Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုခံစားရမယ့် “ည” ရုပ်ရှင်

$
0
0

ရုံတင်မပြခင် ကတည်းက ဖေ့စ်ဘွတ်မှာ လူငယ်ပရိသတ်အများအပြား စိတ်ဝင်စားနေကြတဲ့ “ည” ရုပ်ရှင်ဇာတ်ကားကို ယနေ့၊ ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံး ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

“ည” ရုပ်ရှင်ဇာတ်ကားကို “Good Old Days” ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်များအနေနဲ့ ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ Russell၊ ငြိမ်းသော်၊ နက်ရှိုင်းကို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင်၊ နန်းခေးမို၊ မြတ်နိုးအေးတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

“ည” ရုပ်ရှင်ဇာတ်ကားကြီး “Red Carpet Show” ကို ဇူလိုင်လ ၂၇ ရက်နေ့၊ ညနေ ၆ နာရီခွဲ၊ ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Red Carpet Show ကို ဖိတ်ကြားထားတဲ့ ဧည့်သည်များ၊ အနုပညာရှင်များနဲ့ ပရိသတ်များ အများအပြား တက်ရောက်ခဲ့ကြပါတယ်။

“ည” ရုပ်ရှင်ကားရဲ့ ထူးခြားချက်က မျက်နှာသစ်လူငယ် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားပြီး လူငယ် ဒါရိုက်တာ ကိုယ်တိုင် ဇာတ်လမ်းရေးကာ ရိုက်ကူးဖန်တီးထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ပုံမှန် မြင်တွေ့နေကျ မြန်မာရုပ်ရှင်ကားတွေထဲကနေ ခွဲထွက်ပြီး မတူညီတဲ့ပုံစံနဲ့ ရိုက်ကူးထားတဲ့ “ည” ရုပ်ရှင်ကားက စလယ်ဆုံး ကြည့်ရှုသူပရိသတ်ကို မပျင်းရအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဇာတ်လမ်းမှာ ရိုက်ပြထားတဲ့ ကင်မရာ အယူအဆ၊ အလင်းအမှောင် ကင်မရာရှုထောင့်နဲ့ ရိုက်ကူးချက် တွေက သာမန်မြန်မာ ရုပ်ရှင်ကားတွေနဲ့ မတူဘဲ လုံးဝကွဲထွက်နေပြီး ရုပ်သံအရည်အသွေး၊ ရိုက်ကူး တင်ဆင်မှု အပိုင်းတွေက ထူးခြားကောင်းမွန်တာ တွေ့ရပါတယ်။ ဇာတ်လမ်း၊ ဇာတ်ဝင်ခန်းတခန်းနဲ့ တခန်းကိုလည်း ခန့်မှန်းရ ခက်အောင် Twist တွေသုံးပြီး ရိုက်ပြထားတာ တွေ့ရပါတယ်။

ဇာတ်လမ်းအမျိုးအစားက Psychological Thriller Drama အမျိုးအစားပါ။ စိတ်လှုပ်ရှားစရာ အပြည့်နဲ့ တခန်းပြီးတခန်း ဘာဆက်ဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်း အခန်းတိုင်းကို သေချာ မလွတ်တမ်းကြည့်မှ ဆက်စပ်မှုရှိမှာပါ။

ဇာတ်လမ်းအစကို လူငယ်သဘာ၀ စနောက်တတ်တဲ့ လူငယ်တွေရဲ့ ညတညနဲ့ စတင်ထားပါတယ်။ အဲဒီညမှာပဲ စနောက်ရာကနေ ထင်မထားတဲ့ အဖြစ်အပျက်တခု ဖြစ်လာပြီး အဲဒီအဖြစ်ပျက်က တကယ်ဖြစ်လာတာလား၊ ဒါမှမဟုတ် စနောက်နေတာလား ဆိုတာ ပရိသတ် ခန့်မှန်းရခက်အောင် Twist သုံးပြီး ရိုက်ပြထားတာ တွေ့ရပါတယ်။

ညတညမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေရဲ့ ဇာတ်လမ်းအစကရော ဘယ်လိုဖြစ်မလဲ။

“ည” ရုပ်ရှင်ဇာတ်ကား Red Carpet Show
သီဟတိုး/ ဧရာဝတီ

ကောင်လေး တယောက်ကို တဖက်သတ်ချစ်နေတဲ့ ကောင်မလေးတယောက်ရဲ့ အချစ်ကို April Fool အဖြစ် သူငယ်ချင်းတွေဝိုင်း စနောက်ရာကနေ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်ကနေ ရန်ငြိုးထားမှု၊ ကလဲ့စားချေမှု၊ မိုက်ရှုးရဲဆန်ဆန် ပြုလုပ်မှုစတဲ့ အကြောင်းအရာတွေ ဖြစ်လာခဲ့ပါတယ်။

သူငယ်ချင်းတွေကြားမှာ စနောက်ရင်း မထင်မှတ်ဘဲ ကျူးလွန်မိသွားတဲ့ လူသေမှုကနေ အမှုဖြစ်မှာ စိုးလို့ အဲဒီအကြောင်းအရာကို ဖုံးကွယ်ဖို့ ကြိုးစားရင်း အလွဲလွဲအချော်ချော်ဖြစ်ကြတဲ့အကြောင်းကို လူငယ်တွေနဲ့ သဘာဝကျကျ စိတ်လှုပ်ရှားအောင်၊ သရုပ်ဆောင်တွေနဲ့အတူ လိုက်ပါစီးမျော ခံစား နိုင်အောင် ရိုက်ပြထားတာ တွေ့ရပါတယ်။

“ည” ရုပ်ရှင်ဇာတ်ကား Red Carpet Show
သီဟတိုး/ ဧရာဝတီ

ဇာတ်လမ်း အဆုံးသတ်က ဘာဖြစ်မလဲ၊ တခန်းပြီးသွားရင် ဘာဆက်ဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ် စိတ်လှုပ်ရှားဖွယ် ကြည့်ရတဲ့ ဇာတ်ကားတကားပါ။ ဇာတ်လမ်း တခုလုံးကို ခြုံပြောရရင် စလယ်ဆုံး ဆွဲဆောင်မှု အပြည့်ရှိပြီး လူငယ်မျက်နှာသစ် သရုပ်ဆောင်တွေရဲ့ ကြိုးပမ်း အားထုတ်မှုကိုလည်း မြင်တွေ့ရပါတယ်။

သရုပ်ဆောင်အသစ်တွေဖြစ်လို့ စကားပြောခန်းအချို့မှာ သက်သောင့်သက်သာ မဖြစ်တာကလွဲရင် ကျန်တာအကုန် အဆင်ပြေပါတယ်။ သရုပ်ဆောင်တွေဟာ လာရောက် လျှောက်ထားသူ အယောက် ၃၀၀ ကျော်ထဲက ၁၀ ဦး ရွေးချယ်ခဲ့ပြီး တနှစ်ကျော် အချိန်ယူ ပြင်ဆင်ကာ သေချာလေ့ကျင့် ရိုက်ကူး ထားတဲ့ သရုပ်ဆောင်တွေလို့ သိရပါတယ်။

ဒါကြောင့်မို့လို့ လူငယ်တွေ ကြိုးပမ်းရိုက်ကူးထားပြီး ထူးခြားတဲ့ ခံစားမှု၊ ရသအသစ်ပေးမယ့် “ည” ရုပ်ရှင်ကားကြီးကို သွားရောက် ခံစားကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။ “ည” ရုပ်ရှင်ကားကြီးကို ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ သမ္မတ၊ သွင်၊ မင်္ဂလာ ရုပ်ရှင်ရုံများနဲ့ တနိုင်ငံလုံး ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ။

The post စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုခံစားရမယ့် “ည” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ