မြန်မာနိုင်ငံမှ ဒီဇိုင်နာ သွင်စုထွေးက ဟောင်ကောင် ရုပ်ရှင် “Line Walker – 2” ရိုက်ကူးရေး အတွက် မြန်မာ Department မှာ Costume ဒီဇိုင်နာ အနေနဲ့ တာဝန်ယူထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ဒီဇာတ်ကားလေးအတွက် မြန်မာ Department မှာ Costume ဒီဇိုင်နာ အနေနဲ့ တာဝန်ယူထားပါတယ်။ ကျမကို ဆက်သွယ်လာတဲ့အချိန် တော်တော်လေး ကပ်တယ်။ ချုပ်ရတာတွေ တခုမှ မပါဘူး။ ရှာဖွေပြီး လုပ်လို့ မပြီးသေးဘူး။ ဟောင်ကောင်က လာတဲ့သူတွေကတော့ ဟောင်ကောင် ဒီဇိုင်နာ ပါတယ်။ မြန်မာလူမျိုးတွေ နိစ္စဓူဝ သွားလာ လှုပ်ရှားတဲ့ ပုံစံတွေကို လုပ်ပေးစေချင်တာ။ ဈေးသည်ဆိုလည်း ဈေးဗန်းနဲ့ သနပ်ခါးနဲ့ ညှပ်ဖိနပ်နဲ့ အဲ့လို လုပ်ပေးရတယ်။ ရဲဝတ်စုံတွေကတော့ ရဲမှူးကြီးတွေနဲ့ တိုင်ပင်ပြီးတော့ သေချာလေ့လာပြီး ဝတ်ပေးပါတယ်”လို့ ဒီဇိုင်နာ သွင်စုထွေးက ပြောပါတယ်။
“ရက်က ၁၅ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ မချုပ်ရဘူး။ စီစဉ်ပေးရတာ အထည် ၅၀၀ နီးပါး ရှိပါတယ်။ သူတို့နဲ့ အလုပ်လုပ်ရတာ တိကျတယ်။ နောက်သူတို့က Team Work လည်း အရမ်းကောင်းတယ်။ သူတို့ဆီက ဒီဇိုင်နာနဲ့ တိုင်ပင်တာပြီး လုပ်တာတွေ ရှိတယ်။ ကျမ မြန်မာဇာတ်ကားတွေအတွက် မင်းသားကြီး၊ မင်းသမီးကြီးတွေကို ကိုင်တာပေါ့။ နောက်ကားမှာပါတဲ့ အရံတွေကိုလည်း စီစဉ်ပေးရတာ ရှိတယ်” လို့ ဒီဇိုင်နာ သွင်စုထွေးက ဆိုပါတယ်။
ဆက်လက်ပြီးသူက “ဒီမှာက Main Actor တွေကို ကိုင်ရတာမဟုတ်ဘူး။ Supporter တွေကို ကိုင်ရတာဖြစ်တဲ့အတွက် တခြားသူတွေရဲ့ အမြင်မှာတော့ ဘယ်လို မြင်မလည်း မသိဘူးပေါ့နော်။ Main Actor တွေ မကိုင်ရတော့ ပြောမလားပေါ့။ ပထမတော့ ဒီဇာတ်ကားအတွက် လက်ခံမိတာ ကိုယ်ဘာသာကိုယ် မှားများမှားသလားပေါ့လို့ ထင်မိတယ်။ နောက်ပြန်တွေးတော့ ပိုကြိုက်တယ်။ ဒီကားက ကမ္ဘာကိုသိမယ့် ကားပေါ့”
“ကျမ လုပ်ဆောင်ချက်လေး တစိတ်တစ်ဒေသ မြန်မာ ဝတ်စားဆင်ယင်မှုလေးတွေ ပါရင်ကို ကျေနပ်ပါတယ်။ အခုလို ကျမ လုပ်ကိုင်ဖြစ်တာ ကျမအတွက်တော့ အမှတ်တရလည်း ဖြစ်တယ်လို့ ထင်ပါတယ်။ ပျော်လည်းပျော်တယ်။ ဂုဏ်လည်း ယူတယ်။ ကျမ ရှုတင်တွေ သိပ်မလိုက်ဘူး။ အခုတော့ လိုက်တယ်။ သူတို့ဆီက လေ့လာ သင်ယူစရာတွေ များတယ်”လို့ ဒီဇိုင်နာ သွင်စုထွေးက ပြောပါတယ်။
ဒီဇိုင်နာ သွင်စုထွေးဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဒီဇိုင်နာများထဲမှာ နာမည်ကြီးသူ တယောက် ဖြစ်ပြီး သင်တန်းသူ သင်တန်းများကိုလည်း နိုင်ငံခြားမှ ဒီဇိုင်းပညာရှင်များကို ခေါ်ယူကာ သင်တန်းများ ဖွင့်လှစ်ပြီး သင်ကြား ပေးနေသူတယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ လူမင်း ရိုက်ကူးနေတဲ့ ဗိုလ်ချုပ် ရုပ်ရှင်မှာလည်း ဝတ်စုံ ဖန်တီးတဲ့ ဒီဇိုင်နာ ၇ ယောက်မှာ တယောက် အပါအဝင် ဖြစ်ပါတယ်။
The post “Line Walker-2” ရုပ်ရှင်မှာ မြန်မာဝတ်စုံတွေ ဖန်တီးပေးရတဲ့ ဒီဇိုင်နာ သွင်စုထွေး appeared first on ဧရာဝတီ.