၂၀၁၀ ခုနှစ်လောက်မှာ Youtube မှတဆင့် Waiting Outside the Lines ဆိုတဲ့ တေးသီချင်းနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေကြား ရေပန်းစားခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် အမေရိကန်အဆိုတော် ဂရေဆန်ချန့်စ် (Greyson Chance) က ယခုဆိုရင် အသက် ၁၉ နှစ်ရှိပြီဖြစ်ပါတယ်။
ဂရေဆန်ဟာပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ တရားဝင် အင်စတာဂရမ်မှတဆင့် လိင်တူချစ်သူများရဲ့သင်္ကေတတခုဖြစ်တဲ့ သက်တန့်အလံကို တင်ခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သူဟာ အသက် ၁၆ နှစ်မှာ ကိုယ့်ကိုယ်ကို လိင်တူချစ်သူဖြစ်ကြောင်း သတိပြုမိခဲ့ကြောင်း၊ ယောင်္ကျားမိန်းမခွဲခြားမှု အမြင်ဟာ အရမ်းကြီးမားလှတဲ့ ကိစ္စမဟုတ်ကြောင်း၊ သူဟာ စာအုပ်တွေ နိုင်ငံရေးတွေ ဂီတတွေကို စိတ်ဝင်စားတဲ့ လူတယောက်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဆက်လက်ပြီး သူက “ကျနော် အခုလို ပြောတဲ့ သတင်းစကားက နောက်ကျကောင်း နောက်ကျနေပေမယ့် ကျနော် အားလုံးကို အားပေးနေပါတယ်။ ဖိုစိတ် မစိတ်နဲ့ ပတ်သက်ပြီး ကိုယ်တကယ် ဖြစ်နေတာကို ကိုယ်တိုင်က လက်ခံနိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့နဲ့ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုး တွယ်တာဖို့ ရှာဖွေနေတဲ့ သူတွေကိုပေါ့” လို့ ဆိုပါတယ်။
ဂရေဆန်က အခုလိုအင်စတာဂရမ်မှာ ဖော်ပြဖို့အတွက် အချိန်ယူခဲ့ရပြီး ဒါဟာ ပရိသတ်တွေကိုအသိပေးချင်လို့ ဖော်ပြခဲ့တာဖြစ်ကြောင်း၊ ဒီအပေါ် ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူကြောင်း ပြောဆိုထားပါတယ်။
ဂရေဆန်ဟာ မေလမှာ EP နဲ့ Somewhere Over My Head ဆိုတဲ့ တကိုယ်တော်တေးသီချင်းနှစ်ပုဒ်ထွက်ရှိခဲ့ပြီး ဇွန်လမှာ Seasons ဆိုတဲ့ တေးသီချင်းလည်း ထွက်ရှိခဲ့ပါတယ်။
Ref: dailymail
သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
The post လိင်တူချစ်သူပါလို့ ဝန်ခံလိုက်တဲ့ ဂရေဆန်ချန့်စ် appeared first on ဧရာဝတီ.