
သရုပ်ဆောင် သင်ဇာဝင့်ကျော် (ဓာတ်ပုံများ – သင်ဇာဝင့်ကျော် facebook)
ပြီးခဲ့တဲ့ တပတ်ကျော်က ယာဉ်မတော်တဆထိခိုက်မှုကြောင့် လက်သန်းကျိုးသွားတဲ့အတွက် ဆေးရုံတက် ကုသလိုက်ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ လက်ရှိအခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ဆေးရုံမှ နေအိမ်သို့ ရောက်ရှိနေပြီလို့ သူ့ မိခင်က ဧရာဝတီကို ပြောပါတယ်။
“သမီးက ဆေးရုံ တရက်ပဲ တက်လိုက်ရတာပါ။ အခုသက်သာနေပါပြီ။ ဖြစ်ဖြစ်ချင်းတော့ သမီးရဲ့လက်ချောင်းလေးက ကျိုးသွားတယ်။ အဲဒါကို မေ့ဆေးပေးပြီး ပြန်ဆက်ရတယ်။ ဘယ်ဘက်လက်သန်းလေး ကျိုးသွားတာပါ။ ဒူး နည်းနည်း ပွန်းသွားတယ်။ တံတောင်နည်းနည်းပွန်းတယ်။ ကျန်တာတော့ ကြီးကြီးမားမား မဖြစ်ပါဘူး” လို့ သင်ဇာဝင့်ကျော်ရဲ့ မိခင်ဖြစ်သူက ဧရာဝတီကို ရှင်းပြပါတယ်။

ဆေးရုံတက်ပြီး ဒဏ်ရာကုသခဲ့စဉ်က
သင်ဇာဝင့်ကျော်ဟာ သူငယ်ချင်းဖြစ်သူနဲ့ ညစာ အပြင်ထွက်စားရင်း သံလွင်လမ်းနားမှာ မိုးရွာသွန်းမှုကြောင့် ကားလမ်းချော်ကာ ဓာတ်တိုင်ကို ၀င်တိုက်ခဲ့မိပြီး ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဒီလို ထိခိုက်မှုကြောင့် ဇာတ်ကားရိုက်ကူးမှုများကို တလရပ်နားထားမယ်လို့ သင်ဇာဝင့်ကျော်က သူရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် (ဓာတ်ပုံများ – သင်ဇာဝင့်ကျော် facebook)
ဒါနဲ့ ပတ်သက်လို့လည်း မိခင်ဖြစ်သူက “ဟုတ်ပါတယ် သမီးလက်သန်းက သုံးပတ်နေမှ ပြန်ဆက်သွားမှာပါ။ ဒါကြောင့် စိတ်ချရအောင် တလလောက်နားမှာပါ။ ဒီ အတောအတွင်းမှာ ထိခိုက်မှုတွေများခဲ့ရင် ပြန်ကျိုးနိုင်တယ်လို့ ဆရာဝန်က ပြောတယ်လေ။ အနည်းဆုံးသုံးပတ်တော့ နားရမယ်တဲ့လေ” လို့ ဆိုပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် (ဓာတ်ပုံများ – သင်ဇာဝင့်ကျော် facebook)
သင်ဇာဝင့်ကျော်ဟာ လတ်တလောမှာ ဗီဒီယိုဇာတ်ကားများ အလှဓာတ်ပုံများကို ရိုက်ကူးထားပြီး သူပါဝင်ထားတဲ့ “ခိုးဆိုးလုနှိုက်”ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာသေးခင်က ရုံတင်ပြသခဲ့ကာ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
The post ယာဉ်ထိခိုက်မှုဖြစ်ခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည်ကောင်းမွန်လာပြီဟုဆို appeared first on ဧရာဝတီ.