စကားကို ပွင့်လင်းစွာ ပြောတတ်ပြီး ပရဟိတ လုပ်ငန်းလည်း လုပ်ကိုင်လျက်ရှိတဲ့ အဆိုတော် ထူးအယ်လင်းကတော့ သားသမီး ၃ ယောက် ပိုင်ဆိုင်ထားပြီး သူ့ရဲ့ လက်ရှိ အိမ်ထောင်ရေးအပေါ် ကံကောင်းတယ်လို့ ဆိုပါတယ်။
“အခု ကျနော် ယူထားတဲ့ မိန်းမဆိုရင် ကျနော့်အပေါ် အင်မတန် နားလည်တယ်။ သူကောင်းလို့လည်း ကျနော်အလုပ်တွေ လုပ်နေနိုင်တာ။ ငွေပဲ အတင်းမက်နေတဲ့ မိန်းမလည်း မဟုတ်ဘူး။ ပူလည်း မပူဆာဘူး။ ကျနော် ပရဟိတအလုပ်တွေ လုပ်နေရင်လည်း ဘုရားသခင်ကြိုက်တဲ့ အလုပ်တွေပဲဆိုပြီး နားလည်ပေးတယ်။ သူက ခရစ်ယာန်၊ ကျနော်က ဗုဒ္ဓဘာသာ။ ဘုရားကျောင်းက အစ ကျနော် ဆောက်ပေးတယ်။ ကျမ်းစာတွေလည်း လှူတယ်။ ကျနော်က ဘာသာလူမျိုး မခွဲခြားဘူး။ ကျနော် မိန်းမရ ကံကောင်းပါတယ်” လို့ ထူးအယ်လင်းက ပြောပါတယ်။
ယခင်က ပြတ်တောက်ခဲ့တဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ထူးအယ်လင်းက အခုလိုပဲ ပြောပါတယ်။
“ဟိုအရင် ကိစ္စတွေကတော့ သူ့အကြောင်းတရား၊ အကျိုးတရားနဲ့ ဖြစ်သွားတာပါ။ ကျနော် အခုချိန်ထိ မကျေနပ်ပါဘူး။ ကျနော်ပြောရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းဖြစ်မှာစိုးလို့ ကျနော့်သမီး မျက်နှာကိုကြည့်ပြီး ဘာကိစ္စကိုမှ မဖြေခဲ့ပါဘူး။ ကျနော့်ရင်ဘတ်ထဲမှာ သေတဲ့ထိ မေ့မှာ မဟုတ်ပါဘူး”လို့ ထူးအယ်လင်းက ပြောပါတယ်။
အဆိုတော် ထူးအယ်လင်းကတော့ ယခင် အိမ်ထောင်နဲ့ ၁၀ နှစ်အရွယ် သမီးလေး ဖြူဖြူစင်စင်လင်းကို မွေးဖွားခဲ့ပြီး ယခုလက်ရှိ အိမ်ထောင်မှာတော့ သားလေး ၂ ယောက် မွေးဖွား ပိုင်ဆိုင်ထားပါတယ်။

“ကျနော့် သမီးအကြီးက ၁၀ နှစ် ဖြူဖြူစင်စင်လင်း၊ သားအလတ်က မြူးဇစ်လင်းလို့ ခေါ်တယ်။ အငယ်ကောင်ကတော့ မင်းဇင်လင်းလို့ ခေါ်တယ်။ သူကတော့ ထွားမယ့်ပုံပဲ။ သားသမီး ၃ ယောက်ရှိတယ်။ အနုပညာ ဝါသနာ ပါရင်လုပ်။ ဒါပေမယ့် ကျောင်းစာလည်း မလစ်ဟင်းအောင် ပြီးအောင်လုပ်။ ကျောင်းစာဆိုတာကလည်း သင်ညာလေ ပညာမှ မဟုတ်တာ”
“ဉာဏ်ပညာဆိုတာ စာသင်မှ ရှိတာ မဟုတ်ဘူး။ ဉာဏ်ကောင်းအောင် စာသင်ပေးရတာလည်း ရှိတယ်။ စာဖတ်မှ ရမှာ။ အတန်းပညာ တတ်ရုံနဲ့ မရဘူး ဆိုပေမယ့် ပညာတတ်စေချင်တယ် သားသမီးတွေကို။ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံက ပညာရေးကို ပြီးအောင်လုပ်။ ပြီးရင် သူတို့လုပ်ချင်တာကို ဆက်လုပ်ကြပေါ့။ ပံ့ပိုးပေးရုံပဲ ရှိတယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။
သမီးအကြီးဖြစ်တဲ့ ဖြူဖြူစင်စင်လင်းကတော့ အနုပညာကို ဝါသနာပါပြီး သာယာတဲ့ အသံလေးကိုလည်း ပိုင်ဆိုင်ထားတဲ့အတွက် သီချင်းများကို သီဆိုတဲ့အခါ မိခင်ဖြစ်သူနဲ့ တွဲဖက်သီဆိုပေမယ့် ထူးအယ်လင်းကတော့ သမီးဖြစ်သူနဲ့ ဘုရားသီချင်းများကလွဲပြီး တခြားသော သီချင်းများ မဆိုချင်ဘူးလို့ ပြောပါတယ်။
“သမီးကတော့ သူ့အမေ နိုင်ငံခြားကပြန်လာရင် တွဲပြီး ခေါ်ခေါ်ဆိုတယ်။ ကျနော်ကတော့ မဆိုဘူး။ မဆိုချင်လို့။ တွဲလက်များသီချင်းဆိုရင်လည်း သမီးနဲ့ တွဲပြီးတော့ ရည်းစားကြီးလို ဆိုရမှာ စိတ်ထဲမှာ အဓိပ္ပါယ်မှ မရှိတာ။ ဘုရားသီချင်းတွေ ဘာတွေဆိုတာက ကိစ္စမရှိဘူး။ ကိုယ့်သမီးကို ဘေးနားမှာ ထားပြီးတော့ ကိုယ့်သမီးက ကိုယ့်ရည်းစားလို ဖြစ်နေတာ အဓိပ္ပါယ်မှ မရှိတာ။ ဘာသာရေး သီချင်းတွေ ဘာတွေ ဆိုဆိုပေးတယ်” လို့ ထူးအယ်လင်းက ပြောပါတယ်။
ထူးအယ်လင်းကတော့ မကြာခင်မှာလည်း ဆိုင်ကယ်ချစ်သူများအဖွဲ့နဲ့အတူ ပရဟိတဖျော်ဖြေပွဲတခုကို ကွမ်းခြံကုန်းမြို့နယ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ရန်ကုန်မြို့မှာ ဆိုင်ကယ်ပေးစီးသင့်တယ်လို့ အဆိုတော်ထူးအယ်လင်း ပြော
“လက်ရှိ ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို စိတ်ချမ်းသာတယ်”
The post “ကျနော် မိန်းမရ ကံကောင်းပါတယ်”လို့ အဆိုတော် ထူးအယ်လင်း ပြော appeared first on ဧရာဝတီ.