
သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် (ဓာတ်ပုံများ – ယုမွန်ကျော်/ဧရာဝတီ)
မင်းသားသရုပ်ဆောင် မပါဘဲ မင်းသမီးသရုပ်ဆောင် လေးဦးနဲ့ ရိုက်ကူးတင်ဆက်မယ့် “Reflection” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်က ရိုက်ကူးထုတ်လုပ် တော့မယ်လို့ သိရပါတယ်။
ဒီ ဇာတ်ကားကို သရုပ်ဆောင် အိန္ဒြာကျော်ဇင်က သူ့ရဲ့သမီးကြီးဖြစ်သူ ပြေသုဒြာအမည်ကိုယူလို့ “သုဒြာ” ရုပ်ရှင် ထုတ်လုပ်ရေးအဖြစ် တည်ထောင်ပြီး ပွဲဦးထွက်အနေနဲ့ ရိုက်ကူးထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။

Reflection ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ကြမည့် အနုပညာရှင်များ
ပထမဆုံး ပွဲဦးထွက် ထုတ်လုပ်မယ့် ဒီဇာတ်ကားနဲ့ ပတ်သက်လို့ အိန္ဒြာကျော်ဇင်က “ဒီဇာတ်ကားက မခိုင်ကြီး (ထွန်းအိန္ဒြာဗို)ကို ကလဲ့စားပြန်ချေကြတဲ့ အက်ရှင်ပုံစံလေးပါ။ ဒါကို ဖက်ရှင်နဲ့ပေါင်းပြီး ရိုက်ကူးထားတာပါ။ အမျိုးသားသရုပ်ဆောင်မပါပါဘူး။ မင်းသမီးတွေချည်းပဲ ဖြစ်တဲ့အတွက် ဖက်ရှင်ပိုင်းကို အဓိက အသားပေးထားတယ်။ ဒီ ဇာတ်ကားမှာ မင်းသမီးတယောက်ဆီကို Stylist တယောက်စီနဲ့ ဖက်ရှင်တွေ စီစဉ်ထားတယ်။ မင်းသမီးတွေကို လည်း သူ့နေရာနဲ့သူ လိုက်ဖက်မယ့်သူတွေကို ရွေးချယ်ထားတာပါ။ မင်းသားဈေးကွက်ခေတ်မှာ မင်းသမီးတွေနဲ့ ချည်းပဲ ရိုက်တာက ကိုယ့်ကိုကိုယ် သတ္တိရှိတယ်လို့ထင်တယ်။ ကိုယ်လုပ်ချင်တာ လုပ်ချလိုက်တာပါပဲ” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

Reflection ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ကြမည့် အနုပညာရှင်များ
ဒီ “Reflection” ရုပ်ရှင်ဇာတ်ကားမှာ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ၀တ်မှုံရွှေရည်နဲ့ ပက်ထရစ်ရှာတို့ အဓိက ပါဝင် သရုပ်ဆောင်ကြမှာဖြစ်ပြီး ရိုက်ကူးပုံဖော်ပေးမယ့်သူကတော့ ဒါရိုက်တာ လူမင်းပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းပုံစံအနေနဲ့ အမျိုးသမီးလေးယောက်ရဲ့ အလန်းစားဖက်ရှင်တွေနဲ့ လက်စားချေတုန့်ပြန်မှု၊ အားပြိုင်မှုတွေကို တွေ့မြင်ရမယ်လို့ သိရပါတယ်။ ဒါ့အပြင် “သုဒြာ”ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့အတွက် ရှုံးခြင်း၊ မြတ်ခြင်းထက် ကျန်ခဲ့တဲ့ အနုပညာအရှုံးအမြတ်ကိုသာ ကြည့်သွားမယ်လို့လည်း အိန္ဒြာကျော်ဇင်က ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်
သရုပ်ဆောင်အဖြစ်သာမက ထုတ်လုပ်သူအဖြစ်ပါ လုပ်ကိုင်လာတဲ့ အိန္ဒြာကျော်ဇင်က မိသားစုအတွက်ကိုလည်း အတတ်နိုင်ဆုံး အချိန်ပေးထားပြီး မိသားစုနဲ့ပတ်သက်လို့ “သမီးလေးက အခုကျောင်းတက်နေပြီ။ သားလေးက တနှစ်နဲ့ နှစ်လရှိပြီ။ မိသားစု Life Style ကတော့ သာမာန်မိသားစုလေးလိုပါပဲ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်း နေပါတယ်”လို့ ဧရာဝတီကို ဆိုပါတယ်။

ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးအခမ်းအနားကို တက်ရောက်လာကြတဲ့ အနုပညာရှင်များ
သရုပ်ဆောင် အိန္ဒြာကျော်ဇင် တည်ထောင်လိုက်တဲ့ “သုဒြာ” ရုပ်ရှင်ထုတ်လုပ်ရေးဟာ ရုပ်ရှင်ဇာတ်ကားများသာ ရိုက်ကူးထုတ်လုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
The post သရုပ်ဆောင်မင်းသား မပါတဲ့ ရုပ်ရှင်ဇာတ်ကား သရုပ်ဆောင် အိန္ဒြာကျော်ဇင် ရိုက်ကူးထုတ်လုပ်မည် appeared first on ဧရာဝတီ.