




ပရိသတ်ကြားမှာ စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်နေတဲ့ Myanmar Idol သီချင်းဆို ပြိုင်ပွဲရဲ့ Top5 အဆင့် ယှဉ်ပြိုင်မှုကို လာမယ့်သောကြာနေ့မှာ ဧပြီ ၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
ဒီအဆင့်မှာ တေးရေး အယ်ဖြူ သီချင်းများနဲ့ ပြိုင်ပွဲဝင်များက သီဆိုယှဉ်ပြိုင်ကြဖို့ လျာထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တေးရေး၊ တေးဆို ဆောင်းဦးလှိုင်ရဲ့ သီချင်းများနဲ့ ပြောင်းလဲ ယှဉ်ပြိုင်ရမယ်ဆိုပြီး Myanmar Idol ရဲ့ ဖေ့စ်ဘုတ် အကောင့်ကနေ တဆင့် ယမန်နေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဘာကြောင့် သီချင်းပြောင်း သီဆိုခိုင်းရသလဲဆိုတာနဲ့ ပတ်သက်ပြီး Myanmar Idol ရဲ့ တာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ “ဘယ်လိုကြောင့် ကိုအယ်ဖြူသီချင်းတွေကို မဆိုဖြစ်တော့တာလဲဆိုတော့ သီချင်းတွေကို တာဝန်ယူထားတဲ့ တေးရေးအဖွဲ့အစည်းတခု ရှိပါတယ်။ အဲဒီအဖွဲ့အစည်းကို ခွင့်တောင်းထားတယ်၊ သူတို့ဆီက ခွင့်ပြုချက်ရတော့မှ ကျနော်တို့က ကြေညာလိုက်တာပါ။ ဒါကလည်း ချက်ချင်းလုပ်ရတာ မဟုတ်ဘူးလေ၊ ကြိုတင်ပြီး လုပ်ရတာပါ။ ခွင့်ပြုချက်တွေ ယူပြီးမှ လုပ်ရတာပါ” လို့ ပြောပါတယ်။
သူက ဆက်လက်ပြီး “ကြေညာပြီးတော့မှ ကြေညာပြီးပြီးချင်းမှာ သူ့မိသားစုက ကန့်ကွက်တယ်။ ကိုအယ်ဖြူက ဆုံးသွားပြီးကတည်းက ပွဲမလုပ်ရသေးတော့ မိသားစုအတွက် နစ်နာတယ်ဆိုပြီး ကန့်ကွက်ပါတယ်။ တာဝန်ယူထားတဲ့ အဖွဲ့အစည်းကလည်း မိသားစုက ကန့်ကွက်တဲ့အတွက် မလုပ်ပါနဲ့တော့ ပြောတဲ့အတွက် ကျနော်တို့က ကိုဆောင်းဦးလှိုင်သီချင်းတွေနဲ့ ပြိုင်သွားမှာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။
အွန်လိုင်းမှာ အဆိုတော်အနေနဲ့ ကိုအယ်ဖြူသီချင်းများကို သီဆိုဖို့ အခက်အခဲ ရှိနေတဲ့အတွက် တေးရေး ပြောင်းလိုက်တယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေပြီး အဲဒီအပေါ်ကိုတော့ Myanmar Idol တာဝန်ရှိသူက “အဲဒါတော့ မဆိုင်ပါဘူး။ ပြိုင်ပွဲက အခုဆိုရင် ပြီးဖို့ နှစ်ပတ်ပဲ ကျန်တော့တယ်လေ။ ဆိုတော့ ဒီအဆင့်တွေထိ ရောက်လာပြီးမှ သူတို့ဆိုနိုင်မဆိုနိုင်နဲ့ မဆိုင်ပါဘူး။ ဒါက သူတို့ အရည်အချင်းကို စစ်တာပါပဲ။ အခု ကိုဆောင်းဦးလှိုင် သီချင်းတွေဆိုဖို့ အတွက်လည်း အဆင်ပြေသွားပါတယ်။ အခုလာမယ့် ၁ ရက်နေ့ကလည်း အစိုးရအပြောင်းအလဲဖြစ်တယ်၊ သူ့သီချင်းတွေနဲ့ကလည်း တော်တော်လည်း ကိုက်တယ်လေ” လို့ ပြောပြပါတယ်။
Myanmar Idol ပြိုင်ပွဲမှာ ပြီးခဲ့တဲ့အခေါက်က ရုပ်ရှင်သီချင်းများနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲက နုတ်ထွက်ခဲ့ရသူ မေကြည်ကို Wild Card နဲ့ ပရိသတ်မဲ အများဆုံးအဖြစ် ပြန်လည် ခေါ်ယူယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲဝင် ၅ ဦးကနေ ၆ ဦး တိုးသွားခဲ့ပါတယ်။
အဲဒီ ၆ ဦးရဲ့ ပြိုင်ပွဲမှာတော့ မဲအနည်းဆုံးဖြစ်တဲ့ ဇော်မင်းဦးက ထွက်ခွာခဲ့ရပြီး ဇော်မင်းဦး ထွက်ခွာခဲ့ရတဲ့အပေါ် ပရိသတ် ဝေဖန်ချက်များလည်း ထွက်ပေါ်နေခဲ့ပါတယ်။
The post Myanmar Idol ရဲ့ Top 5 အဆင့် ပြိုင်ပွဲအတွက် သီချင်းများ ပြောင်းလဲ appeared first on ဧရာဝတီ.