


တေးသံရှင် R ဇာနည်ရဲ့ တကိုယ်တော်တေးစီးရီးဖြစ်တဲ့ “ကမ္ဘာသား” လို့ အမည်ပေးထားတဲ့ တေးစီးရီးသစ် မကြာမီ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီ တေးစီးရီးက R ဇာနည်ရဲ့ စတုတ္ထမြောက် တကိုယ်တော်တေးစီးရီးဖြစ်ပြီး ကိုယ်ပိုင် သံစဉ်တွေချည်းပဲ ပထမဆုံးပါဝင်တဲ့ တေးစီးရီးလည်းဖြစ်ပါတယ်။
ဒီ တေးစီးရီးကို လေးနှစ်ကြာအောင် အချိန်ယူပြီးစီစဉ်ခဲ့တာဖြစ်ပြီး နာမည်ကြီး တေးရေးဆရာ ၁၂ ယောက် ပါဝင်ရေးသားပေးထားကာ သီချင်း ၁၃ ပုဒ် တိတိ ပါဝင်ပါတယ်။ ဒီ တေးစီးရီးနဲ့ ပတ်သက်ပြီး အဆိုတော် R ဇာနည်က “အခုထွက်ရှိလာမယ့် အခွေလေးနဲ့ပတ်သက်ပြီး အဓိကပြောပြချင်တာက ဒီအခွေကို ရောင်းချပြီးရလာမယ့် အမြတ်ရော အရင်းကိုရော အားလုံးပေါင်းပြီး ကျနော်နဲ့ကျနော် ပရိတ်သတ်တွေ ကုသိုလ်တခုခု အတူတူလုပ်ချင်တဲ့ ဆန္ဒရှိတဲ့အတွက် အစီိအစဉ်လေးတခုကို လုပ်ပါမယ်။ ရလာတဲ့ငွေတွေကို ကျနော်တို့ The Sun Music နဲ့ ပေါင်းပြီး လိုအပ်နေတဲ့နေရာတွေကို ကြော်ငြာပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။ R ဇာနည်ရဲ့ တေးသီချင်း သစ်များကို နားဆင်လိုတဲ့ပရိတ်သတ်များအတွက် “ကမ္ဘာသား” လို့ အမည်ပေးထားတဲ့ တေးစီးရီးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ စတင်ဖြန့်ချိပေးသွားမှာဖြစ်ပြီး ဖြန့်ချိပေးတဲ့ နေ့ ညနေ ၄ နာရီအချိန်ကနေ ၆ နာရီအချိန်အထိ လှည်းတန်း စင်တာမှာ လက်မှတ်ရေးထိုးပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
The post ကမ္ဘာသား R ဇာနည် မကြာမီလာမည် appeared first on ဧရာဝတီ.