
သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်းနဲ့ဇနီးဖြစ်သူ အကယ်ဒမီ ထက်ထက်မိုးဦး (ဓာတ်ပုံ – စိုင်းလွှမ်း facebook)
တနေ့တမျိုး မရိုးရအောင် ထွက်နေတဲ့ အနုပညာရှင်တွေရဲ့ကောလာဟလတွေ၊ အနုပညာရှင်တွေရဲ့အတင်း၊ သတင်း တွေကို လူမှုကွန်ယက် စာမျက်နှာတခုဖြစ်တဲ့ Facebook မှာ အများဆုံးတွေ့ရှိ၊ ရှာဖွေနိုင်ပါတယ်လို့ ကြော်ငြာဝင်ရမလို ဖြစ်နေပါပြီ။ ဒီလို ကောလာဟလတွေထဲကမှ မကြာသေးမီကပဲ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း(ခေါ်) ဇူးမြတ်ထက် တို့ရဲ့ အိမ်ထောင်ရေး အခြေအနေ ကောလာဟလသတင်းများဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပလူပျံလို့နေခဲ့တာပါ။
အဲ့ဒီကောလာဟလကတော့ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေ သိပ်မကောင်းတော့ဘူးဆိုတာပါပဲ။ ဒီကောလဟလ သတင်းဟာအနုပညာရှင်တွေရဲ့ သတင်းတွေ အတင်းတွေကို ပေါ်ပေါ်တင်တင် ရေးသားလေ့ရှိတဲ့ ၀က်ဆိုဒ်ပေ့ခ်ျတခုမှ သြဂုတ်လ ၁၁ ရက်နေ့က စတင်ထွက်ပေါ် လာတာဖြစ်ပါတယ်။
ဆိုတော့ ဒီကောလာဟလအပေါ်သူတို့ရဲ့ပရိသတ်တွေအနေနဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်နေခဲ့ပါတယ်။ အနုပညာရှင်နဲ့ ကောလာဟလ ဆိုတာ မစိမ်းဘူးဆိုပေမယ့် နာမည်ကြီး အနုပညာရှင် စုံတွဲတတွဲရဲ့ အိမ်ထောင်ရေးကိစ္စ ဖြစ်နေ လေတော့ ပရိသတ်များရဲ့ စိုးရိမ်ပူပန်မှုတွေကလည်း ရှိနေခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း(ခေါ်) ဇူးမြတ်ထက်ကို မေးမြန်းကြည့်တဲ့အခါ “အဲ့အပေါ် ကျနော် မြင်တာတော့ အဲ့ဒီ page တွေအနေနဲ့ ဒီလိုမှ လုပ်မစားရင် ထမင်းမစားရတော့ဘူးလေ၊။ အနုပညာရှင်တွေရဲ့ သတင်းတွေကို အတင်းတွေအဖြစ် မရေးရင် သူတို့ငတ်သေကြမှာလေ။ ကျနော်တို့ ကုသိုလ်ရတာပေါ့။ အဲ့တော့ ကျနော်အနေနဲ့ကတော့ လုပ်ပါစေပေါ့” လို့ ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း၊ဇနီးဖြစ်သူ အကယ်ဒမီ ထက်ထက်မိုးဦး နဲ့ သမီးဖြစ်သူ စစ်လွန်းဝတီထက် (ဓာတ်ပုံ – စိုင်းလွှမ်း facebook)
ဒါ့အပြင် သူ့အနေနဲ့ ကောလာဟလတွေကို အဲ့ဒီလို ဖြေရှင်းလိုက်ရင် ရေးတဲ့သူတွေအတွက် သတင်းထပ်ရသလိုဖြစ်ပြီး ထပ်ရေးနေကြမှာမို့ ထပ်ဖြေရှင်းတော့မှာမဟုတ်ကြောင်း သူက ဆက်ပြောပါတယ်။
ဆက်လက်ပြီး ဒီကိစ္စတွေအတွက် တရားစွဲဖို့တော့မရှိကြောင်းနဲ့ ဒီ့ထက်ပိုမိုဆိုးဝါးလာပါက သည်းခံနေမှာမဟုတ်ဘဲ ဖြေရှင်း သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်းဟာ လက်ရှိမှာတော့ ဒါရိုက်တာ နေသူရိန် ရိုက်ကူးထားတဲ့ “ကျွန်တော်တို့သည် မိန်းမများဖြစ်၍၊ ကျွန်မတို့သည် ယောက်ျားများဖြစ်ကြသည်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပြီး၊ မကြာခင်မှာလည်း ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် “ဒိုင်နိုဆော” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။
သူ့ရဲ့ဇနီးဖြစ်သူ သရုပ်ဆောင်အဆိုတော် ထက်ထက်မိုးဦးနဲ့ပတ်သက်လို့ “မထက်ကတော့ အစစအရာရာ ကျနော့ အနုပညာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြောပေးပါတယ်။ အကျီအဝတ်အစားက အစ၊ ဘယ်လို ဇာတ်ရုပ်မျိုးနဲ့ လိုက်ဖက်တယ်ဆိုပြီး အကြံပေးမှုတွေရောပေါ့နော်။ ပြီးရင် အကြံပေးချက်တွေကို ပြန်စဉ်းစားပြီး ကျနော် ဆုံးဖြတ် ပါတယ်” လို့ အနုပညာလုပ်ငန်းတွေအတွက် တိုင်ပင်ဖြစ်ပုံအကြောင်း ပြောပါတယ်။
ထက်ထက်မိုးဦးအနေနဲ့ ကျန်မာရေးပြဿနာ အနည်းငယ်ကလွဲပြီး ကြီးကြီးမားမားစိုးရိမ်စရာမရှိကြောင်း၊ မိသားစု အားလုံး စုံညီပြီး ရိုက်ကူးမယ့် ဇာတ်ကားမျိုးတော့ ရိုက်ဖြစ်မှာမဟုတ်ကြောင်း၊ စိုင်းလွှမ်းကို အားပေးနေတဲ့ ပရိသတ်များအတွက် အမြဲကြိုးစားနေကြောင်း ပြောပြခဲ့ပါတယ်။
သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း ဟာ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ ၂၀၀၉ ခုနှစ်လောက်က လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်လောက်မှာတော့ “တဖက်သတ်” ဆိုတဲ့ တကိုယ်တော်တေးစီးရီး ထွက်ရှိခဲ့ပါတယ်။
The post သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ အိမ်ထောင်ရေးကောလာဟလ ခင်ပွန်းဖြစ်သူက ဖြေရှင်း appeared first on ဧရာဝတီ.