ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အမှတ်တရအဖြစ် ရိုက်ကူးထားတဲ့ “အချစ်ဖြင့် လွမ်းစေ” ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အလှမယ် အိန်ဂျယ်လမုန်ကတော့ ဒေါင်းနဲ့ အတူ တွဲဖက် သရုပ်ဆောင်ရတဲ့ အတွေ့အကြုံများကို အခုလို ပြောပြခဲ့ပါတယ်။
“ဇာတ်လမ်းတွဲအနေနဲ့ကတော့ ဒါက ပထမဆုံးအကြိမ် ဖြစ်မှာပါ။ ကိုဒေါင်းနဲ့ကတော့ ဒုတိယတခါ ဆုံတာပေါ့နော်။ အရှေ့မှာလည်း တခြားအလုပ်တွေနဲ့ ဇာတ်ကားရိုက်မှာလည်း ဆုံဖူးတယ်ဆိုတော့ သူနဲ့က သက်သက်ကြီး ရင်းနှီးအောင် လုပ်စရာ မလိုဘူး”
“မသု (ပိုင်ဖြိုးသု) နဲ့ကျတော့ ပထမဆုံးဖူးတာ အကယ်ဒမီ မင်းသမီးလည်းဖြစ်တော့ ရှိန်လည်း ရှိန်တာပေါ့။ ကြောက်လည်းကြောက်တယ်။ မသုက ရှုတင်မှာ ရင်းရင်းနှီးနှီးနေပါတယ်။ မသုနဲ့က ဆုံတဲ့အခန်းတော့ နည်းပါတယ်။ ကိုဒေါင်းနဲ့ကတော့ ပိုဆုံဖြစ်ပါတယ်”လို့ အိန်ဂျယ်လမုန်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲထဲမှာတော့ အဓိက သရုပ်ဆောင်များအဖြစ် ဒေါင်း၊ ပိုင်ဖြိုးသုတို့နဲ့အတူ အိန်ဂျယ်လမုန်က ပါဝင် သရုပ်ဆောင်ထားပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတပုဒ်အဖြစ် ပုံဖော်ထားတယ်လို့ သိရပါတယ်။
“အဲဒီကားထဲမှာပါတဲ့ ကာရိုက်တာကိုတော့ စာချုပ်အရပြောလို့ မရလို့ပေမယ့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး ဖြစ်မှာပါ။ ဒီကားကို ကမ်းလှမ်းထားကတည်းက အိန်ဂျယ်လည်း အရမ်းကြိုက်တယ်။ ဇာတ်လမ်းကိုလည်း အရမ်းကြိုက်တော့ အမှတ်တရအနေနဲ့ ရိုက်ဖြစ်တာပေါ့”
“ကာရိုက်တာကလည်း အိန်ဂျယ်အရမ်းကြိုက်တဲ့ ကာရိုက်တာဖြစ်နေတယ်။ အိန်ဂျယ့်အမေ ကိုယ်တိုင်ကလည်း ဒီကားထဲမှာ သရုပ်ဆောင်ဖို့ပြောတာကြောင့် ပါဝင်ဖြစ်တာပါ”လို့ အိန်ဂျယ်လမုန်က ပြောပါတယ်။
“အချစ်ဖြင့် လွမ်းစေ” ဇာတ်လမ်းတွဲကိုတော့ ရန်ကုန်တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် စာရေးဆရာမ နုနုရည်အင်းဝရဲ့ ဝတ္ထုကို ဒါရိုက်တာ နေသန်မောင်က ရုပ်သံ ဇာတ်လမ်းတွဲအဖြစ် ပုံဖော် ရိုက်ကူးထားတာဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။
အိန်ဂျယ်လမုန်ကတော့ အလှမယ် တယောက်အနေနဲ့ ရပ်တည်လာခဲ့ပြီး ကြော်ငြာ ရိုက်ကူးမှုများနဲ့အတူ Photo Model တယောက်အနေနဲ့သာ ဖြတ်သန်းလာခဲ့တဲ့ နောက်မှာတော့ သရုပ်ဆောင် အလုပ်ကိုတော့ ကမ်းလှမ်းတာတွေ ရှိခဲ့ရင် လုပ်ဖြစ်မှာပါလို့ ဆိုပါတယ်။
“သရုပ်ဆောင်ဘက်ကို ကူးဖို့ရှိလားဆိုတော့ သူ့ဟာနဲ့သူတော့ သွားနေတယ်ပေါ့နော်။ အိန်ဂျယ် အရမ်းရိုက်ချင်ပေမယ့်လည်း ခေါ်ရိုက်မယ့်သူ မရှိရင် ဒီလိုပဲ စောင့်နေရမှာပေါ့။ ကမ်းလှမ်းလာတာတွေ ရှိရင်တော့ ရိုက်ဖြစ်ဖို့ရှိပါတယ်။ အိန်ဂျယ်လုပ်ချင်တဲ့ ကာရိုက်တာ၊ အိန်ဂျယ့် ပရိသတ်တွေကြိုက်မယ့် ဇာတ်လမ်းမျိုးဆို ရိုက်ဖြစ်မှာပါ” လို့ အိန်ဂျယ်လမုန်က ပြောပါတယ်။
လတ်တလောမှာတော့ အိန်ဂျယ်လမုန်က ကြော်ငြာများ ရိုက်ကူးဖို့ရှိနေပြီး မကြာခင်မှာလည်း ဥရောပဘက်ကို ခရီးထွက်ဖို့ရှိတယ်လို့ သိရပါတယ်။
The post ဒေါင်းနဲ့ ဇာတ်လမ်းတွဲ ရိုက်ခဲ့တဲ့ အတွေ့အကြုံကိုပြောပြတဲ့ အလှမယ် အိန်ဂျယ်လမုန် appeared first on ဧရာဝတီ.