာတ်ကားများနဲ့ ဇာတ်ကားပေါင်း ၃၀ ကျော်ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်” လို့ iflix Myanmar ရဲ့ Country Manager, Ms.Adeana Greenlee က ပြောပါတယ်။
ဆက်လက်ပြီး သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က “ကျနော့်ရဲ့ ငယ်ငယ်လေးကတည်းက ကျနော် ရိုက်ထားတဲ့ ဗီဒီယိုဇာတ်ကားတွေကို အခု များသောအားဖြင့်က TV Channel တွေမှာ၊ တခြား Channel လိုင်းတွေမှာ ရှိနေတာ အခုချိန်ထိ မရှိသေးပါဘူး။ iflix က ကျနော့်ရဲ့ ဇာတ်ကားအများစု ရုပ်ရှင်ကား ၄ ကား အပါအဝင်၊ ဗီဒီယိုကား ၃၀ ပါမယ့် Sai Sai Channel ကို iflix မှာ ကျနော့် ပရိသတ်များ တစုတစည်းတည်း ကြည့်ရမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ဇာတ်ကား ရွေးချယ်မှုပိုင်းနဲ့ ပတ်သက်လို့ “ကျနော်တို့ ဒီဇာတ်ကား ၃၀ ကို ဘယ်ကားတွေ ရွေးမလဲဆိုတော့ ကျနော့်အနေနဲ့ ဟိုးငယ်ငယ်လေးကတည်းက စရိုက်တဲ့ ဇာတ်ကားတွေ၊ ပြီးတော့ အခုချိန်ထိ ပရိတ်သတ်တွေ ကြည့်ခဲ့တဲ့ ဇာတ်ကားတွေ ကျနော့်ကို ပြောပါ၊ အကြံပေးပါ။ ကျနော်ကလည်း ကျနော် ကြည့်စေချင်တဲ့ ဇာတ်ကားတွေကို ရွေးချယ်ပါမယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။
iflix မှာ လက်ရှိ ပြသနေတဲ့ ပြည်တွင်း ရုပ်ရှင်များနဲ့ ဗီဒီယိုဇာတ်ကားများ၊ တီဗွီဇာတ်လမ်းတွဲများအနေနဲ့ “အချစ်စစ်” ၊ “Bangkok to Mandalay”၊ “ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲ၊ “ရွှေမိုးငွေမိုး သွန်းဖြိုးလို့ရွာ” ဇာတ်ကား၊ လက်ရှိ ခေတ်စားနေတဲ့ “The Fash” နိုင်ငံခြား Super Hero ရုပ်သံဇာတ်လမ်းတွဲများနဲ့ စိုင်းစိုင်းရဲ့ Sai Sai Collection ကဏ္ဍမှ သူသရုပ်ဆောင်ထားတဲ့ ဇာတ်ကားများ ပြသနေပြီ ဖြစ်ပါတယ်။
“တချို့ငယ်ငယ်တုန်းက ရိုက်ထားတဲ့ ကားတွေဆိုရင် ကျနော့်ရဲ့ အိုက်တင်တို့ ဘာတို့လည်း Mature မဖြစ်သေးတာ ရှိတယ်။ အဲဒီတုန်းကဆိုရင်လည်း ဗီဒီယို ကင်မရာတို့ ကွာလတီ မကောင်းတာလည်း ရှိမယ်။ ဒါပေမယ့်လည်း အမှတ်တရ အနေနဲ့ တချို့ကားဟောင်းတွေ ပြန်ပြီးတော့ တင်ပါမယ်။ အထူးသဖြင့် ကျနော် ပရိသတ်ကို အမြဲတမ်း ကြည့်စေချင်တဲ့ “လိပ်ပြာဝှက်တမ်း” တို့လိုမျိုး၊ “ဆယ့်နှစ်ကြိုး ကဝေ” တို့လိုမျိုး၊ “အိပ်မက်စေညွှန်းရာ” အဲဒီလို ဇာတ်ကားလေးတွေ တင်မှာဖြစ်ပါတယ်။ ကျနော့် ရုပ်ရှင်ဇာတ်ကားတွေကို iflix တနေရာတည်းမှာပဲ ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံများမှ နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ အသုံးပြုသူပေါင်းဦးရေ ၁ သန်းကျော် ရှိနေပြီဖြစ်တဲ့ iflix ဟာ ဟောလိဝုဒ်၊ ဘောလိဝုဒ် ဇာတ်ကားများ၊ ကိုရီးယား၊ ထိုင်း၊ တရုတ်၊ ဂျပန် စတဲ့ အာရှဇာတ်ကားများ၊ မြန်မာပြည်တွင်းမှ နာမည်ကြီး ရုပ်ရှင်များ၊ TV ဇာတ်လမ်းတွဲများကို တနေရာတည်းမှာ တစုတစည်းတည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
iflix ဝန်ဆောင်မှုကို လစဉ်ကြေး ပေးသွင်းကာ အင်တာနက်မှတဆင့် တိုက်ရိုက် သို့မဟုတ် ဒေါင်းလော့ဆွဲကာ ဖုန်း၊ Laptop, Tablet နဲ့ TV အပါအဝင် Device ၅ မျိုးနဲ့ ကြည့်ရှုနိုင်ပြီး လက်ရှိမှာ iflix ကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မော်လ်ဒိုက်ဗ်၊ ကူဝိတ်၊ ဘာရိန်း၊ ဆော်ဒီ အာရေးဗီးယား၊ ဂျော်ဒန်၊ အီရတ်၊ လက်ဘနွန်၊ အီဂျစ်၊ဆူဒန်၊ နိုက်ဂျီးရီးယား၊ ကင်ညာ၊ ဂန်နာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှာ အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။
The post iflix မှာ စိုင်းစိုင်း ဇာတ်ကားများ ကြည့်ရှုနိုင်မယ့် Sai Sai Collection ကဏ္ဍအသစ် appeared first on ဧရာဝတီ.