တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ BTS ဟာ ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ ပထမဆုံးအနေနဲ့ ပွဲဦးထွက်လာခဲ့ပြီး နောက်အနာဂတ်မှာလည်း ဒီလိုမျိုး ဂီတဆုပေးပွဲကို ပြန်လာနိုင်ဖို့မျှော်လင့်ထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ RM က “တောင်ကိုရီးယားမှာ ကြီးပြင်းခဲ့ပြီး ကျနော်တို့ဟာ အမြဲတမ်း ဂရမ်မီစင်မြင့်ထက်မှာ ရပ်နိုင်ဖို့ အိပ်မက်မက်ခဲ့ ကြတာပါ။ ဒီအိပ်မက်တွေ အမှန်တကယ်ဖြစ်လာလို့ ကျနော်တို့ရဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ Staples Center မှာ ပြုလုပ်ခဲ့တဲ့ (၆၁) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲ မှာ သူတို့အဖွဲ့ဟာ Best R&B Album ဆုကို တက်ရောက်ချီးမြှင့်ပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ Billboard နဲ့ American Music Awards တို့လိုမျိုး အဓိကဂီတဆုပေးပွဲကြီးတွေကို တက်ရောက်ခဲ့ပြီးတဲ့နောက် အခုပွဲမှာလည်း ဆုကြေညာသူအဖြစ်တဲ့ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အဖွဲ့ခေါင်းဆောင် RM က “ကျနော်တို့ ပြန်လာခဲ့ပါ့မယ်” ပြောဆိုခဲ့ပါတယ်။ သူတို့အဖွဲ့စင်ပေါ်ကို တက်လာချိန်မှာတော့ သူတို့ရဲ့ နာမည်ကျော် သီချင်း “Fake Love” ကို ဖွင့်ပေးထားပါတယ်။
Best R&B Album ဆုကိုတော့ BTS အဖွဲ့က ဂရမ်မီဆုပေးပွဲမှာ သူတို့အတွေ့ချင်ဆုံး အနုပညာရှင်တဦးလို့ ပြောဆိုထားတဲ့ H.E.R. ကရရှိသွားပါတယ်။ ဆုပေးပွဲမတိုင်မီ Red Carpet ပေါ်မှာတော့ BTS ကတော့ အခုလိုမျိုး ပွဲကို ပထမဆုံးကိုရီးယားအနုပညာရှင်အနေနဲ့ တက်ရောက်ခွင့်ရတာ အရမ်းကို စိတ်လှုပ်ရှားရတယ် လို့ ဆိုပါတယ်။
မကြာမီထွက်ရှိလာနိုင်တဲ့ အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ်နဲ့ ပတ်သက်လို့လည်း အဖွဲ့ခေါင်းဆောင် RM က မကြာခင် အယ်လ်ဘမ်အသစ်ထွက်လာပါလိမ့်လို့ ပြောဆိုခဲ့ပါတယ်။
RM က “ကျနော်တို့ဟာ နောက်ထပ်အယ်လ်ဘမ်အတွက် အလုပ်လုပ်နေပါပြီ။ ကျနော်တို့ဟာ အမေရိကန်ကို လေယာဉ်မစီးခင် ညလုံးပေါက် နေခဲ့ကြရပါတယ်။ မကြာခင်ဖြစ်လာမှာပါ။ စုံတွဲတေးနဲ့ ပူးတွဲဖန်တီးတဲ့ သီချင်းတွေလည်း ပါဝင်လာနိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အနောက်တိုင်းဂီတလောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲဖြစ်တဲ့ (၆၁) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ တနှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို Kacey Musgraves ကရရှိခဲ့ပြီး အကောင်းဆုံး Rap အယ်လ်ဘမ်ဆုကို ရရှိတဲ့ ပထမဆုံးအမျိုးသမီးအဖြစ် Cardi B ကမှတ်တမ်းဝင်ခဲ့ပါတယ်။
Ref:Yonhap
The post ဂရမ်မီဆုပေးပွဲကို ပထမဆုံးတက်ရောက်ခွင့်ရတဲ့ ကိုရီးယားအနုပညာရှင် BTS အဖွဲ့ appeared first on ဧရာဝတီ.