ဗီဒီယိုဇာတ်ကားများ ခေတ်ကောင်းစဉ်အချိန်က ဇာတ်ကားတော်တော်များများမှာ အတူတွဲဖက် သရုပ်ဆောင်တာကို တွေ့ရလေ့ ရှိတဲ့ သရုပ်ဆောင် နိုင်းနိုင်းနဲ့ ကျော်ကျော်ပိုင်မှူးတို့ဟာ ခင်မင်လာတာ ၁၅ နှစ်တာ ရှိပြီဖြစ်ပြီး ကျော်ကျော်ပိုင်မှူးက နိုင်းနိုင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများအား ဧရာဝတီကို ပြောပြခဲ့ပါတယ်။
“ကိုနိုင်းက စကားနည်းတယ်။ သူကြည့်ရင် မာနကြီးတယ် ဘာညာထင်ကြတယ်။ ဒါပေမဲ့ သူကဖြူတယ်။ ခင်ပြီးသွားရင်တော့ သူ့စိတ်ကို သိကြတယ်။ ခင်ဖို့အရမ်းကောင်းပါတယ်။ သူ့ညီတယောက်လိုပဲ သွန်သင်ဆုံးမတယ်။ ကျနော့် အနုပညာအလုပ်လေးတွေကို သူနဲ့တိုင်ပင်တယ်။ သူကလည်းသူ့ရဲ့တခြားအလုပ်လေးတွေကို ကျနော့်ကိုတိုင်ပင်တယ်။ တယောက်နဲ့တယောက် ဖေးဖေးမမ နေခဲ့ကြတယ်” လု့ိ ကျော်ကျော်ပိုင်မှူးက ပြောပါတယ်။
ဗီဒီယိုဈေးကွက် ပျက်သွားပြီးတဲ့နောက်ပိုင်းမှာတော့ နိုင်းနိုင်းကတော့ ဇာတ်ကားများရိုက်ကူးမှုကို ရပ်နားခဲ့ပြီး ယခုနောက်ပိုင်း ရုပ်ရှင်တခေတ်ဖြစ်လာတဲ့ အချိန်မှသာ ပြန်လည် ရိုက်ကူးတာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
“ကိုနိုင်းနဲ့ကျနော်က ခင်လာခဲ့တာ ၁၅ နှစ် ကျော်သွားပြီ။ သူရုပ်ရှင်ပေါ်မှာ ဘယ်လောက်ထိ စိတ်နှစ်ထားလဲ။ ဘယ်လောက်ထိ ကောင်းစေချင်လဲ။ ကျနော် အသိဆုံးပဲ။ ကြားထဲမှာ ဗီဒီယိုခေတ် ပျက်နေတဲ့အချိန်မှာ သူ မရိုက်ဘူး။ ကွာလတီကို ထိန်းချုပ်ချင်တော့ ဇာတ်လမ်းတွေကို သေချာရွေးတယ်။ လုံးဝ အိုကေပြီဆိုမှ သူရိုက်တာပေါ့”
“သူများတွေ တောက်လျှောက်တွေ ရိုက်နေတဲ့ အချိန်မှာ တမင်သက်သက်ကို ထိန်းချုပ်ပြီးတော့ အငတ်ခံပြီးတော့ကို နေတယ်။ အခုလိုမျိုး ပြန်ခေတ်ကောင်းလာတဲ့အချိန်ကျတော့ သူ့ဘက်မှာလည်း ကြိုတင်ပြင်ဆင်ထားတာတွေ ရှိတော့ တချို့ ကာရိုက်တာတွေက သူနဲ့ အပ်စပ်နေတော့ နောက်ပိုင်း ပိုအလုပ်ဖြစ်လာတယ်။ အဲဒီအတွက် ဝမ်းသာပါတယ်” လို့ ကျော်ကျော်ပိုင်မှူးက ပြောပါတယ်။
နိုင်းနိုင်းကတော့ အနုပညာလောကမှာ အခုချိန်ထိ အောင်မြင်နေဆဲဖြစ်တဲ့အပြင် သားသမီး ၄ ယောက်နဲ့အတူ အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့အတွက် အားကျရတဲ့ အကြောင်းများနဲ့ အမှတ်တရများကိုလည်း ပြောပြခဲ့ပါတယ်။
“သူတို့မိသားစုလေးကိုလည်း အားကျပါတယ်။ သူရော စန္ဒီရောက အရမ်းတော်တယ်။ ကလေး ၄ ယောက် မွေးတယ်။ ဒီမှာ နေသွားသေးတယ်။ ၃ ၊ ၄ နှစ်လောက်။ အိမ်အကူတွေ ဘာတွေလည်း မခေါ်ဘူး။ သေချာ ထိန်းကျောင်းနိုင်တယ်။ ကိုယ့်မျက်စိရှေ့တင် ကလေးက များများလာတယ်။ ကျနော်နဲ့ စခင်တဲ့အချိန်ကလည်း ကိုနိုင်းနဲ့စန္ဒီ စတွေ့တဲ့အချိန်ပဲ။ မိတ်ဆက်ပေးလို့ ခင်သွားကြတာ မောင်နှမတွေလိုပဲ။ နောက်ဆုံးသူတို့ ဟန်းနီးမွန်းထွက်ကြတော့ ကျနော် ပါပါတယ်။ အဲဒါအပြင်ကို ဟန်းနီးမွန်းမှာ တခန်းထဲ အိပ်ကြတာ။ အမှတ်တရတွေပါပဲ” လို့ ကျော်ကျော်ပိုင်မှူးက ပြောပါတယ်။
နိုင်းနိုင်းနဲ့ဇနီးဖြစ်သူတို့စတင် အိမ်ထောင်ကျတဲ့အချိန်က ကြုံတွေ့ခဲ့ရတဲ့ ကောလာဟလများနဲ့ ပတ်သက်ပြီး ရင်ဆိုင်ကျော်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ကျော်ကျော်ပိုင်မှူးက အခုလိုပြောပါတယ်။
“စန္ဒီ့ကို အခြောက်တို့ဘာတို့ပြောကြတော့ ကျနော်က စန္ဒီ့ကိုမေးတယ်။ သတ္တိရှိလား သတ္တိရှိရင် ကလေးကို ဒီမှာ မွေးလို့။ ဒီမှာမွေးရင်သဘာဝအတိုင်း မွေးလို့ပြောခဲ့တယ်။ ပထမဆုံး ကလေးလေးကို ပန်းလှိုင်ဆေးရုံမှာ မွေးခဲ့တယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့များလာတော့ ရွဲ့တာလားဆိုပြီးဖြစ်လာပြန်ရော အပြောကတော့မလွတ်ခဲ့ပါဘူး” လို့ပြောပါတယ်။
ကျော်ကျော်ပိုင်မှူးကတော့ နိုင်းနိုင်းနဲ့တွဲဖက်ပြီး အခွင့်အရေးရရင်ရသလို အနုပညာလှုပ်ရှားမှုများကို ပြုလုပ်သွားဖို့ရှိပြီး အခုချိန်မှာတော့ ခရီးတွေအတူသွားကာ ဆိုင်ကယ်စီးဖြစ်ကြတယ်လို့ သိရပါတယ်။
The post နိုင်းနိုင်းအကြောင်း ပြောပြတဲ့ ကျော်ကျော်ပိုင်မှူး appeared first on ဧရာဝတီ.